(ဆ)-မြောင်မြို့နယ်၊သစ်တောရုံး(စိမ်းစို)အဆောက် အအုံအားခွင့်ပြုနေရာသို့ရွှေ့ပြောင်းဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၇.၉.၂၀၁၄)

ဦးအုန်းငွေ (မြောင်)မြို့နယ်၏လိုအပ်ချက်အရ နိုင်ငံတော်မှ ဖွင့်လှစ်ပေးထားသည့် မြို့နယ်အဆင့်ရုံးများမှာ သတ်သတ်မှတ်မှတ် ရုံးမရှိခြင်း၊ မြေနေရာမရှိခြင်းအပေါ် ရုံး (၄) ရုံးနှင့်ပတ်သက်ပြီး မေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မြောင်မြို့ဟာ မြို့နယ်လေးတစ်မြို့ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၀၈ နှစ်လောက်မှစပြီး မြို့အဖြစ်သတ်မှတ် ခံရတာထားရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့မြို့တွင်ရှိသော မြို့နယ်အဆင့်ရုံးပေါင်း ၃၀ ကျော်သည် ကိုယ်ပိုင်မြေနေရာ ရုံး အဆောက်အဦမရှိသည်မှာ (၅) ရုံး လောက်ဖြစ်ပါကြောင်း၊ သစ်တောရေးရာ ဝန်ကြီးဌာနမှ စိမ်းလန်းစိုပြည်ရေး မြို့နယ်ဦးစီးရုံး မြေနေရာအတွက် မြို့နယ်မှလျာထား သတ်မှတ်ပေးပြီးဖြစ်၍ ရုံးဆောက်လုပ်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသည့် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း
အဖြေ

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း မိုးနည်းဒေသ၏ လူမှုစီးပွားရေးဘဝနှင့် ပတ်ဝန်းကျင်အခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ၁၈-၉-၁၉၉၇ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီး (၃)ခု၊ ခရိုင် (၁၃) ခရိုင်၊ မြို့နယ်အားဖြင့် (၅၄) မြို့နယ် ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊ အဓိကလုပ်ငန်းတာဝန်ကြီး (၄)ရပ်ဖြစ်သည့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝသစ်တောကျန် များထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲခြင်း၊ ရေရရှိရေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ဌာနပိုင်ရုံးနှင့် ရုံးမြေနေရာများ အဆင်သင့်မရှိသဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ငှားရမ်း၍ ရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ မြောင်ရပ်ကွက်၊ ဆေးရုံကြီးတောင်ဘက်၊ အာယုလမ်း၊ ဒေါ်မာမာဝင်း၏ နေအိမ်တွင် ငှားရမ်းပြီး မြောင်မြို့နယ် ဦးစီးဌာနမှူးရုံးကို ယနေ့အထိ ဖွင့်လှစ်ထားရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်၊ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ၁၆-၅-၂၀၁၃ ရက်နေ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၃)အရ မြောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ကွင်းဦးပိုင်(၆၃)၊ ဧရိယာအားဖြင့် ၁.၃ ဧကရှိသော ကုန်သွယ်လယ်ယာပိုင် မြေနေရာတွင် သိုလှောင်ဂိုဒေါင်များ လေလံတင်ရောင်းချ ပယ်ဖျက်ပြီးစီးပါက လစ်လပ်သွားမည့် ဂိုဒေါင်မြေနေရာများကို ‌မြောင်မြို့နယ်အတွင်းရှိ ဌာနပိုင်ရုံးမရှိသေးသည့် မြို့နယ်ကော်မရှင်ရုံး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ စာရင်းရုံး၊ ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာရုံးများအတွက် မြေနေရာ များခွဲဝေပေးရန် ခရိုင်စီမံခန့်ခွဲမှု ကော်မတီကို တင်ပြထားရှိသည်ကို တွေ့ရှိရပါကြောင်း၊

အဆိုပါလျာထားဌာန (၆)ခုနှင့် အသင်းအဖွဲ့တစ်ခုအနက် မြန်မာ့စီးပွားရေးဘဏ်မှ ရုံးမြေနေရာကို ရရှိသွားပြီ ဖြစ်ကြောင်းသိရှိရပါသည်။ မိမိတို့ဝန်ကြီးဌာနအနေနှင့်လည်း  ကွင်းအမှတ် ၂၆၈ ရှိ ကုန်သွယ်လယ်ယာ ဂိုဒေါင်ဟောင်း မြေနေရာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ လျာထားသည့် အလျား ၁၅၆ ပေ x အနံ ၅၃ ပေ ရှိသော မြေနေရာကို  အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနပိုင် မြေအဖြစ်လွှဲပြောင်း ပေးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ၊ ၁၇ ရက် ရက်စွဲပါ စာအမှတ်၊ ၂/၂၃၀(ခ)(၅) ဖြင့်ညှိနှိုင်းခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးနိုင်ပါကြောင်း၊ လွှဲပြောင်းပေးရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ထိုမြေနေရာကိုရရှိပါက မြို့နယ်ရုံးဆောက်လုပ်နိုင်ရန်အတွက် ဆက်လက် ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။