ရခိုင်ပြည်နယ်သည် ခရီးသွားပြည်သူများ လေကြောင်းကို အဓိကအားကိုးပြီး သွားလာနေရသော ပြည်နည်တစ်ခု ဖြစ်ပါကြောင်း၊ စစ်တွေမြို့လေဆိပ်သည် လေယာဉ်အတက်အဆင်းများပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲ့သော ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှ ပြည်သူများနှင့် အရပ်ဘက်ဝန်ထမ်းများ နိုင်ငံခြားမှ ဘုရားဖူးလာရောက်သူများ ရန်ကုန်မြို့နှင့် ဆက်သွယ်ရန် အဓိက မှီခိုအားထားရသော လေဆိပ်တစ်ခုဖြစ်ပါကြောင်း၊ ယခင်က ဆောက်လုပ်ခဲ့သော လေဆိပ်ခန်းမသည် လေယာဉ်ခရီးသည် များပြားလာသော ယနေ့ကာလနှင့် ကိုက်ညီမှုမရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ခန်းမတစ်ခုတည်း၌ အစိုးရလေကြောင်းလိုင်းအပြင် ပုဂ္ဂလိကလေကြောင်းလိုင်းများ၏ ခရီးသည် လက်ခံရာကောင်တာများမှာ ကြပ်ကြပ်တည်းတည်း နေရာယူထားကြပါကြောင်း၊ ၎င်းခန်းမထဲမှာပင် လုံခြုံရေးစစ်ဆေးသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပုံရိပ်ဖော်စစ်ဆေးရေးစက်တစ်ခုက နေရာယူထားပါကြောင်း၊ လေယာဉ်စီး ခရီးသည်နှင့် လိုက်ပါပို့ဆောင်သူများ စောင့်စားနားနေရန် ထိုင်ခုံများ လုံလောက်စွာမရှိသည့်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းသဘော ပီပြင်မှု မရှိပါကြောင်း၊ နိုင်ငံခြားသားများ (Tourist) များပါ ဝင်/ထွက်သွားလာ အသုံးပြုနေရသော လေဆိပ်တစ်ခု လည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခန်းကျဉ်းမြောင်းမှုသည် ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက်လည်း အခက်အခဲကို ဖြစ်စေပါကြောင်း၊ လေဆိပ်ခန်းမများတွင် Air Com များ တပ်ဆင်ထားပါသော်လည်း Air Com များကို အသုံးပြုခြင်းမရှိဘဲ တစ်ခါတရံမှသာ ဖွင့်ပေးခြင်းများနှင့် ခရီးသည်များ နားနေဆောင်ခန်းတွင်လည်း Air Com များကို ဖွင့်ပေးထားခြင်းမရှိ၍ နွေရာသီတွင် အခန်းတွင်း၌ ပူအိုက်လှောင်ပိတ်မှုများ ရှိလာပါကြောင်း၊ သန့်စင်ခန်းများတွင် ရေအလုံအလောက်မရှိခြင်း၊ သန်းရှင်းရေးပြုလုပ်မှု အားနည်းခြင်းများကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ကြရပါကြောင်း၊ သောက်သုံးရေ စီစဉ်ပေးထားခြင်းများ မရှိသည့်အပြင် ပြင်ပဈေးဆိုင်များသည်လည်း အလှမ်းဝေးကွာလွန်းသဖြင့် သောက်ရေပင် အခက်တွေ့နေရပါကြောင်း၊ ခရီးသည်တစ်ဦးလျှင် ဝန်ဆောင်ခ တစ်ထောင်ကျပ်ကိုလည်း ကောက်ခံခြင်းသည်လည်း မည်သည့်အတွက်၊ မည်သို့ဝန်ဆောင်မှု ပေးရသည်ကို မသိရပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်တွေလေဆိပ်၌ ကြုံတွေ့နေရသော အခက်အခဲများကို ပြေလည်စေရန်အတွက် စစ်တွေလေဆိပ်အား ပြည်နယ်မြို့နယ်အင်္ဂါရပ်နှင့်အညီ အဆောင်သစ်များ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ခရီးသွားပြည်သူများအတွက် ဝန်ဆောင်မှု တိုးတက် ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ခရီးသည်တစ်ဦးလျှင် တစ်ထောင်ကျပ်စီ ကောက်ခံသော ဝန်ဆောင်ခသည် တစ်လလျှင် ပျမ်းမျှဝင်ငွေ မည်မျှရရှိသည်နှင့် ၎င်းဝင်ငွေအား မည်သည့်နေရာများတွင် အသုံးပြုနေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်တွေလေဆိပ်တွင် လက်ရှိအဆောက်အဦးသည် (ပေ ၂၂၀ x ပေ ၆၀) ရှိပြီး အခန်းဖွဲ့စည်းပုံမှာ ခရီးသည် စစ်ဆေးသည့်နေရာ (ပေ ၆၀ x ပေ ၃၀)၊ ထွက်ခွာခန်းမ (ပေ ၉၀ x ပေ ၃၀) နှင့် ဆိုက်ရောက်ခန်းမ (ပေ ၄၀ x ပေ ၅၀)၊ အရေးကြီးပုဂ္ဂိုလ်နားနေဆောင် (ပေ ၄၀ x ပေ၅၀) နှင့် လေးကြောင်းထိန်းမျှော်စင် (၂၀ ပေ x ၂၀ ပေ) တို့ဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ အရေးကြီးပုဂ္ဂိုလ်ခန်းမကို ပြည်နယ်အဆင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ အသုံးပြုရန် ထားရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ အသုံးပြုရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ INGO အဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းများနှင့် ဆက်စပ်သော ဆွေးနွေးရှင်းလင်းမှုများ ဆောင်ရွက်ရန် အရေးကြီးပုဂ္ဂိုလ် နားနေဆောင်အသစ် (ပေ ၁၀၀ x ပေ ၆၀) ကို ရန်ပုံငွေ ကျပ်သန်း ၃၆၀ ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက စတင်တည်ဆောက်ပေးလျက်ရှိရာ ယခု ၂၀၁၅ ခုနှစ် ဧပြီလတွင် ပြီးစီးမည်ဖြစ်ပါကြောင်း။
ထို့အပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လေဆိပ်အဆောက်အဦ (၁၈၀ ပေ x ပေ ၆၀) တစ်ထပ် သံကူကွန်ကရစ်အသစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ကျပ်သန်း ၁၅၀ လျာထားထည့်သွင်းတင်ပြထားပြီး ခွင့်ပြုမည်ဆိုပါက လေဆိပ်အဆောက်အဦသစ် တည်ဆောက်ခြင်း လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများအတွက် ဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရန်အတွက် လေဆိပ်အဆောက်အဦသစ် တည်ဆောက်ပြီးပါက အဝင်ခရီးသည်၊ အထွက်ခရီးသည်တို့ကို သီးခြားစီ ထားရှိပေးသွားမည်ဖြစ်ပါကြောင်း၊ လေကြောင်းလိုင်းများအား စနစ်တကျ စီစဉ်ထားရှိပေးသွားမည် ဖြစ်ပါကြောင်း၊ သန့်စင်ခန်းများကို အဆောက်အဦသစ် တည်ဆောက်ခြင်းနှင့်အတူ တိုးချဲ့ထည့်သွင်းတည်ဆောက်ပေးပြီး သန့်ရှင်းသပ်ရပ်ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စစ်တွေလေဆိပ်တွင် ခရီးသည်တစ်ဦးကို ဝန်ဆောင်ခ ကျပ် ၁၀၀၀ နှုန်း ကောက်ခံမှုအတွက် တစ်လကို ပျမ်းမျှဝင်ငွေ ကျပ် ၃၉ သိန်းခန့် ရရှိပြီး ယင်းဝင်ငွေကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကတစ်ဆင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ အရငွေစာရင်းသို့ အပ်နှံရပါကြောင်း၊ စစ်တွေလေဆိပ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ပို့ဆောင်ရေးဝန်ကြီးဌာနက တစ်ဆင့် နိုင်ငံတော်အစိုးရထံ ရန်ပုံငွေ တင်ပြတောင်းခံပြီးနောက် ခွင့်ပြုချက်ရရှိသော ရန်ပုံငွေကိုသာ သုံးစွဲခြင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စောဝေ (ရသေ့တောင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လွှတ်တော်စတင်စဉ်က လေယာဉ်စရိတ်သည် တစ်ယောက်လျှင် ၅၈၀၀၀ ကျပ်သာရှိပါကြောင်း၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် ၆၄၀၀၀ ကျပ်အထိရှိသွားပြီး ယခုအချိန်တွင် ၉၁၀၀၀ ကျပ်၊ ၈၁၀၀၀ ကျပ်၊ ၇၁၀၀၀ ကျပ် စသဖြင့် ရှိနေပါကြောင်း၊ ဝန်ထမ်းများကို လစာတိုးပေးမည်ဆိုပါက ကုန်ဈေးနှုန်းများကို ထိန်းချုပ်ရန် ခက်ခဲသည်ကို မကြာခဏ သုံးသပ်ပြောကြားပါကြောင်း၊ လစာတိုးပေးခြင်းလည်း ယခုအချိန်တွင် မရှိသေးပါကြောင်း၊ စက်သုံးဆီဈေးများလည်း အလွန်ကျဆင်းနေပါကြောင်း၊ ထို့ကြောင့် လေယာဉ်နှုန်းထားများ မည်သည့်အတွက်ကြောင့် ဈေးတက်နေသည်ကို သိရှိလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းတက်သွားပါက ပြန်ကျရန် မလွယ်ကူသည့်အတွက် ခရီးသွားပြည်သူများ သက်သာစေရန် လေယာဉ်လက်မှတ်နှုန်းထားကို လျှော့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တက်ရန် နေပြည်တော်သို့ လာရောက်ရာတွင် ယခင်က နေပြည်တော်ကို ရိုက်တိုက်ပို့ဆောင်ပေးသည့်အတွက် ကောင်းကောင်းမွန်မွန် ရောက်ရှိပါကြောင်း၊ ယခုအချိန်တွင် နေပြည်တော်သို့ တိုက်ရိုက်ပျံသန်းမှု မရှိသည့်အတွက် အသက်ကြီးသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခက်အခဲများစွာ ရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်စချိန်နှင့် လွှတ်တော်ပြန်ချိန်များတွင် အခက်အခဲများကို အဆင်ပြေစေရန် တိုက်ရိုက်ပို့ဆောင်နိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
လေယာဉ်လက်မှတ်သည် လေယာဉ်၏တန်ဖိုး၊ ဆီဖိုး၊ ဝန်ဆောင်စရိတ်၊ ကျန်ရှိသောကုန်ကျစရိတ်များကို တွက်ချက်ပြီး သတ်မှတ်ရခြင်းဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသကဲ့သို့ ဆီဈေးနှုန်းသည် ယခုအချိန်တွင် ဈေးကျနေပြီဖြစ်သော်လည်း မိမိတို့အနေဖြင့် နှစ်နှင့်ချီပြီး ဝယ်ထားရခြင်းများ ဖြစ်သည့်အတွက် ယခုချက်ခြင်း ပြောင်းပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ပြန်လည်စဉ်းစား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လေကြောင်းကို ယခင်က လွှတ်တော်အစည်အဝေးများ ကျင်းပချိန်တွင် စစ်တွေမှ နေပြည်တော်၊ ပြီးသည့်အချိန်တွင် နေပြည်တော်မှ စစ်တွေသို့ သွားရောက်နိုင်ရန်အတွက် စီစဉ်ပေးခဲ့သော်လည်း ယခုအချိန်တွင် မြန်မာ့လေကြောင်းက မြန်မာအမျိုးသား လေကြောင်းအမည်ဖြင့် ပြောင်းလဲပြီး နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ပြီး ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တချို့ခရီးစဉ်များသည် မိမိတို့က ခရီးလမ်းကြောင်း သတ်မှတ်ပြီး Online နှင့် လက်မှတ်ရောင်းထားသည့် အတွက် ယခုအချိန်တွင် တိုက်ရိုက်ပို့ဆောင်ခြင်းများကို စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
