(ဃ)-ထားဝယ်မြို့နယ်ရှိ(၂၄)မဂ္ဂါဝပ်ထွက်ရှိမည့်အ ညာဖျားရေအားလျှပ်စစ်စီမံကိန်းအားအဘယ်ကြောင့် ရပ်တန့်နေရပါသနည်းနှင့်ဆက်လက်လုပ်ကိုင်မည့် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၆)ရက်မြောက်နေ့ (၂၄.၈.၂၀၁၅)
တနင်္သာရီတိုင်းဒေသကြီး၏ အဓိက လိုအပ်ချက်မှာ လျှပ်စစ်ဖြစ်ပြီး ပြီးခဲ့သည့် အစိုးရသက်တမ်း တစ်လျှောက်တွင် ဒီဇယ်အင်ဂျင်များနှင့် ပေးသော လျှပ်စစ်ကို တစ်ယူနစ် ၅၀၀ ကျပ် ဝန်းကျင်နှင့် သုံးစွဲခဲ့ရပြီး ယခုအချိန်တွင် ကော့သောင်း ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများ စတင် တည်ဆောက်နေသကဲ့သို့ ထားဝယ်ခရိုင်မှာလည်း သဘာဝဓာတ်ငွေ့မှ ရရှိသည့် လျှပ်စစ်ကို တစ်ယူနစ် ၃၀၀ ကျပ်နှင့် သုံးစွဲနေရပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း လျှပ်စစ်ကို ချိုသာသည့် ဈေးနှုန်းနှင့် ပြည်ပမှ နည်းတူ သုံးစွဲခွင့် ရရှိမည်ဆိုလျှင် ဒေသထွက် ရေအားလျှပ်စစ်မှ သော်လည်းကောင်း၊ မဟာဓာတ်အားလိုင်းမှ သော်လည်းကောင်း ရရှိမှဖြစ်မည် ဖြစ်ပါကြောင်း၊

ထားဝယ်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်တွင်ရှိသည့် ပကာရီ ကျေးရွာအုပ်စု အညာဖျား ကျေးရွာရှိ ပေါက်တိုင်းချောင်းကို တာပိတ်ပြီး ရေအားလျှပ်စစ် ထုတ်ယူပါက ထားဝယ်ဒေသဖြစ်သော ထားဝယ်၊ သည်ချောင်း၊ လောင်းလုံး၊ ရေဖြူ  (၄)မြို့နယ် သုံးစွဲနိုင်မည့် လျှပ်စစ်ဓာတ်အားရရှိမည်ဖြစ်သဖြင့် ယခင် မဆလအစိုးရ လက်ထက်ကတည်းက စီမံကိန်း ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း မဆလ အစိုးရလက်ထက်တွင် ပြီးမြောက် အောင်မြင်ခြင်းမရှိခဲ့ဘဲ ယနေ့ အစိုးရ လက်ထက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးမှ ၎င်းစီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ၂၄ မဂ္ဂါဝပ် ထွက်ရှိမည်ဟု သိရပါကြောင်း၊ သို့သော် လုပ်ငန်းများ ထက်ဝက်ကျော် ပြီးစီးပြီးသည့် အချိန်တွင် လုပ်ငန်းအကောင်အထည်ဖော်မှုကို ရပ်ဆိုင်းခဲ့ပြီး  ယခုဆိုလျှင် လေးနှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နံပါတ်(၁) အညာဖျား ရေအားလျှပ်စစ် စီမံကိန်းကို မည်သည့်အတွက် ရပ်ဆိုင်းနေရသည်ကိုလည်းကောင်း၊ နံပါတ်(၂) ၎င်းစီမံကိန်းအား ပုဂ္ဂလိက လုပ်ငန်းရှင်အနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် သော်လည်းကောင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
အဖြေ
ထားဝယ်မြို့ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ အညာဖျားချောင်းပေါ်ရှိ အညာဖျား ရေအားလျှပ်စစ် စီမံကိန်းအား ပြည်တွင်း DELCO Co.,Ltd စီမံကိန်း အကောင်အထည် ဖော်ခွင့်ပြုပါရန် တင်ပြလာခဲ့မှုအပေါ် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝန်ကြီးဌာနနှင့် MOU ရေးထိုးခဲ့ပါကြောင်း၊ ကုမ္ပဏီ၏ တင်ပြချက်အရ ၎င်း၏ ကုမ္ပဏီကို အမည်ပြောင်းလိုသည့် အတွက်ကြောင့်သာလျှင် သဘာဝစွမ်းအင်လှိုင်း အမည်နှင့် ကုမ္ပဏီ အသစ်ကို ၂၇-၁-၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြောင်းလဲပြီး ပဋိညာဉ် စာချုပ်ကိုပါ တစ်ပါတည်း လက်မှတ်ရေးထိုး ပေးခဲ့ပါကြောင်း၊ ထို့နောက် စီမံကိန်းဆိုင်ရာ ပြည်ပအတိုင်ပင်ခံ ငှားရမ်းခြင်းနှင့် တမံအမျိုးအစား ရွေးချယ်ခြင်း အပါအဝင် အင်ဂျင်နီယာ လုပ်ငန်းများ အားလုံး၏ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကိုလည်း ကုမ္ပဏီက တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊

သို့ရာတွင် ဓာတ်အားပေး စက်ရုံများ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့် အတွင်းတွင် တည်ရှိသော လုပ်ငန်းပမာဏ ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက် သွားနိုင်ပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှစ၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း စီမံကိန်း အကောင်အထည်ဖော်ရာ ဒေသကျေးရွာ အချို့ ပြောင်းရွှေ့ရမည်ဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း၊ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသခံ တောင်သူများ၏ ဥယျာဉ်ခြံမြေများ ရေနစ်မြှုပ်မည် ဖြစ်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူများ ဘေးဒုက္ခမှ လွတ်မြောက်၍ သောကကင်းဝေးစွာ နေထိုင်ရှင်သန်နိုင်ရေး အတွက် ကာကွယ်ပေးရန်ဟုဆိုကာ ကိန်းဂဏန်း အချက်အလက်များဖြင့် ဦးစောကျင်အောင်နှင့် ဒေသခံ ပြည်သူ ၁၃၉၈ ဦးမှ လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတထံ အသနားခံ တင်ပြလာခဲ့ပါကြောင်း၊ အဆိုပါကိစ္စ အပေါ်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့ စိစစ်ခဲ့ပြီး ဒေသခံကျေးရွာ ပြည်သူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်နှင့် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ ပြေလည်မှု မရရှိသေးဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူများနှင့် ကုမ္ပဏီတို့ ကျေနပ်လက်ခံနိုင်သည့် အပေါ် မူတည်ပြီး စီမံကိန်းကို ဆက်လက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။