မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကာလတွင် နိုင်ငံတော်ရဲ့အကျိုးအတွက် သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ကို ဆောင်ရွက်မှုအလိုက် နိုင်ငံ့ ဂုဏ်ရည် ဘွဲ့တံဆိပ်နှင့် လစဉ် ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြောင်းလဲနေ သည့် ငွေကြေး တန်ဖိုး အရ နှိုင်းဆကြည့်ပါက အမြင်မတော် ဆင်တော်နှင့်ခလောက်သလို ဖြစ်နေပြီး ဥပမာအားဖြင့် မိမိတို့မြို့နယ်အတွင်းရှိ အသက်အားဖြင့် ၉၀နှစ်ခန့်ရှိ နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်ရ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ လစဉ်ချီးမြင့်ငွေမှာ ၃၇၅ ကျပ်သာ ထုတ်ယူခံစားနေရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအရ တိုင်းတာကြည့်ပါက လူဦးရေခန့်မှန်းချက်မှာ ၁၀၀ ဦး ခန့်သာ ရှိမည်ဖြစ်ပြီး အားလုံးမှာလည်း ဘဝနေဝင်ချိန်ကို လျှောက်လှမ်း နေရသော အရွယ်ဖြစ်နေကြသည့်အတွက် နိုင်ငံတော် အစိုးရမှ ဂရုဏာရှေ့ ထားပြီး နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန် ကြေညာပြီး ပေးအပ်ချီးမြှင့်ထားသည့် ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်နှင့် လစဉ် ချီးမြှင့်ငွေအား ခေတ်နှင့် လျော်ညီစွာ တိုးမြှင့်ချီးမြောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် သိရှိပါက မည်သည့် အချိန်တွင် အမြန်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄၈/၂၀၀၉)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် ပဏာမစိစစ်ရေးအဖွဲ့အား ထောက်ခံ တင်ပြလာသော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်သင့်၊ ချီးမြှင့်ထိုက်တဲ့ လုပ်ငန်းရပ်များကို စိစစ်ပြီး ဒုတိယသမ္မတက နာယကအဖြစ်ဆောင်ရွက်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရေး စိစစ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံ့ဂုဏ် ရည်အဖွဲ့ ချီးမြှင့်အပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ ယခင်နိုင်ငံတော်ကောင်စီ၏ ၁၉၈၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၈၀) ဖြင့် တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေ နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ ပထမအဆင့်အတွက် ငွေ ၃၀၀၀၀ ကျပ်တိတိ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့်အတွက် ၁၅၀၀၀ ကျပ်တိတိကို လည်းကောင်း လစဉ်ချီးမြှင့်ငွေမှာ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမအဆင့်အတွက် ၆၀၀ ကျပ်တိတိ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် အတွက် ၃၀၀ ကျပ်တိတိဟုလည်းကောင်း ချီးမြှင့် ခံစားခွင့် ပြဋ္ဌာန်းထားရှိရာ ယင်းပြဋ္ဌာန်းချက် အရ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမအဆင့် ၄၃၆ ဦး၊ နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် ၄၅၄ ဦးကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံဂုဏ်ရည်ဘွဲ့ရရှိသော ပုဂ္ဂိုလ်ကြီးများကို လစဉ်ချီးမြှင့်ငွေကို ခေတ်နှင့်လျော်ညီစွာ တိုးမြှင့်ချီးမြောက်လိုလျင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရေး စိစစ်ရေးအဖွဲ့မှ နိုင်ငံတော်သမ္မတထံ တင်ပြပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်းနှင့် ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်နှင့် လစဉ်ချီးမြှင့်ငွေများအား လတ်တလော တိုးမြှင့်ချီးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။
