(စ)-တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူအ များစုမှနိုင်ငံတော်သမ္မတကြီးထံလက်မှတ်ရေးထိုး ကန့်ကွက်နေကြသည့် ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံစီမံကိန်းများကိုဖျက်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၉)ရက်မြောက်နေ့ (၂၀.၅.၂၀၁၅)

ဒေါ်တင်တင်ရီ (ကျွန်းစု)တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် လက်ရှိဆောက်လုပ်ပြီး ၈ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် (MOU)ထိုးထားပြီးနှင့် ဆောက်လုပ်ဆဲ နှင့် ဆောက်လုပ်ပြီး စက်ရုံများရှိနေပြီဖြစ် ပါကြောင်း။  ကော့သောင်းမြို့၏ ၈ မဂ္ဂါဝပ်စက်ရုံ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူ ပြည်သူတို့မှာ စက်ရုံ၏ဘေးထွက် ဆိုးကျိုးများကို စတင်ခံစားနေရပြီ ဖြစ်ကြောင်း၊ စက်ရုံမှ ဆောက်လုပ်ဆဲ မြိတ်မြို့တစ်ဖက်ကမ်း ဓာတ်အားပေးစက်ရုံမှ တစ်ဖက်နိုင်ငံမှ သွင်းယူလာသည့် စက်ပစ္စည်း အဟောင်းများ နှစ်ကြိမ်တိုင်တိုင် တပ်ဆင်ရာတွင် မအောင်မြင်ဘဲရှိနေသည့်အပြင် အ.မ.က ကျောင်း နှင့်လည်း ခြံစည်းရိုးတစ်ခုသာ ကွာခြားသည့်အတွက်  ပြည်သူ့ ၁၃၆၆ ဦးနှင့် မွှေရှောင် ကျေးရွာစီမံကိန်းကို ပြည်သူ ၃၇၄၀ဦးကျော်တို့မှ နိုင်ငံတော်သမ္မတထံ အသနားခံ တင်ပြထားသည်‌့ စီမံကိန်းဖြစ်ပြီး ကျေးရွာပေါင်း ၂၅ ရွာ အိမ်ထောင်စု ၁၂၀၀၊ မြေဧရိယာ ၁၀၀၀၀ ဧကအတွင်းတွင် ဘေးထွက်ဆိုးကျိုးများကို သက်ရောက်စေမည်ဖြစ်ပါကြောင်း၊

အဆိုပါ စီမံကိန်းများသည် စွမ်းအင်မူဝါဒ ၉/၈ ဖြင့် ကိုက်ညီမှုမရှိသည်‌့အပြင် ၂၀၃၀ ခုနှစ်ထိ လျှပ်စစ် စွမ်းအားကို ၁၁၀ မဂ္ဂါဝပ်ကျော်သာ သုံးစွဲရန် လိုအပ်သည့် တနင်္သာရီတိုင်းဒေသကြီး၏ လိုအပ်ချက်မဟုတ်ဘဲ ပြည်ပသို့ တင်ပို့ရောင်းချရန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသာဖြစ်ပါကြောင်း၊ ထို့ကြောင့် များပြားလှသည့် စက်ရုံစီမံကိန်း၏ ဘေးထွက်ဆိုးကျိုး များကို ဒေသခံများကသာ တွေ့ကြုံခံစားရမည်ကို စိုးရိမ် ပူပန်နေကြရပါကြောင်း၊

၎င်းစက်ရုံစီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ ကုမ္ပဏီများဖြစ်သော ဗင်းတေ့ရှ်နှင့် ကျော်ကျော်ဖြိုးကုမ္ပဏီနှင့် Thai မှ Development Ratchbun Electricity Generating Holding of Blue Energy and Enviroment ကုမ္ပဏီမှ ပူးပေါင်းဆောင်ရွက်ကြပြီး တစ်ယူနစ် ၂၇၀ိ/နှုန်းဖြင့် ဒေသခံတို့အား မျှဝေသုံးစွဲစေမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊  ၁၆-၂-၂၀၁၅ ပြည်သူ့ လွှတ်တော်တွင် လျှပ်စစ်စွမ်းအား ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ၂၀၁၅-၂၀၁၆တွင် မဟာ ဓာတ်အားလိုင်းများချိတ်ဆက် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြားချက် များအရ ပုဂ္ဂလိကနှင့် နိုင်ငံခြားတို့၏အကျိုးစီးပွားအတွက် ရည်ရွယ်သည့် ကျောက်မီး သွေး ဓာတ်အားသုံးစက်ရုံ တည်ဆောက်ရေးစီမံကိန်းများကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးဟာ အခြေခံ အချက်ဖြစ် ပါကြောင်းနှင့် ဒေသအလိုက်ဓာတ်အားပြည့်ဝစွာရရှိရေးအတွက် လုပ်ဆောင်မှသာလျှင် ဒေသများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လက်ရှိဓာတ်အား စနစ်အရ ဓာတ်အားပေးစက်ရုံပေါင်း ၄၃ ရုံ၊ တပ်ဆင်အင်အား ၄၉၈၀ မဂ္ဂါဝပ်ရှိပြီး အချိုးအစား အားဖြင့် ရေအား လျှပ်စစ် ၆၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၉ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး ၂ ရာခိုင်နှုန်းရှိပါကြောင်း၊ ရေအားအရင်းအမြစ်ကို သုံးစွဲခြင်းအားဖြင့် နွေရာသီတွင် ဓာတ်အား မလုံလောက်မှုနှင့်အတူ ဓာတ်အားမတည် ငြိမ်မှုများကို နှစ်စဉ်ကြုံတွေ့ခံစားခဲ့ရသည့်အပြင် ယခုအချိန်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိလျက်ရှိပါကြောင်း၊

ယခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ် သုံးစွဲမှုသည် ၂၄၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး မကြာမီ ၂၅၀၀ မဂ္ဂါဝပ်ထိ တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းထားသည့်အတွက် ဓာတ်အားလိုအပ်ချက်သည်နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ထိ တိုးတက်နေပြီး ကျေးလက်ဒေသများ တိုးချဲ့ ဓာတ်အား ပေးနိုင်ရေးအတွက်လည်း ထပ်မံလိုအပ်လျက်ရှိပါကြောင်း၊

သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသည် ဓာတ်အားခကြီးမြင့်ခြင်း၊ သဘာဝဓာတ်ငွေ့ ရရှိမှု အကန့်အသတ်ရှိခြင်း၊ တပ်ဆင်အင်အား လုံလောက်စွာတိုးချဲ့တည်ဆောက်ရန် ဖြစ်နိုင်ချေ နည်းပါးလျက်ရှိခြင်းများကို ကြုံတွေ့နေရသော်လည်း ကျောက်မီးသွေးစီမံကိန်းကြီးများအနေဖြင့် အရင်းအမြစ်လုံလောက်စွာရရှိနိုင်ပြီး ဓာတ်အားခ စနစ်တည်ငြိမ်ရေးအတွက် အကောင်းဆုံး ဖြစ်ပါကြောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဓာတ်အားပေးစက်ရုံများသည် အားသာချက် ရှိသော်လည်း ဓာတ်အားဖြစ်နိုင်ခြေမရှိပါကြောင်း၊

 နွေရာသီဓာတ်အားမလုံလောက်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့၊ ခိုင်မာသော ဓာတ်အား စနစ်ဖြစ်ပေါ်လာရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နှင့်  ပူးပေါင်းကာ Electricity Master Plan ကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး ပူးပေါင်းလေ့လာမှုများ အရ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် စက်တပ်ဆင်အင်အား ၂၃၅၉၄ မဂ္ဂါဝပ်အထိ လိုအပ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် သင်‌့လျော်သော ဓာတ်အားထုတ်လုပ်မှုသုံးစွဲရန် ဖြစ်နိုင်ချေရှိသော မှန်ကန်မျှတသော အရင်းအမြစ် အချိုးအစား ပမာဏာကို ဖော်ပြလိုပါကြောင်း၊

 ရေအား ၃၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၃၃ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ၉ ရာခိုင်နှုန်းစသည်ဖြင့် လေ့လာစီမံချက်များ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံနှင့်အဝှမ်း ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်အချိုးအစား အလိုက် ဖြစ်မြောက်နိုင် စွမ်းရှိ/မရှိ စူးစမ်းဆောင်ရွက်လျက်ရှိရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဓာတ်အားပေးစက်ရုံ စီမံကိန်းလေးခုကိုလည်း ဖြစ်မြောက်နိုင်စွမ်းလေ့လာလျက် ရှိပါကြောင်း၊

၂၀၁၅-၁၆ တွင် မော်လမြိုင်-ရေး-ထားဝယ်-မြိတ်အထိ ၂၃၀ ကေဗွီ၊ ၂၀၁၆-၁၇ တွင် ထားဝယ်-မြိတ် ၂၃၀ ကေဗွီ၊ ၂၀၁၈-၁၉ ခုနှစ်တွသ် မြိတ်-ဘုတ်ပြင်း-ကော့သောင်းဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရာတွင် လက်ရှိအခြေအနေအရ မဟာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်မည့် အနီးဆုံးဓာတ်အားခွဲရုံမှာ မော်လမြိုင်မြို့ ဓာတ်အား ခွဲရုံဖြစ်ပြီး ရေး-ထားဝယ်-မြိတ်-ကော့သောင်းအထိ မိုင် ၆၀၀ ကျော် ရှည်လျားပါကြောင်း။ ထို့ကြောင့် နည်းပညာပိုင်းဆိုင်ရာဓာတ်အားပျောက်ဆုံးမှု လျော့နည်း သက်သာစေရန်နှင့် ဓာတ်အား၊ ဗို့အားတည်ငြိမ်မှုရရှိရန် ၅၀၀ ကေဗွီမဟာဓာတ်အားလိုင်းစနစ်ကို တည်ဆောက်ရန် ဖြစ်သော်လည်း တနင်္သာရီတိုင်း၏ ဓာတ်အားသုံးစွဲမှုပမာဏအရ ကုန်ကျစရိတ်သက်သာစေရန်နှင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ရန်အတွက် ၂၃၀ ကေဗွီ ဗို့အားအဆင့် မဟာဓာတ်အားလိုင်းသာ စီမံဆောင်ရွက်ရန် သင့်တော်သည်ကို တွေ့ရှိရပါကြောင်း၊

ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရန် မဟာဓာတ်အားလိုင်းတည်ဆောက်ပြီးပါက ဗို့အားတည်ငြိမ်မှုရှိစေရန်၊ ထိန်းချုပ်မှုကွပ်ကဲမှု လွယ်ကူစေရန်နှင့် ဒေသအတွင်း လုံလောက်သော ဓာတ်အားထုတ်လုပ်ရန်၊ မဟာဓာတ်အားလိုင်းတည်ဆောက်ပြီးပါက ဓာတ်အားလိုင်းပေါ်မှာ ဗို့အား မကျစေရန်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းဓာတ်အားစနစ်ကိုအထောက်အကူပြုရန်အတွက် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် မလွဲမသွေလိုအပါကြောင်း၊

တနင်္သာရီတိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ၁၁၀ မဂ္ဂါဝပ်ခန့်မှန်းခြင်းသည် ယခုအချိန်အတွက်ဖြစ်သော်လည်း ကာလရှည် ၂၀၃၀ နှင့် နောက်ပိုင်းကာလတို့တွင် တိုးတက်သုံးစွဲ လာမည့် ဓာတ်အားလိုအပ်ချက်များကို လုံလောက်မှုရှိနိုင်မည်မဟုတ်ပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း အထူး စီးပွားရေးဇုန်စီမံကိန်းများ၊ မြိတ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးများနှင့် ဒေသတွင်းစက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်လာနိုင်သည့် အခြေအနေများကို မျှော်မှန်းပြီး လျှပ်စစ်ဓာတ်အားပံ့ပိုးပေးနိုင်ရေး စီမံ ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းများသည် စီမံကိန်းဖြစ် မြောက်နိုင်မှု ရှိ/မရှိ လေ့လာစူးစမ်းသည့်အဆင့်သာ ဖြစ်ပါကြောင်း။  စီမံကိန်းတည်ဆောက်ခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်မယ့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အကျိုးသက်ရောက်မှု များအတွက် အသေးစိတ်လေ့လာဆန်းစစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အကျိုး သက်ရောက်မှု အစီရင်ခံစာကို ပြုစုပြီး သတ်မှတ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကိုက်ညီမှုရှိ/မရှိဆိုသည်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို ပေးပို့အစစ် ဆေးခံရပါမညဖြစ်သည့်အပြင် နည်းပညာအစီရင်ခံစာနှင့် ESIA အစီရင်ခံစာများ အပေါ် အဖက်ဖက်မှ စိစစ် သုံးသပ် လက်ခံနိုင်မှသာလျှင် စီမံကိန်းတစ်ခု အတည်ပြု ပေးမည်ဖြစ်ပါကြောင်း၊

 ဓာတ်အားခနှုန်းထားနှင့် ပတ်သက်၍ ဖြစ်မြောက်နိုင်စွမ်းအတည်ပြုပေးမှ သာလျှင် စီးပွားရေး တွက်ချေကိုက်မှုကို ပြန်လည်စိစစ်ခြင်း၊ ဓာတ်အားခနှုန်းထားကို စိစစ်သတ်မှတ်သွားခြင်းများ ဆောင်ရွက်သွားဖြစ်ပါကြောင်း၊

နိုင်ငံတကာတွင် Clean Coal Technology ကို အသုံးပြုပြီး ကျောက်မီးသွေးသုံးဓာတ်အား ပေးစက်ရုံများကို လူနေထူထပ်သော မြို့လယ်ဒေသများနှင့် နီးကပ်စွာ တည်ဆောက်၍ ဓာတ်အား ထုတ်လုပ်လျက်ရှိနေသည်ကိုလည်း လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်း၊  

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ဒေသခံဘုန်းတော်ကြီး သုံးပါး၊ ဒေသခံပြည်သူ ခြောက်ဦး၊ သတင်းမီဒီယာ လေးဦး၊ ပြင်ပပညာရှင် တစ်ဦး၊ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှစ်ဦးပါဝင်သော လေ့လာရေးအဖွဲ့သည် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ တစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ ပြည်တွင်းလုပ်ငန်းရှင်အသင်းမှ  နှစ်ဦး၊ ပြင်ပပညာရှင် တစ်ဦး၊ MITV၊ Sky Net၊  MRTV-4၊ Myanmar Times စသည့် သတင်းဌာနများမှ ကိုးဦး၊ ဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၂ ဦးတို့သည် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံများကိုလည်းကောင်း လေ့လာခဲ့ကြပြီးဖြစ်ပါကြောင်း၊ လေ့လာခဲ့ကြသော  ကိုယ်စားလှယ်များကိုလည်း အဆိုပါ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများကို လက်သင့်ခံ နိုင်မှုရှိ/မရှိ တွေ့ဆုံဆွေးနွေးနိုင်ပါကြောင်းနှင့် ထပ်မံ၍လည်း သွားရောက်လေ့လာနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို ကြားသိနိုင်မည်ဖြစ်ပါကြောင်း၊

ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီးစီးပါကလည်း ထွက်ရှိလာမယ့် ဓာတ်အား အားလုံးကို မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူး သုံးစွဲနိုင်ရန် ဝယ်ယူခြင်း၊ နှစ်စဉ်အသားတင် အကျိုးအမြတ်မှ  အနည်းဆုံး ၂ ရာခိုင်နှုန်းကို လူမှုစီးပွားဘဝရန်ပုံငွေ အဖြစ်ထူထောင်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံများ၏  လူမှုစီးပွားဘဝတိုးတက်ရေး အတွက် ရန်ပုံငွေက ထုတ်နှုတ်သုံးစွဲခြင်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် အနည်းဆုံး ၉၀၀၀ မဂ္ဂါဝပ်ကနေ ၁၄၅၄၂ မဂ္ဂါဝပ်အထိ သုံးစွဲ မည်ဖြစ်သည်ကို လေ့လာတင်ပြထားပါကြောင်း၊

တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးအတွက် ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှုမရှိပါက ယခု နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏ ၂၅၀၀ မဂ္ဂါဝပ်သာရှိသည့်အတွက် နောင်ဓာတ်အား ပေးစက်ရုံများ မတည်နိုင်ပါက ဓာတ်အားတိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်ခြင်း မရှိနိုင်သကဲ့သို့ ဓာတ်အားသုံးစွဲ သူများကိုလည်း အပြည့်အဝ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် မဟုတ်ပါကြောင်း၊

၂၀၃၀-၃၁ တွင် တစ်နိုင်ငံလုံး ကျေးလက်ဒေသမကျန် ဓာတ်အားရရှိနိုင်ရေးအတွက် တပ်ဆင်ရမည့် စက်တပ်ဆင်အင်အား ၂၃၅၉၄ မဂ္ဂါဝပ်ရှိသော စက်များ တပ်ဆင်အင်အားကို တည်ဆောက်နိုင်ရန် တည်ငြိမ်သောလျှပ်စစ်ဓာတ်အား မှန်ကန်သော အရင်းအမြစ် အချိုး အစားဖြင့် ဓာတ်အားထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့သုံး စီမံကိန်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ Clean Coal Technology ကို အသုံးပြုပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများကို တည်ဆောက်ရန် လိုသည့်အတွက် အဆိုပါစီမံကိန်းများကိုလည်း ဖျက်သိမ်းရန်လည်း မသင့်ပါကြောင်းနှင့် ယခုဖော်ပြပါ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း လေးခုသည် ဖြစ်မြောက်မှုရှိ/မရှိ လေ့လာစိစစ်နေသော အဆင့်သာဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါ်တင်တင်ရီ(ကျွန်းစုမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံတည်ဆောက်ရေးတွင် စက်ရုံအဟောင်းပစ္စည်းများကို တပ်ဆင်ခွင့်မပြုဟု ဆိုသော်လည်း မြိတ်မြို့နယ်ရှိဲ့ ၅၀ မဂ္ဂါဝပ်ကျောက်မီးသွေးစက်ရုံတွင် သံချေးတက် စက်ရုံအဟောင်းပစ္စည်းများ တပ်ဆင်၍ မရဖြစ်နေသည်ကို သိရှိခြင်းရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်း

ဖော်ပြပါ ၅၀ မဂ္ဂါဝပ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်  ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတည်ထောင်သူတို့၏ ညှိနှိုင်းစီစဉ်ဆဲ တည်ဆောက်ပြီးစက်ရုံ ဖြစ်ပါ ကြောင်းနှင့် တည်ဆောက်ပြီးစီးပါက Clean Coal Technology အဆင့် ရောက်အောင် ဆောင်ရွက်ရန် မိမိတို့ဝန်ကြီးဌာနအနေနှင့် တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။