(က)-၂၀၁၅ ခုနှစ် နောက်ပိုင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကိုတက္ကသိုလ်အလိုက်စစ်ဆေးခဲ့လျှင် ဒသမတန်း ရမှတ်အား ထည့်သွင်းစဉ်းစားခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၃၀.၁၀.၂၀၁၄)

ဦးတင်မောင် (ချမ်းမြသာစည်) ပညာရေးအပြောင်းအလဲကို ပညာရေးနှင့်ဆက်နွယ်နေသော မိဘများအနေဖြင့် မိမိတို့သားသမီးများ အတွက် မည်သို့ကြိုတင်ပြင်ဆင်ရမည်ကို သိရှိလိုပါကြောင်း၊  ကျောင်းသားနှင့် မိဘများအနေဖြင့် မှန်ကန်သော လမ်းကြောင်းအတိုင်း လျောက်လှမ်းနိုင်ရန်အတွက် အောက်ပါမေးခွန်းမျးကို မေးမြန်းလိုပါကြောင်း၊  (၁) ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲကြီးအစိုးရစစ်မရှိတော့ဘဲ ကျောင်းစစ်အဖြစ်သာ တည်ရှိတော့ဆိုသည်မှာ မှန်ကန်ခြင်း ရှိ/မရှိ၊  (၂) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို တက္ကသိုလ်အလိုက် စစ်ဆေးခဲ့လျှင် (က) ဒသမတန်းရမှတ်ယူမယူ၊  (ခ) နဝမတန်းစာရော ဒသမတန်းစာများပါ မေးမြန်းခြင်းရှိ/မရှိ၊ (ဂ) မည်သည့် တက္ကသိုလ်တွင် မည်သည့်ဘာသာပင် ဖြေရမမည်စသည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

 

 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အခြေခံပညာရေး ဖွဲ့စည်းပုံအား AD+12စနစ်ဖြင်‌့ သူငယ်တန်းအပါအဝင် ပထမတန်းမှ ဒသမတန်းအထိ သင်ကြားနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက် သွားရန် ရှိပါကြောင်း၊ အခြေခံပညာရေး ဖွဲ့စည်းပုံပြောင်းလာသည်နှင့်အမျှ စစ်ဆေး အကဲခတ်သည်‌့စနစ် စာမေးပွဲစနစ်များကိုလည်း ပြုပြင်ပြောင်းလဲလာသည့် စနစ်နှင့်အညီ နိုင်ငံတကာ အဆင့်မီ ပြောင်းလဲရန်ရှိမည် ဖြစ်ပါကြောင်း၊ လက်ရှိတက္ကသိုလ်စာမေးပွဲ၊ ဒသမတန်းစာမေးပွဲသည် အခြေခံပညာပြီးဆုံးမှုနှင့် တက္ကသိုလ်ဝင်ခွင့် နှစ်ခုလုံးအတွက် ရည်ရွယ်ဆောင်ရွက်နေသည်‌့ အခြေအနေ ဖြစ်ခြင်းကြောင့် အခြေခံပညာပြီးဆုံးသူများသည် ဖြေဆိုသူများ၏ သုံးပုံတစ်ပုံသာရှိပြီး အလွန်နည်းပါကာ သုံးပုံနှစ်ပုံတွင် အခြေခံပညာပြီးဆုံးမှုမရှိဘဲ ကျောင်းထွက်ရသည်‌့အခြေအနေသို့ ရောက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ အခြေခံပညာပြီးဆုံးသည်‌့ စာမေးပွဲနှင်‌့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို သီးခြားစီ ကျင်းပရန် ဆွေးနွေးနေဆဲဖြစ်ပါကြောင်း၊  အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးမည်‌့ စာမေးပွဲသည် အစိုးရစစ်ပင် ဖြစ်ပါကြောင်းနှင့် ကျောင်းစစ်အဖြစ်သာ ရှိမည်ဆိုခြင်းမှာ မဟုတ်ပါကြောင်း၊ အမျိုးသားပညာရေး ဥပဒေအရ တက္ကသိုလ်များသည် သီးခြင်းလွတ်လပ်စွာရပ်တည်၍ တက္ကသိုလ်၏ ပညာရည် အဆင့်အတန်းမြင့်မားရေး၊ အရည်အသွေးအာမခံနိုင်မှုရှိရေး၊ ပညာရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသိအမှတ်ပြု ရရှိရေးများကို တက္ကသိုလ်များက လွတ်လပ်စွာကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းများစွာထဲတွင် မိမိတက္ကသိုလ်သို့ ပညာသင်ကြားရန် သို့မဟုတ် မိမိတက္ကသိုလ်က လက်ခံသင်ကြားပေးရမည့် ကျောင်းသားကို ရွေးချယ်ရန်လုပ်ငန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သကဲ့သို့ ကျောင်းသားကလည်း မိမိကြိုက်နှစ်သက်ရာ ပညာရပ်နှင့်တက္ကသိုလ်ကို ရွေးချယ်၍ လျောက်ထားခွင့် ရကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များအနေဖြင့် မိမိတက္ကသိုလ်က လက်ခံသင်ကြားပေးလိုသော အရည်အချင်းရှိသည့် ကျောင်းသားကို ရွေးချယ်ခွင့် ရရှိကြတော့မယ် ဖြစ်ပါကြောင်း၊ မေးခွန်း (၂) နှင့် ပတ်သက်၍ သက်ဆိုင်ရာတက္ကသိုလ်က ဆုံးဖြတ်မည်ဖြစ်ပြီး တက္ကသိုလ် အလိုက် အခြေအနေအမျိုးမျိုး ဖြစ်နိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။