သံလွင်မြစ်သည် ကီလိုမီတာ ၂၈၂၀ နှင့် ကမ္ဘာ့ပေါ်တွင် ၂၆ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး ဘူမိဗေဒ နည်းပညာအရ မြေပြိုနိုင်မှုဖြစ်နိုင်သည့်နေရာ ၆၅၇ ခုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် သံလွင်မြစ်ဝှမ်း ဒေသကြီးတစ်ခုလုံးသည်လည်း ငလျင်ကြီးများလှုပ်နိုင်သော ကျောက်ကြမ်း ပြတ်ရွေ့ကြောကြီးပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါ သံလွင်မြစ်ပေါ်တွင် အထက်မြစ်ညာ တိဘက် ကုန်းပြင်မြင့်၏ မြစ်ကမ်းဘက်တွင် ဆည်ပေါင်း ၂၀ ကျော်၊ တရုတ်ပြည် ယူနန်ပြည်နယ်တွင် ဆည် ၁၃ ခုနှင့် မြန်မာနိုင်ငံဘက်တွင် ဆည် ၆ ခု တည်ဆောက် မည်ဟု ကြားသိရပါကြောင်း၊ သံလွင်မြစ်ရေကို တရုတ်နိုင်ငံအနေဖြင့် ယံစီမြစ်အတွင်း လွှဲယူမည့် စီမံကိန်းနှင့် မြန်မာနိုင်ငံဘက်ကလည်း ထိုင်းနိုင်ငံ ဘူမိဘွားဆည်ကို ရေဖြည့်ပေးရန် ဆောင်ရွက်နေသည့် အကြောင်းများကို ကြားသိရပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်း တစ်စက္ကန့် ကုဗမီတာ ၃၀၀၀ နှုန်းအရှိန်၊ စက်တပ်ဆင်အား မဂ္ဂါဝပ် ၇၀၀၀ ခန့်ရှိသော အထက်သံလွင် မိုင်းတုံစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ ရှိသော နောင်ဖ စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများနှင့် အထက်မြစ်ညာတွင် ဆောက်လုပ်မည့် တာတမံပေါင်း ၃၃ ခုတို့သည် သံလွင်မြစ်ပေါ်တွင် ရှိနေသည့်အတွက် ပမာဏများစွာသော ရေများသည် မြစ်အောက်က ပြတ်ရွေ့ကြောင်း အပေါ် ပြင်းထန်လွန်းသော ဖိအားကိုဖြစ်ပေါ်စေပြီး ငလျင်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက သုံးသပ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့ရာတွင် ဇီပင်ဖုဆည်၏ ရေသိုလှောင်မှု ဧရိယာကြောင့် ပြင်းထန်သည့် ဖိအား ဖြစ်ပေါ်စေခဲ့သည်ကို သိရှိရပါကြောင်း။
အကယ်၍ သံလွင်မြစ်ပေါ်ရှိ ဆည်များထဲမှ ဆည်တစ်ခုခုသာ သဘာဝဘေးအန္တရာယ်(သို့) အခြား အကြောင်း အရာများကြောင့် ပျက်စီးပြိုကျခဲ့မည်ဆိုလျှင် ဆည်အောက်ပိုင်းနှင့် သံလွင်မြစ်ကမ်း တစ်လျှောက် နေထိုင်ကြ သည့် တိုင်းရင်းသားမျိုးနွယ်များ၏ လူနေမှုဘဝများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးရမည်ဖြစ်သည့်အတွက် စီမံကိန်းများ၏ အကျိုးရလာဒ်ကို တွက်ချက်ရာတွင် ပြည်သူလူထု၏ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်စားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းများ ဆောင်ရွက်ရာ၌ အဆင့်အတန်းမီသော၊ အများလက်ခံနိုင်သော သက်ဆိုင်ရာဝန်ကြီးဌာနက အတည်ပြုသော ESIA, SEAနှင့် Feasibility Study Report (FSR) များပြုလုပ်ထားဖို့ရန် လိုပါကြောင်း၊ ထို့အပြင် IWRM Integrated Water Research Management ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု နည်းစနစ်တွေရှိရန်လည်း လိုအပ်ပါကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုများကို ဒေသအသီးသီးတွင်ရှိသော ဒေသခံပြည်သူများသိရှိရန်အတွက် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်နှင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက် မည့်ဆည် ၆ ခုနှင့်ပတ်သက်၍ ဗျူဟာမြောက် EIAများနှင့် IWRM ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနည်း စနစ်များကို အသုံးပြုရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မိမိတို့အနေဖြင့် သံလွင်မြစ်ရေ၏ ရေဆင်းပိုင်ဆိုင်မှုသည် တရုတ်က ၅၃ ရာခိုင်နှုန်း စီးဆင်းလာပြီး မြန်မာ နိုင်ငံထဲတွင် ၄၂ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံဘက်က ၅ ရာခိုင်နှုန်း ရေစီးဆင်းပါကြောင်း၊ သံလွင်မြစ်၏ ရွှေဂွန်း ထိ လှေ၊ သင်္ဘောများ သွားလာနိုင်ပြီး ကျန်နေရာများတွင် ရေစီးရေလာ ကြမ်းတမ်းသည့်အတွက် သွားလာ နိုင်ခြင်း မရှိပါကြောင်း။
စီမံကိန်းသည်လည်း (၅)ခုသာဖြစ်ပါကြောင်း၊ ကွမ်းလုံ စီမံကိန်း (၁၄၀၀ မဂ္ဂါဝပ်)၊ နောင်ဖ စီမံကိန်း၊ ၎င်းသည် MOA ရေးထိုးထားသည့်အဆင့်သာရှိပါကြောင်း၊ မိုင်းတုံစီမံကိန်း၊ အဆိုပြုချက်တင်ပြချက် ၇၀၀၀ မဂ္ဂါဝပ် ၊ ရွာသစ်စီမံကိန်း၊ MOA Stage၊ အဆိုပြုချက် ၄၀၀၀ မဂ္ဂါဝပ်၊ နောက်ဆုံးတစ်ခုအနေဖြင့် ဟတ်ကြီးစီမံကိန်း (၁၃၆၀ မဂ္ဂါဝပ်)၊ MOA Stage ဖြစ်ပါကြောင်း၊ ၎င်းတို့အနက် ကွမ်းလုံစီမံကိန်းမှ လွဲ၍ ကျန် (၄)ခုသည် လေ့လာဆဲအဆင့်သာရှိပါကြောင်း။
မိမိအနေဖြင့် ပထမဦးဆုံး JVA ရေးထိုးထားသော ကွမ်းလုံစီမံကိန်းကို အရင်တင်ပြပေးမည်ဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းကို FSR အတည်ပြုခဲ့ပြီး MOU ကို ၂၀၀၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ တွင်လက်မှတ် ရေးထိုးပါကြောင်း၊ Energy Holding Group Chinaနှင့် AWC (Myanmar) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး FSR ကို Kumming Hydropower Investigation and Research Institute (KHIDI) ကနေ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ FSR ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တင်ပြခဲ့ပြီး အဆိုပါတင်ပြချက်အပေါ် မိမိတို့အနေဖြင့် ၂ နှစ် နီးပါးခန့် ကြာမြင့်သည့်တိုင်အောင် ဆွေးနွေးခဲ့ပါကြောင်း၊ ထို့ကြောင့် FSR တစ်ခုအတည်ပြုဖို့အတွက် (၄) နှစ်နှင့် (၂) လအထိ ကြာအောင် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း။
FSR စိစစ်ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးရုံးများဖွဲ့စည်း၍ ဘူမိဗေဒဌာနခွဲ၊ စူးစမ်းလေ့လာရေး ဌာနခွဲ၊ ဒီဇိုင်းနှင့် ပုံထုတ် ဌာနခွဲ၊ စက်မှုနှင့် လျှပ်စစ်တပ်ဆင်ရေးဌာနခွဲများ၊ ကျောင်းဆင်းပညာရှင်များ၊ နိုင်ငံခြားဘွဲ့ရ ပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်း ဆောင်ရွက်ထားသည့်အပြင် ဂျပန်နိုင်ငံ(New JEC) အတိုင်ပင်ခံ ကုမ္ပဏီနှင့်ပါ ပူးပေါင်း၍ FSR အတွက် လိုက်နာရ မည့်စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ထည့်သွင်း မှတ်ချက်ပြုပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုသို့ FSR အတည်ပြုပြီးချိန်တွင် ESIA ကို ဆက်လက်စစ်ဆေးပါကြောင်း၊ ESIA ကို စစ်ဆေးရာတွင် လည်း BANCA ၊ KHIDI စသည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အချိန်သုံးနှစ်ခန့် ဆောင်ရွက်ခဲ့ ပါကြောင်းနှင့် အတည်ပြုထားသည့် ESIA ကို Website တွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ သံလွင်မြစ်ပေါ်ရှိ ရေလှောင်ကန်များသည် နွေရာသီတွင် တစ်နှစ်လုံးစီးဝင်ရေ၏ ဝ.၇၅ ရာခိုင်နှုန်းခန့်သာ ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ပိုလျှံရေများကို နုန်းထုတ်ပေါက်များ လုံလောက်အောင်ထည့်သွင်းထားရှိ တည်ဆောက်ထားသည့် ပုံစံဖြစ်ပါကြောင်း။
တမံအမြင့်နှင့် ရေသိုလှောင်နိုင်သည့် ပမာဏများကို ရှင်းလင်းတင်ပြရမည်ဆိုပါက ကွမ်းလုံ၏ တမံ အမြင့်သည် ၃၃၈ပေရှိပြီး ရေလှောင်ပမာဏအနေဖြင့်လည်း အမြင့်ဆုံးရေဝပ်နေချိန်တွင် မျက်နှာပြင်ရေဖုံး လွှမ်း ဧရိယာသည် ၅၇၃၃ ဧကပဲရှိသည့်အတွက် ရေလှောင်ပမာဏလည်း နည်းပါးပါကြောင်း။
ငလျင်နှင့် ပတ်သက်၍လည်း ငလျင်အန္တရာယ် ကင်းရှင်းစေရေးအတွက် Geological များပါ ထည့်သွင်း စဉ်းစားထားပါကြောင်း၊ လှောင်သည့် ရေကို နည်းနိုင်သမျှနည်းအောင်လုပ်ပြီး နွေရာသီ အခြောက် သွေ့ဆုံး အချိန်ထိ Ecological Water Requirement သဘာဝကိုမပျက်အောင် အနိမ့်ဆုံး လွှတ်ပေးရမည့် ရေကိုလည်း ထည့်သွင်းစဉ်းစားပြီးဖြစ်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ အသက်ရှင်ရပ်တည်ရေး၊ သစ်တောတွေ ပြန်လည်ပြုစု ပျိုးထောင်ရေးများနှင့် ပတ်သက်၍ ESIA Report တွင် အသေးစိတ် ဖော်ပြဆောင်ရွက်ရန်နှင့် ပြည်သူများထံသို့လည်း နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းတင်ပြပြီးဖြစ်ပါကြောင်း။ ထိုသို့ဆောင်ရွက်ရာတွင် မိမိက ဥက္ကဋ္ဌအဖြစ်ပါဝင်သော ဗဟိုကော်မတီကို ဝန်ကြီးဌာနအဆင့်ဖြင့် ဖွဲ့စည်းထားပြီး ဆောင်ရွက်ရမည့် မူများ၊ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးသည့်အပြင် စဉ်ဆက်မပြတ် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
စီမံကိန်း၏ ကုန်ကျစရိတ်သည် သန်း ၂၀၅၃ သန်းဒေါ်လာဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်မှ နှစ် ၄၀ အတွင်း ပြန်ရနိုင်သည့် အကျိုးအမြတ်က ၂၉၈၈ အမေရိကန်ဒေါ်လာသန်းနှင့် ရင်းနှီးမြုပ်နှံမှု ၂၆၈၅ ဖြစ်သည့် အတွက် မိမိတို့ဘက်က အားသာချက်ရှိပါကြောင်းနှင့် နှစ် ၄၀ အတွင်း ၇၄.၇ သန်း နှစ်စဉ်ပျမ်းမျှဝင်ငွေ ရရှိနေမည်ဟု အကြမ်းဖျင်းတွက်ချက်ပါကြောင်း။
ကွင်းဆင်းစစ်ဆေးမှု နှစ်ကြိမ်ရှိပြီး ထပ်မံစစ်ဆေးမည်ဆိုပါကလည်း စစ်ဆေးနိုင်ပါကြောင်း၊ တရုတ် ပြည်၏ စီမံကိန်းများတိုးလာပါက နှစ်နိုင်ငံဆွေးနွေးရသည့် သဘောရှိသော်လည်း ယခုအချိန်တွင် မိမိတို့ အနေဖြင့် ရေအခက်အခဲမရှိသေးသည့်အတွက် စောင့်ကြည့်နေဆဲသာ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထပ်မံ ဆောင်ရွက်ရမည့် စီမံကိန်း (၄)ခုရှိပြီး ဆောင်ရွက်ဆဲအဆင့်သာရှိပါကြောင်းနှင့် ၎င်းတို့သည် FSR ကိုလည်း အတည်မပြုရသေးသည့်အပြင် JVA လည်းမထိုးရသေးပါကြောင်း၊ ကျန်ရှိ စီမံကိန်းလေးခုကို မဟာဗျူ ဟာမြောက် Master Plan အဖြစ်ဆောင်ရွက်ပြီး တစ်ခုခြင်းကို Individual Master Plan အဖြစ် ဆောင်ရွက်ပါကြောင်း၊ Consultant အဖြစ် ဆွစ်ဇာလန်နိုင်ငံက STUCKY AS ကုမ္ပဏီ က ဦးဆောင်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အဆိုပါ စီမံကိန်း (၄)ခုကို ခွင့်ပြုမည်ဆိုပါက Individualနှင့် အစိုင်အခဲအကုန်လုံး စုပေါင်း စဉ်းစားပြီးမှသာ ခွင့်ပြုသွားပါမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါ်ခင်စန်းလှိုင်(ပုလဲ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် ဝန်ကြီး၏ ဖြေကြားချက်များအပေါ် သိရှိလိုသည်များ ထပ်မံမေးမြန်းချင်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက ၂၅-၇-၂၀၁၃ ရက်နေ့တွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်း ပေးခဲ့သည့်အတွက် ရေအရင်းအမြစ်ကော်မတီအနေဖြင့် အဆိုပါစီမံကိန်းတွင် ထပ်မံ ပါဝင်ပြီး့ ဆောင်ရွက်မှု ရှိ/မရှိ ကိုသိချင်ပါကြောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရာတွင်လည်း ပြည်တွင်း/ပြည်ပက မည်သည့် ပညာရှင်များနှင့် ဆောင်ရွက်ခဲ့သည်ကို သိချင်ပါကြောင်း။
ဆည်များ၏ အမြင့်နှင့်ပတ်သက်၍လည်း အလွန်မြင့်မားသော ရေကာတာကြီးတွေေဆောက်လုပ်ရာတွင် နှစ်ပေါင်း မည်မျှကြာအောင် မပြိုမပျက်နိုင်ရန်အတွက် မည်သူများက မည်သို့ အာမခံချက်ပေးမည်ကို သိရှိလို ပါကြောင်း။ ယခု နောက်ပိုင်းတွင် ဒေသခံပြည်သူများ၏ အသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာ နေသည့်အတွက် ဝန်ကြီးများအနေဖြင့် ထပ်မံနားထောင်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
တမံအမြင့်နှင့် ပတ်သက်၍ အဓိကက တံမံမြင့်တာက အန္တရာယ်မဟုတ်ဘဲ လှောင်သည့်ရေက အန္တရာယ်ဖြစ်ပါကြောင်း၊ ၎င်းနှင့် ပတ်သက်၍လည်း အပြည်ပြည်ဆိုင်ရာစံနှုန်း Safely Factor များကို ယူရပါကြောင်း၊ ၎င်းအချက်အလက်များကို Website များမှတစ်ဆင့် Transparent ဖြစ်စွာဖြင့် အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရန်အခြေအနေများ အားလုံးပါရှိပြီးဖြစ်ပါကြောင်း၊ ရေအရင်းအမြစ် ကော်မတီ အပြင် မြန်မာနိုင်ငံ တာတမံကြီးများကော်မရှင် (Myanmar COLD) ရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာ တမံ ပညာရှင်များပါဝင်သော International Commission on Large Dam (ICOLD) များရှိပါကြောင်း၊ ၎င်းအဖွဲ့ကို လည်း မကြာမီကပင် မိမိတို့ ဆောင်ရွက်ပြီးသား စီမံကိန်းတမံများကို ဖိတ်ကြားပြသခဲ့ပါကြောင်း။
လျှပ်စစ်ကိုတပ်ဆင်သည့် Scondary များ ထည့်သွင်းဆောင်ရွက်ခြင်းကိုလည်း ICOLD ၏ Member များကိုဖိတ်ကြား၍ စစ်ဆေးခြင်း၊ နောက်ဆောင်ရွက်မည့် စီမံကိန်းများနှင့် ချိတ်ဆက်မှုရှိစေရန်အတွက် Comment များရယူခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေအရင်းအမြစ်အသုံးချရေးကော်မတီ၏ အခြေအနေကို ထိုက်သင့်ချိန်ရောက်လျှင် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာ Safety Factor များကို အဓိကထည့်သွင်းဆောင်ရွက်၍ ၎င်းအပေါ် မူတည်ပြီးမှသာ မည်သို့တမံအမျိုးအစားကို တည်ဆောင်ရ မည်ဆိုခြင်းကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါကြောင်း၊ စီထရွမ်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ငလျင်ကို နမူနာယူပြီး ငလျင်ဒဏ်ခံနိုင်မည့် တမံအမျိုးအစားကို တည်ဆောက်ရန် သုတေသနပြုလုပ်ချက်များဖြင့် သောက်ရေခပ်(၂)စီမံကိန်းတွင် သုံးစွဲနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်လာသည့်အချိန်တွင် ဒုတိယသမ္မတဦးဆောင်ပြီး ကိုယ်စားလှယ်များ၊ အဖွဲ့များ၊ အပြည်ပြည် ဆိုင်ရာ ကျွမ်းကျင်သူပုဂ္ဂိုလ်များနှင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ICOLD အဖွဲ့အစည်းမျိုးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံချိန်တွင်လည်း အကြံဉာဏ်များ ရယူခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ မြေငလျင်များကော်မတီနှင့် ဆွေးနွေးခြင်းများဆောင်ရွက်၍ ထိုသို့ ဆွေးနွေးပြီးခါမှ လက်ခံနိုင်သည့် ဆောင်ရွက်နိုင်သည့် အဆင့်ရှိမှာသာ မိမိတို့အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
