ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ တာဝန်ပေးချက်နှင့်အညီ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်လမ်းကြောင်းများမှ ကုန်သွယ်မှုများတွင် တရားမဝင်ကုန်သွယ်မှုများ၊ ဆေးဝါးများ တင်သွင်းနေမှုကို စိတ်ချစိစစ်ဖော်ထုတ် အရေးယူလျက်ရှိနေသည်ဟု သိရှိရပါကြောင်း။
Mobile Team များ၏ လုပ်ငန်းဆောင်ရွက်မှုများကြောင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တရားမဝင် ကုန်သွယ်မှု အတိုင်းအတာတစ်ခုအထိ လျော့နည်းကျဆင်းလာမှုရှိခြင်း၊ အခွန်ဘဏ္ဍာငွေများ ပိုမိုတိုးတက်ရရှိခြင်းများ တွေ့ရသည့်အပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ ဖမ်းဆီးရမိသည့်အမှု ၆၁၈၁ မှု စုစုပေါင်း ၃၅ ဘီလီယံကျပ်ခန့် ဖမ်းဆီးရမိခဲ့ခြင်း၊ ဖမ်းဆီးရမိသည့် တရားမဝင်ကုန်ပစ္စည်းများ အများပြည်သူ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းအမှု ၅၀ မှု တန်ဖိုး ၁၄ ဘီလီယံကျပ်ခန့် ဖမ်းဆီးဖျက်ဆီးရကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ US Dollar ၂၈.၁ ဘီလီယံအထိ ရယူနိုင်ပါကြောင်း၊ Mobile Team များအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သော်လည်း Mobile Team တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို တရားမဝင် ကုန်သွယ်မှုပြုလုပ်သူများက နည်းမျိုးစုံဖြင့် မမှန်မကန်စွပ်စွဲပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေး၊ လူမှုရေးတိုက်ခိုက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း၊ လေဆိပ်အသီးသီး၏ တာဝန်ထမ်းဆောင်သူများ၏ အသက်အန္တရာယ်ကိုပါ ထိခိုက်အောင် ဆောင်ရွက်မှုများ ဖြစ်ပေါ်နေပါကြောင်း။
သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရမှ Mobile Team အဖွဲ့များမှာ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးအဖွဲ့အစည်းများ ထပ်မံတိုးချဲ့ဖွဲ့စည်းခြင်း၊ အများပြည်သူစားသုံးရန်မသင့်သော အစားအစာများ၊ တရားမဝင်ကုန်ပစ္စည်းများ စားသုံးခြင်းဖြင့် စားသုံးသူများ ကျန်းမာရေးထိခိုက်နိုင်သည့်အတွက် နိုင်ငံတော်မှ ဦးဆောင် ဆောင်ရွက်ကြမည့် အနာဂတ်မျိုးဆက်သစ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝ ရရှိစေရန် အဆိုပါ အစားအသောက်များ၊ ဆေးဝါးများ သုံးစွဲခြင်းမပြုနိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုပြုလုပ်ခြင်း၊ ကျန်းမာရေးထိခိုက်မည့် အစားအသောက်များ၊ ဆေးဝါးများတင်သွင်းမှု တားဆီးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန်အတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်တစ်ဝှမ်းရှိ ဈေးများတွင် အဆိုပါ ပစ္စည်းများ ဖြန့်ဖြူးမှုမရှိစေရန် အတွက် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စစ်ဆေးနိုင်ရန် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ တိတိကျကျစစ်ဆေးပြီး ထိရောက်စွာ ဟန့်တားကာကွယ်နိုင်ရန် ရုပ်မြင်သံကြား၊ စာနယ်ဇင်း၊ စာသင်ကျောင်းများတွင် ယနေ့ လူငယ်များ ပညာပေးဟောပြောမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။
Mobile Team အဖွဲ့များနှင့် တရားမဝင်ကုန်သွယ်မှု ထိရောက်ဟန့်တား တားဆီးထိန်းချုပ်ရန် အတွက် ဆောင်ရွက်ရာတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ ဘေးကင်းမှုနှင့် လုံခြုံရေး ပြည့်ပြည့်ဝဝ ရရှိရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများ ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်ပြီး တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၁၂) အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၃၃ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကုန်သွယ်မှုလမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းပတ်ဝန်းကျင်များ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ကမ်းရိုးတန်းသွားဆိပ်ကမ်းများနှင့် လေဆိပ်များတွင် Mobile Team များ ဖွဲ့စည်းတာဝန်ချထားပြီး စီမံချက်များရေးဆွဲကာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Mobile Team အဖွဲ့၏ တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး၊ လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက်လည်း Standard Operation Procedure များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ Mobile Team လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် ကပင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့များအပြင် UMSCCI နှင့် မီဒီယာများ ပါဝင်ဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါကြောင်း။
Mobile Team အဖွဲ့များ၏ လုံခြုံရေးအပြည့်အဝရရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖွဲ့ဝင်အရာရှိ ၂၇ ဦး၊ အခြားအဆင့် ၉၈ ဦး စုစုပေါင်း ၁၂၅ ဦးကို နေရာဒေသအခြေအနေအလိုက် ဖြန့်ခွဲတာဝန်ပေးအပ်ထားပြီးဖြစ်ရာ Mobile Team အဖွဲ့များ တာဝန်ထမ်းဆောင် လျက်ရှိသည့် နေရာဒေသအခြေအနေများအတွက် လုံလောက်မျှတမှု ရှိနေပါကြောင်း၊ ထို့အပြင် မိုင်းယုနှင့် မိုင်းယောင်းအကြား မြဝတီချောင်း ကူးတံတားအနီးတွင် Mobile Team အဖွဲ့ထားရှိရေးနှင့်ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ တပ်မတော်အင်အားများပါ ပူးပါင်းဆောင်ရွက်မှသာ လုံခြုံရေးအရ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တင်ပြမှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ တရားမဝင်ကုန်သွယ်မှုများ တားဆီးရန် တာဝန်ချထားမည့် ဝန်ထမ်းများ၏ လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။
ဖမ်းဆီးရမိသော တရားမဝင်တင်သွင်းလာသည့် စားသုံးရန်မသင့်သော အစားအစာများ၊ ဆေးဝါးများ သုံးစွဲခြင်း မပြုရန်နှင့် ကျန်းမာရေးအပြည့်အဝရရှိရေး အသိပညာပေးခြင်းလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀/၂၀၁၄) ဖြင့် ထုတ်ပြန်ခဲ့ပြီး စားသုံးသူရေးရာနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကိုလည်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိကိုယ်တိုင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသအသီးသီးကို သွားရောက်ပြီး ဆောင် ရွက်လျက်ရှိပါကြောင်း၊ အခြေခံကျသော စာသင်ကျောင်းများတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဟောပြောပွဲများ ကျင်းပပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဈေးရောင်းချသူများကို ပညာပေးဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ကျောင်းသူကျောင်းသားများနှင့် လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လိုက်နာနိုင်စေရန်အတွက်လည်း စားသုံးကုန်၊ လူသုံးကုန်များ ကွင်းဆင်းစစ်ဆေးပေးခြင်း၊ ပညာပေးဟောပြောမှုများ၊ လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေခြင်းများ အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
Mobile Team အဖွဲ့များသည် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးအတွက် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်တင်သွင်းဝင်ရောက်လာသည့် စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများ (စိုက်ပျိုးရေးသုံးပိုးသတ်ဆေးပစ္စည်းများ အပါအဝင်)ကို ထိရောက်သည့် ဟန့်တားမှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထောက်ခံချက်မပါရှိသည့် အစားအသောက်များ၊ အိမ်သုံးဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်ဖျက်ဆီးခြင်းနှင့် လမ်းကြိတ်စက်ဖြင့် နင်းကြိတ် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ အကောက်ခွန် အမှုတွဲ ၅၀၁ မှု ခန့်မှန်းတန်ဖိုး ၁၃၇၅.၆၇၇ သန်းရှိခဲ့ပြီး ဖျက်ဆီးဆောင်ရွက်ခဲ့မှုဖြစ်စဉ်များအား လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် Mobile Team အဖွဲ့များမှ သတင်းမီဒီယာအဖွဲ့အစည်းကိုပါ အဖွဲ့ဝင်အဖြစ်ထည့်သွင်းထားရှိခဲ့ရာ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ရုပ်မြင်သံကြားများမှာ ဓာတ်ပုံမှန်တမ်းနှင့်အတူ အချိန်နှင့်တစ်ပြေး ညီ ထည့်သွင်းဖော်ပြ အသိပညာဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်သူများ လက်ဝယ်ကို ဖြန့်ဖြူးရောင်းချရန် တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများအား အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ သိရှိရန်အတွက်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ရုံးများဖွင့်လှစ်ပြီး ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဈေးကွက်နမူနာကောက်ယူစစ်ဆေးခြင်းကို ၂၀၁၂ ခုနှစ်တွင် ၃၂၁ ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၂၅၄ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ၄၄၆၉ ကြိမ်၊ ၂၀၁၅ ခုနှစ် ဧပြီလအထိ ၁၄၂၁ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ဝန်ထမ်းများ တိုးချဲ့ခန့်အပ်ပြီးနောက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ဈေးကွက်နမူနာကောက်ယူစစ်ဆေးခြင်းကို ပိုမိုအရှိန်မြင့် ဆောင်ရွက်လျက် ရှိသည့်အပြင် အသိပညာပေးခြင်းများကို ရုပ်မြင်သံကြား မီဒီယာများတွင် ဖော်ပြထုတ်လွှင့်လျက်ရှိပါကြောင်း၊ လာမည့်ကျောင်းဖွင့်ရာသီတွင်လည်း ယခင်စာသင်နှစ်အတွင်း ဆောင်ရွက်ခဲ့သော စာသင်ကျောင်းမုန့်ဈေးတန်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းများတွင် ပညာပေးအစီအစဉ်များကို တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျောင်းများ၌ ကျောင်းကျန်းမာရေးသတင်းပတ် လုပ်ငန်းများတွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည့်အတွက် ကျောင်းများရှိ မုန့်ဈေးတန်းများတွင် တားမြစ်ထားသော အစားအစာများကို မရောင်းချရန် လိုက်လံစစ်ဆေးခြင်းဖြင့် ကာယနှင့်ပတ်သက်သော ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ကျန်းမာရေးနှင့် သက်ဆိုင်သော ပညာပေးအစီအစဉ်များ၊ ဆရာဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ ကျန်းမာရေးဦးစီးဌာနမှ အခါအားလျော်စွာ ပေးပို့လာသော သတင်းများ၊ ကြေညာချက်များ၊ TV Sport များ၊ Public Service Announcement များကို မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ်၊ Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိပြီး ဆက်လက်၍လည်း ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ တရားမဝင်တင်သွင်းလာသည့် စားသုံးရန်မသင့်သော အစားအစာများ၊ ဆေးဝါးများ သုံးစွဲခြင်းမပြုရန်နှင့် စပ်လျဉ်းပြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ဆက်သွယ်မေးမြန်းချက်များကို ဆွေးနွေးခန်းအစီအစဉ်မှ မကြာခဏ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း ထုတ်လွှင့်ပေးရန် အစီအမံများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ အများပြည်သူသုံးစွဲခြင်းမပြုရန် အသိပေးကြေညာချက်များကို မြန်မာ့အလင်း၊ ကြေမုံ သတင်းစာများတွင် ဖော်ပြပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်၍ ပြည်ပဆေး ၂၃ မျိုး၊ စားသောက်ကုန် ၃၁ မျိုး၊ သောက်ရေသန့် လေးမျိုးတို့ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလ ၂၀ ရက်နေ့အထိ ပြည်ပဆေး ၄၂ မျိုး၊ ပြည်တွင်းဆေး ၈ မျိုး၊ စားသောက်ကုန် ၃၇ မျိုး၊ သောက်ရေသန့် ၇၃ မျိုးတို့ကို အများပြည်သူစားသုံးရန်မသင့်ကြောင်း ဖော်ပြခဲ့ပြီး ပညာပေးဆောင်းပါးများကို ရေးသားဖော်ပြပေးခဲ့ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသန်းမြင့် (ဆားလင်းကြီး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တရားမဝင်ကုန်ပစ္စည်းများကို လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ရှင်းလင်းပြပေးသည့် ပြည်ထောင်စုဝန်ကြီးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် တစ်ပြည်လုံး အနှံ့အပြား တရားမဝင်တင်သွင်းနေသော ပစ္စည်းနှင့်အတူ ပြည်သူလူထု စားသုံးရန်မသင့်သော အစားအစာများ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် တွေ့ရှိနေရဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားမဝင် တင်သွင်းလာသော ကုန်ပစ္စည်းများကို လက်ရှိဆောင်ရွက်မှုထက် ပိုမိုပြီး ဥပဒေနှင့်အညီ တိတိကျကျ တားဆီးပိတ်ပင်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်မှုကို အဆိုပါအဖွဲ့မှ သုံးသပ်ပြီး နိုင်ငံတော်အကျိုး၊ နိုင်ငံသားများအကျိုးနဲ့ နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရန်အတွက် အစီအမံအသစ်များ၊ နည်းလမ်းအသစ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများလည်း ချထားပြီးဖြစ်ပါကြာင်း၊ ၎င်းကိစ္စများနှင့် ပတ်သက်ပြီး သီးခြားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
