လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို ၁၉၉၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး လူနာကုသဆောင် ၅ ဆောင်ရှိသော ၂၅ ခုတင် ဆံ့ မြို့နယ်ပြည်သူ့ ဆေးရုံြ ဖစ်ပါကြောင်း၊ ဆေးရုံတွင် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းများရှိပြီး ယင်းအခန်းများတွင် လိုအပ်သည့်ပစ္စည်းများ ပြည့်စုံသည့်အပြင် ဆရာဝန်/ သူနာပြုနဲ့ ဝန်ထမ်းအင်အားလည်း လုံလောက်မှု ရှိပါကြောင်း၊ လှိုင်သာယာ မြို့နယ်တွင် လူဦးရေ ၄၀၀၀၀၀ ကျော်ခန့်နေထိုင်လျက်ရှိပြီး လူဦးရေထူထပ် သိပ်သည်းသည့် မြို့နယ်ဖြစ်သည့်အပြင် လှိုင်သာယာမြို့နယ်နှင့် ထိစပ်လျက်ရှိ သည့် ထန်းတပင် မြို့နယ်နှင့် တွံတေးမြို့နယ်များရှိ ကျေးရွာများမှလည်း လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ကုသကြသဖြင့် တစ်ခါတရံတွင် တက်ရောက် ကုသသည့် လူနာနှင့် ခုတင်မလုံမလောက် ဖြစ်သည့် အခြေနေမျိုးနှင့် ကြုံတွေ့ရပါကြောင်း၊ ယင်းအချိန်မျိုးမှ ကင်းဝေး စေရန်နှင့် အနီးရှိမြို့နယ်များ မှ ရောဂါဝေဒနာရှင်ပြည်သူများ၊ တက်ရောက်ကုသနိုင်ရေးအတွက် လိုအပ်သည့် လူနာကုသ ဆောင်၊ ဆရာဝန်/သူနာပြု/ဝန်ထမ်းအင်အား/ ဆေးဝါးနှင့် လိုအပ်သည့်ပစ္စည်းကိရိယာများ ထပ်မံဖြည့်ဆည်းပြီး ခုတင် ၅၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံအဖြစ်သို့ အဆင့်တို့မြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံသစ် ဖွင့်လှစ်ခြင်း၊ ဆေးရုံခုတင် အဆင့်မြှင့် တင်ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ်ခြင်းတို့ကို စီမံကိန်းနှစ် အလိုက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံသည် ဝန်ထမ်းအင်အား လုံလောက်မှုရှိသော်လည်း လူဦးရေထူထပ် သိပ်သည်းသည့် မြို့နယ်ဖြစ်ပါသဖြင့် ခုတင် ၅၀ ဆံ့ မြို့နယ် ပြည်သူ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားသွားပါသည်။
