မိမိနိုင်ငံတော်တွင် နိုင်ငံတော်ကို သမ္မတကြီးနှင့် နာယကကြီးမှ ဦးဆောင်ပြီး နိုင်ငံတော်ကို တိုင်းရင်းသားများ အားလုံးပါဝင်၍ စည်းလုံး ညီညွတ်စွာ တန်းတူညီတူ အခွင့်အရေးရရှိနိုင်ရေးနှင့် အတူတကွဝိုင်းဝန်း တည်ဆောက်ရာ၌ မဏ္ဍိုင်သုံးရပ်ကို ဦးစီးဦးဆောင်၍ ဥပဒေပြုရာတွင် အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုလိုသည်ဟု ခေါ်ဆိုပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ သားသမီးများဖြစ်သော ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယှဉ်တွဲခေါ်ဆို အသိအမှတ်ပြု မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သစ် တည်ဆောက်ခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့သည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ် ဥက္ကဋ္ဌတို့က ဦးစီးဦးဆောင်သော ဝန်ကြီးဌာနအသီးသီး မွေးဖွားထွန်းလာသည်နှင့်အညီ ယနေ့အချိန် အခါတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဟူ၍ ပေါက်ဖွားပေါ်ထွန်းလာပြီ ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းရာတွင် အသိအမှတ်ပြုမှုမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟူ၍ ပါဝင်ခြင်းမရှိသည့် အတွက် နိုင်ငံတော်အစိုးအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ်တွင် အသိအမှတ်ပြုမှု နည်းပါးကြောင်း၊ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပေးပိုင်ခွင့် ခွဲဝေချမှတ်ရာတွင် ခက်ခဲမှုများရှိနေပါကြောင်း၊ ယခုကဲ့သို့ အပြန်အလှန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ယှဉ်တွဲ၍ အသိအမှတ်ပြုမှုမရှိဘဲ ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုတည်းကို သာ အသိအမှတ်ပြု ခေါ်တွင်ပြီး တိုင်းဒေသကြီးနှင့် အထူးသဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို အသိ အမှတ် ပြုယှဉ် တွဲခြင်း မရှိလျှင် ထာဝစဉ်တည်ငြိမ်အေးချမ်းမှုရရှိနိုင်ရေးအတွက် အနှောင့်အယှက်ဖြစ်နိုင် သည်ဟု ထင်မြင်မိပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အပြန်အလှန်အသိအမှတ်ပြု ကင်ပွန်းတပ်ခြင်းနှင့် အတူ အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို ဆိုလိုသည်ဟု ဖြည့်စွက်ထည့်သွင်းပေးပါရန် တင်ပြတောင်းခံပြီး သမ္မတကြီးနှင့် နာယကကြီးမှ ဦးဆောင်သော မဏ္ဍိုင်သုံးရပ်အနေဖြင့် ယခုကဲ့သို့ တင်ပြတောင်းခံမှုအပေါ် မည်သို့မည်ပုံ ဖြည့်စွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များကို ခွဲဝေအပ်နှံပြီးဖြစ်ခြင်းကြောင့် ပြည်ထောင်စု၏ အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စု အစိုးရအဖွဲ့ကလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအာဏာကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က လည်းကောင်း ကျင့်သုံးလျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၆ အရ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ပါက ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို သက်ရောက် ပျံ့နှံပါကြောင်း၊ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့၏ အုပ်ချုပ်မှု အာဏာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဥပဒေပြုနိုင်သောကိစ္စရပ်များကို သက်ရောက်ပျံ့နှံ့ပြီး ပြည်ထောင်စုဥပဒေ တစ်ရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ဆောင်ရွက်ခွင့်ပြုသော ကိစ္စရပ်များကိုလည်းသက်ရောက်ပျံ့နှံ့ပါကြောင်း၊
ဥပဒေအချို့ပြဋ္ဌာန်းရာတွင် အဓိပ္ပာယ်ဖော်ပြချက်တွင် အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ကိုဆိုသည်ဟု ဖော်ပြခြင်းသည် ယင်းဥပဒေပါပြဋ္ဌာန်းချက်များ၌ ပြည်ထောင်စုအစိုးရအဖွဲ့ ကို ဆိုလိုသည့် အခါတိုင်း အတိုကောက်သုံးနှုန်းဖော်ပြနိုင်ရန် အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်ပါကြောင်း၊ ဥပဒေ ရေးထုံးေ ရးနည်းအရ ယခုကဲ့သို့ ရေးသားခြင်းသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အသိအမှတ် မပြုသည့် သဘောမဟုတ်ဘဲ သက်ဆိုင်ရာဥပဒေအရ ဆိုလိုရင်းကို ရှင်းလင်းစွာ ပေါ်လွင်စေရန် ရေးသား ခြင်းဖြစ်ပါကြောင်း၊ ဥပဒေတစ်ရပ်တွင် အထက်ပါကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုမှုဖော်ပြမထားပါက ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆောင်ရွက်ခွင့်ပြုသော ကိစ္စရပ်များပါရှိပါက ယင်းဥပဒေပြဋ္ဌာန်းချက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဟုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ဆောင်ရွက် ခွင့်ပြုသော ကိစ္စရပ်များ ပါရှိပါက ယင်းဥပဒေပြဋ္ဌာန်းချက်မှာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဟုလည်းကောင်း အမည် အပြည့်အစုံဖော်ပြ၍ ပြဋ္ဌာန်းလေ့ရှိပါကြောင်း၊ ယင်းအချက်နှင့် စပ်လျဉ်းပြီး အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့က မှတ်ပုံတင် အဖွဲ့များဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့ နှစ်ခုလုံးကို အပြည့်အစုံပင် သုံးနှုန်းပါရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၇ တွင် ပြည်ထောင်စု အစိုးရအဖွဲ့ဟုလည်းကောင်း၊ ပုဒ်မ ၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဟု လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်အပ်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
ထို့အတူ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဆိုင်ရာဥပဒေ ပုဒ်မ ၃၀ ပါ အမျိုးသား ကော်မတီ၏ ကုန်ကျစရိတ် အဝဝကို ပြည်ထောင်စုအစိုးရအဖွဲ့မှလည်းကောင်း၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ် ကော်မတီများ၏ ကုန်ကျစရိတ်အဝဝကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းမှ ကျခံရမည်ဖြစ်ကြောင်းကို ပြဋ္ဌာန်းချက်တွင် လည်းကောင်း၊ မြန်မာ့အထူးစီးပွားရေးဇုန် ပုဒ်မ ၃၉ ပုဒ်မခွဲ(ခ)တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့က ရင်းနှီးတည်ဆောက်သူအဖြစ် ဆောင်ရွက်ခွင့်ရှိခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းရာတွင် လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဆိုသော စကားရပ်များ ဖော်ပြပြဋ္ဌာန်းထား သည်ကို တွေ့ရှိနိုင်ပါကြောင်း၊
ယင်းဥပဒေများအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အမျိုးသားစီမံကိန်းဥပဒေ၊ ရှေးဦးအရွယ် ကလေး သူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် အခြား ဥပဒေများတွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် စပ်လျဉ်းပြီးပြဋ္ဌာန်းချက်တွေကို တွေ့ရှိနိုင်ပါကြောင်း၊ ဥပဒေအချို့ပြဋ္ဌာန်းရာတွင် အစိုးရအဖွဲ့ ဆိုသည့် စကားရပ်နှင့်စပ်လျဉ်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကိုဆိုလိုပါက ပြည်ထောင်စုအစိုးရအဖွဲ့ကဆိုကြောင်းကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ဆိုလိုပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ဆိုကြောင်းကို လည်းကောင်း ရှင်းလင်းစွာသိရှိနိုင်ရန် ဥပဒေရေးထုံးအရ အဓိပ္ပာယ်ဖွင့်ဆိုရေးသားကြခြင်းဖြစ်ပါကြောင်း၊ ဥပဒေ တစ်ရပ်တွင် အစိုးရအဖွဲ့ဆိုသည့် စကားသည် ယင်းဥပဒေ၏ ဆိုလိုရင်းအရ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှစ်ခုလုံးကို ဆိုလိုရာ၌ အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆိုလိုကြောင်း ဥပဒေရေးထုံး အရ ရေးသားပြဋ္ဌာန်းနိုင်မှာဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
