ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် အခြေခံပညာကျောင်းများ တည်ဆောက်ရေးလုပ်ငန်းများစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မိမိတို့ဒေသအတွက် လိုအပ်သော အခြေခံပညာကျောင်းဆောင်များကို ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြမှုများဖြင့် လွှတ်တော်အသီးသီးရှိ သက်ဆိုင်ရာကော်မတီများသို့ တင်ပြဆောင်ရွက်ခဲ့ကြရာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များတွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းအရေအတွက်ကိုသာ ဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်တွင် ဖော်ပြခဲ့သည့် အခြေခံပညာကျောင်းဆောင်သစ် အရေအတွက်များမှ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် တည်ဆောင်ရေးလုပ်ငန်းများစာရင်းတွင် ဖော်ပြပြီးကျောင်းများအပ နောက်ထပ်ဆောင်ရွက်မည့် ကျောင်းဆောင်သစ်များကို မည်သည့်ဒေသ၊ မည်သည့်ကျောင်း ခွင့်ပြုငွေမည်မျှဆိုသည်ကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များထံသို့ ပွင့်လင်းမြင်သာစွာ ပေးပို့ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အမရပူရမြို့နယ်အပါအဝင် နိုင်ငံတော်အတွင်းရှိ ဒေသအသီးသီးတွင်ရှိသော အခြေခံပညာကျောင်းများနှင့် အခြေခံပညာကျောင်းဆောင်သစ်များ တည်ဆောက်ပေးထားသည့် အဆောက်အဦများတွင် လိုအပ်သော ကျောင်းစာသင်ခုံ၊ သင်ကြားရေး ဆရာဆရာမများအသုံးပြုသည့် စားပွဲ၊ ကုလားထိုင်များ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲက ဖြေဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ နောင်ဘဏ္ဍာရေးနှစ်များတွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ရန် ရေးဆွဲသည့် ဘတ်ဂျတ်များတွင် ကျောင်းစာသင်ခုံနှင့် သင်ကြားရေးဆရာ ဆရာမများအသုံးပြုရန် စားပွဲ၊ ကုလားထိုင်များအတွက် ဘတ်ဂျတ်တွင် တစ်ပါတည်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
အခြေခံပညာကျောင်းများ၏ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာသောကျောင်းများ ပညာရေးဌာနမှ အဆင့်ဆင့်တင်ပြလာသည့် ကျောင်းများသည် ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်းတည်ဆောက်ရေးရန်ပုံငွေမှ ဆောင်ရွက်ပေးပါကြောင်း၊ သာမန်အသုံးစရိတ်ရန်ပုံငွေ ခေါင်းစဉ်အောက်မှ သဘာဝဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ ကျောင်းများ၏ အရေးပေါ်အခြေအနေကြောင့်လည်းကောင်း ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ကြိုတင်ခန့်မှန်း လျာထားခြင်းမရှိပါဘူးကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံငွေရင်းဖြင့် လျာထားဆောင်ရွက်သည့်ကျောင်းများကိုသာ လျာထားပါကြောင်းနှင့် သာမန်အသုံးစရိတ်နှင့် နောက်ထပ်ဆောင်ရွက်မည့် ကျောင်းဆောင်သစ်များကို ကြိုတင်လျာထားခြင်း မရှိနိုင်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထံ ပေးပို့ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း။
အမရပူရမြို့နယ်အပါအဝင် နိုင်ငံတော်အတွင်း ဒေသအသီးသီးရှိ အခြေခံပညာကျောင်းဆောင်သစ်များ တည်ဆောက်ပေးထားသော အဆောင်အဦများတွင် လိုအပ်သော ကျောင်းစာသင်ခုံ၊ သင်ကြားရေးဆရာဆရာမများ အသုံးပြုသော လိုအပ်သည့်ပရိဘောဂများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင် စတင်ပြီး တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးများသို့ ကျောင်းသားဦးရေအလိုက် ခွဲဝေချထားပေးပါကြောင်း။
အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ရန် ငွေလုံးငွေရင်းတည်ဆောက်ရေးရန်ပုံငွေ လျာထားချက်စာရင်း ရေးဆွဲတဲ့ဘတ်ဂျက်များမှာ ကျောင်း စာသင်ခုံ၊ သင်ကြားရေးဆရာဆရာမများအသုံးပြုတဲ့ စားပွဲ၊ကုလားထိုင်များအတွက် တစ်ပါတည်း ရေးဆွဲပြီး ကျောင်းတည်ဆောက်ရေးလုပ်ငန်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်သွား မည်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းထွန်းဦး (အမရပူရ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသည့်အခါ ငွေလုံးငွေရင်း၌ ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘတ်ဂျက်အနေအထားကို တစ်ဖက်မှတစ်ဖက် Square Feet နှင့် တွက်သည့်အပိုင်းတွင် လျှော့ပေးပြီး ကျောင်းအလုံးရေအတွက် တိုးပေးလိုက်သည်များရှိပါကြောင်း၊ ယခင်နှစ်များက ကျောင်းနာမည်နှင့်တကွ မည်သည့်ကျောင်းကို မည်မျှခွင်ပြုသည်နှင့် မည်သည့်ဒေသဆိုသည်ကို ဖော်ပြသဖြင့် မိမိတို့ သိရှိရပါကြောင်း၊ ယခုနှစ်တွင် မဖော်ပြသည့်အတွက် မိမိတို့ မဲဆန္ဒနယ်များ၊ ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်များတွင် မည်သည့်ကျောင်းကို မည်သို့ခွင့်ပြုသည်ကို မသိရှိရပါကြောင်း၊ ထို့ကြောင့် မည်သည့်ကျောင်းကို မည်သို့လျာထားခွင့်ပြုသည်ကို လွတ်တော်ကိုယ်စားလှယ်များအား အသိပေးမည်ဆိုပါက မိမိတို့အနေဖြင့် ပြည်သူလူထုကို ရှင်းပြခွင့်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနက ယင်းအချက်ကလေးကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးဆိုသည်မှာ ကြိုတင်ပြင်ဆင်ထားမှုမရှိ၍လား သို့မဟုတ် နီးစပ်ရာကို ဆောင်ရွက်နေလားဆိုသည်ကို သိရှိလိုပါကြောင်း၊ ကျောင်းသားဦးရေနှင့် စာသင်ခုံများပေးသည်ဆိုသည်မှာ မိမိတို့ဒေသများတွင် ကျောင်းဆောင်ဆောက်ပြီးသော်လည်း စာသင်ခုံမရှိပါကြောင်း၊ ကျောင်းသားဦးရေနှင့် စာသင်ခုံမမျှတခြင်းကြောင့် စာသင်ခုံ ယခုအချိန်ထိ မရရှိသေးသည့်အတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ကျောင်းများကို သက်ဆိုင်ရာက တင်ပြလာပါက မိမိတို့သည် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးကတစ်ဆင့် ကော်မတီ (၃) ရပ်လည်း ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ မြို့နယ်များက တင်ပြလာပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရကို တင်ပြပြီး ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်က မိမိတို့ကို စာရင်းများတင်သည့်အခါ အထောက်အကူပြုကော်မတီ (၃) ခုသာမက လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့မိမြို့ဖများ၊ ကျောင်းတွင်ရှိသော ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ အားလုံးခေါ်ယူပြီး လျာထားဆောင်ရွက်သွားရန်၊ နောက်နှစ်များတွင်လည်း ဦးစားပေးအစီအစဉ်အလိုက် ထုတ်ပြန်သွားရန် ရှိပါကြောင်း၊ မျက်နှာလိုက်ခြင်းမရှိစေရန် တင်ပြလာသောစာရင်းအရ ၆၃ ကျောင်းသော်လည်း ဘဏ္ဍာရေးအရ ပြနိုင်သည်မှာ ကျောင်း ၅၀ သာ ရှိသည့် အတွက် အားလုံးမအပါနိုင်ပါကြောင်းကို မိမိတို့ ရှင်းလင်းဖြေကြားသွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောင်းသားဦးရေနှင့်ပတ်သက်၍ စာသင်ခုံများကို မိမိတို့ ဘတ်ဂျက် အနေအထားအရ ဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် သာမန်အသုံးစရိတ်ကနေပြီး ဆောင်ရွက်ထားမည်ဖြစ်သည့်အတွက် တွက်ချက်ပြီးသည့်အခါ မိမိတို့က လိုအပ်ပါက RE များတွင် သို့မဟုတ် မည်သို့ဆောင်ရွက်ပေးရင် ရမည်ဆိုသည်ကို စံနှုန်းများ သတ်မှတ်ကာ ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ပေးရန် ကျန်ရှိနေသည်များမှာ လိုအပ်သော်လည်း ဦးစားပေးအစီအစဉ်ဖြင့် အားလုံးကို ဆောင်ရွက်ပေးရကြောင်း၊ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ရသည် ဆိုသည့် နေရာတွင် ပညာရေးဝန်ကြီးဌာန၏ သဘောတရား၊ တောင်းဆိုချက်အနေအထားများနှင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြေပြင်အခြေအနေကိုသိသော မြို့နယ်အထောက်အကူပြုအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာ အဆင့်ဆင့်တင်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
