ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် ကညနရုံးရှိသော်လည်း သွားရောက်ရန် ခရီးအလွန်ကွာဝေးခြင်း၊ မှတ်ပုံတင်ရန် သတ်မှတ်ချိန်သည် ပွင့်လင်းရာသီ မဟုတ်ပါက အန္တရာယ်များခြင်း၊ သတ်မှတ်ရက်ပေးထားသဖြင့် အချိန်မီသွားရောက်ရန် အခက်အခဲရှိခြင်း၊ သတင်းကို မြို့ပေါ်တွင်သာ အချိန်မီသိရှိရ၍ ဝေးလံခေါင်သီသော မြို့နယ်အစွန်အဖျားရှိ ကျေးရွာများအတွက် အချိန်မီ ဟားခါးမြို့သို့ ရောက်ရှိရန် အခက်အခဲရှိခြင်း၊ လိုင်စင်ထုတ်ပေးရန် သတ်မှတ်သည့်ရက် နည်းလွန်းသဖြင့် ခရီးဝေးမှ လာရောက်သူများ လိုင်စင်ပြုလုပ်နိုင်ခြင်းမရှိဘဲ အလဟသ ပြန်သွားရခြင်း၊ နိုင်ငံတော်မှ ဖောက်လုပ်ပေးသည့် လမ်းများ တိုးတက်လာသည်နှင့်အမျှ ကျေးရွာတိုင်းတွင် ဆိုင်ကယ်များလာခြင်း၊ ယာဉ်လိုင်စင်မရနိုင်သော်လည်း ဆိုင်ကယ်မသုံး၍ မဖြစ်သဖြင့် မြို့ပေါ်ရောက်ရှိသောအခါ ရဲများမှ ဖမ်းဆီးပြီး ငွေဒဏ်ချ၍ မရှိဆင်းရဲသားများအတွက် မြို့ပေါ်လာတိုင်း ဒဏ်ကြေးပေးဆောင်နေရခြင်း၊ ယာဉ်လိုင်စင် ထုတ်ပေးခြင်းသည် နိုင်ငံ့ဝန်ထမ်းများမှ ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းအပြင် နိုင်ငံ့အတွက် ဘဏ္ဍာငွေရှာပေးခြင်းလည်း ဖြစ်ပါ၍ ချင်းပြည်နယ်ရှိ ခရိုင်မြို့များတွင် က.ည.န ရုံး ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အထူးကိစ္စအဖြစ် စဉ်းစားပေးရန် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်တွင် ဟားခါးခရိုင်၊ ဖလမ်းခရိုင်၊ မင်းတပ်ခရိုင် ဟူ၍ ခရိုင် ၃ ခု ရှိပါကြောင်း၊ က.ည.နအနေဖြင့် ပြည်နယ်ရုံးကို ဟားခါးမြို့တွင်ဖွင့်ထားပြီး အရာထမ်း ၁ ဦး၊ အမှုထမ်း ၉ ဦး စုစုပေါင်းဝန်ထမ်း ၁၀ ဦးဖြင့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၃၀-၄-၂၀၁၅ ရက်နေ့ စာရင်းများအရ ဟားခါး၊ ထန်တလန်မြို့နယ်များပါဝင်သော ဟားခါးခရိုင် တစ်ခုလုံးတွင် မော်တော်ယာဉ် ၃၁၈ စီး၊ မော်တော်ဆိုင်ကယ် ၆၈၈၃ စီး၊ သုံးဘီးတပ် ၆ စီးနှင့် ထော်လာဂျီ ၁၃ စီး စုစုပေါင်းယာဉ် ၇၂၂၀ စီးနှင့် ယာဉ်မောင်းလိုင်စင် ၂၃၇၂၈ စောင် ရှိပါကြောင်း၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်များတွင်လည်း ဖလမ်းခရိုင်တစ်ခုလုံး၌ မော်တော်ယာဉ် ၉၀ စီး၊ မော်တော်ဆိုင်ကယ် ၃၈၂ စီး၊ သုံးဘီးတပ် ၁ စီး စုစုပေါင်းယာဉ် ၃၈၉၃ စီးနှင့် ယာဉ်မောင်းလိုင်စင် ၁၂၇၈ စောင်ရှိပါကြောင်း၊ မင်းတပ်၊ ပေါ်တူဂီ၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်များပါဝင်သော မင်းတပ်ခရိုင်တစ်ခုလုံးတွင် မော်တော်ယာဉ် ၂၉ စီး၊ မော်တော်ဆိုင်ကယ် ၃၉၂၉ စီး၊ ယာဉ်စုစုပေါင်း ၃၉၅၈ စီးနှင့် ယာဉ်မောင်းလိုင်စင် ၅၆၂ စောင်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ၂၁-၂-၂၀၁၅ မှ ၂၃-၂-၂၀၁၅ အထိ က.ည.နခရိုင်ရုံး (ပခုက္ကူ) မှ ကန်ပက်လက်မြို့နယ်ကို နယ်လှည့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မော်တော်ယာဉ် ၂ စီးနှင့် ယာဉ်မောင်းလိုင်စင် ၂၃ စောင် လာရောက်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း။
ထို့အတူ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း ၂၂-၄-၂၀၁၅ မှ ၂၆-၄-၂၀၁၅ အထိ ပြည်နယ်ရုံး (ဟားခါး) မှ ဖလမ်းနှင့် တီးတိန်မြို့နယ်များကို နယ်လှည့်ဆောင်ရွက်ပေးခဲ့ရာတွင် မော်တော်ဆိုင်ကယ် ၅ စီး လာရောက်ဆောင်ရွက်ခဲ့ပြီး ခရိုင်ရုံး (ပခုက္ကူ) မှ ၂၄-၄-၂၀၁၅ မှ ၂၉-၄-၂၀၁၅ အထိ မင်းတပ်မြို့နယ်နှင့် ပေါ်တူဂီမြို့နယ်တို့ကို နယ်လှည့်ဆောင်ရွက်ပေးရာတွင် မော်တော်ယာဉ် ၃ စီး၊ မော်တော် ဆိုင်ကယ် ၁၉၄ စီး၊ ယာဉ်မောင်းလိုင်စင် ၃၈၈ စောင် လုပ်ငန်းလာရောက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ကျန်သည့်ရက်များတွင် နယ်လှည့်ဆောင်ရွက်ပေးခြင်းအနေဖြင့် ခရိုင်ရုံး (ပခုက္ကူ) မှ စက်တင်ဘာလတွင် မင်းတပ်မြို့နယ်နှင့် ပေါ်တူဂီမြို့နယ်တို့လည်းကောင်း၊ နိုဝင်ဘာလတွင် ပြည်နယ်ရုံး (ဟားခါး) မှ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်ကိုလည်းကောင်း၊ ခရိုင်ရုံး (ပခုက္ကူ) က ကန်ပက်လက်မြို့နယ်ကို လည်းကောင်း နယ်လှည့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထန်တလန်၊ တွန်းဇံ၊ ပလက်ဝမြို့နယ်များကိုလည်း ညှိနှိုင်းပြီး သွားရောက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။
ပထမအကြိမ်မှ (၁၁)ကြိမ်အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များက ညောင်ဦးခရိုင်၊ ကန့်ဂေါခရိုင်၊ မိုးညှင်းခရိုင်၊ မောင်တောခရိုင်၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ မင်းတပ်ခရိုင်၊ ဖလမ်းခရိုင်၊ ပူတာအိုခရိုင်၊ သံတွဲခရိုင်နှင့် တီးတိန်မြို့နယ်တို့တွင် က.ည.နရုံးများ ဖွင့်လှစ်ပေးရန် တင်ပြမှုများ ရှိခဲ့ပါကြောင်း၊ ၎င်းတို့အနက်မှ ခရိုင်ရုံး(မိုးညှင်း) ကို ၂၁-၂-၂၀၁၃ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ခရိုင်ရုံး(ဖျာပုံ) ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရုံးဆောက်လုပ်ပြီးဖြစ်ပါကြောင်း၊ ခရိုင်ရုံး(ညောင်ဦး)ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း။
ထို့အတူ နယ်စပ်မြို့ဖြစ်သည့် ခရိုင်ရုံး(တမူး)အား နယ်စပ်ဖြတ်ကျော်ယာဉ်နှင့် ဆက်စပ်ပြီး ယာဉ်မှတ်ပုံတင်လုပ်ငန်းနှင့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ၊ ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ ဆောင်ရွက်ရန် ၄-၈-၂၀၁၄ ရက်နေ့တွင် ရုံးဖွင့်လှစ်ပေးပြီး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရုံးတစ်ရုံး ဖွင့်လှစ်မည်ဆိုပါက ဒေသအတွင်း မှတ်ပုံတင်ထားသော ယာဉ်အရေအတွက် ယာဉ်မောင်းလိုင်စင် အရေအတွက်၊ ရုံးဖွင့်လှစ်မည့်နေရာကို အခြားဒေသက လာရောက်ဆောင်ရွက်နိုင်မှုရှိ/မရှိ၊ ရုံးဖွင့်လှစ်မည့် နေရာမှ အခြားဒေသများသို့ နယ်လှည့်သွားရောက်နိုင်မှုရှိ/မရှိ၊ နယ်မြေဒေသ၏ လုံခြုံရေးအရ ရုံးဖွင့်ရန် သင့်လျော်မှု ရှိ/မရှိ၊ နယ်မြေဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်/မဖြစ်နှင့် ယင်းဒေသတွင် တာဝန်ထမ်းနိုင်ရန်အတွက် ဒေသခံဝန်ထမ်းများ ခန့်အပ်နိုင်မှုရှိ/မရှိ စသည့် အခြေခံအချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးဖွင့်ရမည်ဆိုပါက လုပ်ငန်းသဘောသဘာဝအရ ယာဉ်မောင်းစစ်ဆေးကွင်းပါ ထည့်သွင်းဆောင်ရွက်သည့်အတွက် အလျား ၄၀၀ ပေ၊ အနံ ၄၀၀ ပေခန့်ရှိသော မြေ ၄ ဧကခန့် လိုပါကြောင်း၊ မြေနေရာရရှိပြီးပါက ကုန်ကျစရိတ်များကို တင်ပြတောင်းခံမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ခရိုင်ရုံး တစ်ရုံးဖွင့်လှစ်မည်ဆိုပါက သာမန်အားဖြင့် ဝန်ထမ်းကိုလည်း ၁၁ ဦးခန့် ခန့်ထားရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြုပ်နှံမှုများ အနေဖြင့် ရုံတစ်ရုံးဖွင့်ရာတွင် ရုံးအဆောက်အဦဆောက်လုပ်ရန် ကျပ် ၁၇၀ သန်း၊ ရုံးသုံးပရိဘောဂပစ္စည်းများ၊ ယာဉ်မောင်းစစ်ဆေးခြင်းအတွက် လိုအပ်သည့်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်သက်သေခံလက်မှတ်ထုတ်ပေးရန် ကွန်ပျူတာနှင့် စက်ပစ္စည်းကိရိယာများအတွက် ၂၉.၃၆ သန်း ကုန်ကျမည်ဖြစ်ရာ စုစုပေါင်း ၁၉၉.၃၆ သန်း ရင်းနှီးမြုပ်နှံရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရုံးဖွင့်လှစ်ဆောင်ရွက်မည်ဆိုပါက နှစ်စဉ်ဝန်ထမ်းများအတွက် လစာစရိတ်ချီးမြှင့်ငွေ ၂၁.၃၆ သန်း၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ၂.၂၃ သန်း စုစုပေါင်း ၂၃.၅၆ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် က.ည.နရုံး အဆောက်အဦဆောက်လုပ်ရန် အမျိုးသားစီမံကိန်း လျာထားချက်တွင် ပဏာမအနေဖြင့် ခရိုင်ရုံး(ကသာ)၊ ခရိုင်ရုံး(ညောင်ဦး)၊ ခရိုင်ရုံး(သံတွဲ) များ ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း ခရိုင်ရုံး (ညောင်ဦး) အတွက်သာ ကျပ်သန်း ၁၇၀ ဘတ်ဂျတ် ခွင့်ပြုငွေရရှိခဲ့ပါကြောင်း၊ ရုံးဆောက်လုပ်ခြင်းနှင့် ဖွင့်လှစ်ခြင်းမရှိသေးသော ခရိုင်ရုံးအနေဖြင့် မော်တော်ယာဉ်စီးရေများမှုအလိုက် အမှတ်စဉ် (၁) ကသာခရိုင်၊ (၂) သံတွဲခရိုင်၊ (၃) မြောင်းမြခရိုင်၊ (၄) ဂန့်ဂေါခရိုင်၊ (၅) ကွမ်းလုံခရိုင်၊ (၆) လပွတ္တာခရိုင်၊ (၇) လင်းခေးခရိုင်၊ (၈) ဟိုပန်ခရိုင်၊ (၉) မောင်တောခရိုင်၊ (၁၀) မိုင်းဆတ်ခရိုင်၊ (၁၁) ကျောက်ဖြူခရိုင်၊ (၁၂) လောက်ကိုင်ခရိုင်၊ (၁၃) မိုင်းဖြတ်ခရိုင်၊ (၁၄) ဖလမ်းခရိုင်၊ (၁၅) မော်လိုက်ခရိုင်၊ (၁၆) ပူတာအိုခရိုင်၊ (၁၇) ဘော်လခဲခရိုင်၊ (၁၈) မင်းတပ်ခရိုင်၊ (၁၉) ခန္တီးခရိုင်၊ (၂၀) ဖာပွန်ခရိုင် စုစုပေါင်းခရိုင် ၂၀ ကျန်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ခရိုင်ရုံးများတွင် မော်တော်ဆိုင်ကယ်များကို ကနဦး မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယာဉ်စစ်ဆေးပြီး တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးရာတွင် မော်တော်ဆိုင်ကယ်ကို တည်ဆောက်မှု ရိုးရှင်းပြီး Road Safety ထိခိုက်မှု မရှိသည့်အတွက်ကြောင့် ယာဉ်စစ်ဆေးခံရန် မလိုသည့်အတွက် သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ရုံးဖွင့်ရန် တန်းစီဇယားကို ရေးဆွဲသည့်နေရာတွင် မော်တော်ယာဉ်စီးရေများမှုအလိုက် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ခရိုင်ရုံး ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ဒေသများတွင် တိုင်းဒေသကြီး/ပြည်နယ်ခရိုင်ရုံးများမှ သက်ဆိုင်ရာနယ် မြေဒေသ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ လုပ်ငန်းများကို သတင်းစာများတွင် ကြိုတင်ထည့်သွင်းကြော်ငြာပြီး နယ်လှည့်သွားရောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖလမ်းခရိုင်နှင့် မင်းတပ်ခရိုင်တွင် မော်တော်ယာဉ်စီးရေ အနည်းအများပေါ် မူတည်၍ ရုံးဖွင့်လှစ်ပေးရန် အစီအစဉ်အရ အမှတ်စဉ် (၁၄)နှင့် အမှတ်စဉ်(၁၈)တို့တွင် ရှိနေသည့်အတွက် အလှည့်ကျရောက်သည့် အချိန်တွင် ရုံးဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရုံးဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် ကာလအတွင်း ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ နယ်လှည့်အကြိမ်ရေကို တိုး၍လည်းကောင်း၊ လုပ်ဆောင်ပေးသည့် ရက်ကို တိုး၍လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
