ရှမ်းပြည်နယ်မြောက်ပိုင်း မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်းရှိ ၃/၅၁ နားလီတံ တားနှင့် ၁/၂၄ နမ္မတံတားတို့ကို ပြုပြင် ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းပြီး ပထမအ ကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ ၁၈-၁-၂၀၁၃ ရက်နေ့ တွင် မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နားလီတံတားအား ၈၀ ပေ၊ ၂၄ ပေ အကျယ် သံကူကွန်ကရစ်တံတားအဖြစ်လည်းကောင်း၊ နမ္မတံတား အား ၁၂၀ ပေ၊ ၂၄ ပေအကျယ် သံကူကွန်ကရစ်တံတား အဖြစ် လည်းကောင်း တည်ဆောက်ရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် စတင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၃-၁၄ ငွေလုံးငွေရင်းဖြည့်စွက်ရန် ပုံငွေ တောင်းခံဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထား ချက် ငွေလုံးငွေရင်းအသုံးစရိတ်စာရင်းများတွင် မိမိတင်ပြထားသော တံတားအမည်များ ပါရှိသော်လည်း မြို့နယ် အမည်များ မှားယွင်းဖော်ပြထားသည့်အပြင် ထောက်ခံတင်ပြချက်တွင် တန်ဖိုးများ ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်တွင် ကတိပြုထားပြီးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်း မိုင်းရယ်မြို့နယ်အတွင်းတည်ရှိသော ၁/၂၄ နမ္မဘေလီတံတားနှင့် ၃/၅၁ နားလီဘေလီတံတားတို့အား သံကူကွန်ကရစ် တံတားအဖြစ် ပြုပြင်တည်ဆောက်ပေးရန် မည်သည့် အတွက်ကြောင့် ဆောင်ရွက်မပေးသည်နှင့် ၂၀၁၄-၁၅ ဘတ်ဂျက်တွင် ပြန်လည်ထည့်သွင်းလျာ ထားဆောင်ရွက် ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မယ်ဟန်-မိုင်းရယ်- ကျေးသီးလမ်းအပိုင်းတွင် မိုင်းရယ်မြို့ နယ်အတွင်းရှိ တံတားအမှတ် ၁/၂၄ နမ္မဘေလီတံတား (ပေ ၁၂၀) နှင့် တံတားအမှတ် ၃/၅၁ နားလီဘေလီတံတား (ပေ ၆၀) တံတား နှစ်စင်းကို ဘေလီတံတားမှ သံကူ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တည်ဆောက်နိုင်ရန် မူလက ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အထူးပြင်ဆင်ခြင်း ရန်ပုံငွေဖြင့် တည်ဆောက်ရန် လျာထားခဲ့သော်လည်း ယခုနှစ် ဘဏ္ဍာရေးတွင် အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ဆောင်ရွက်ရန် ရန်ပုံငွေ အခက်အခဲကြောင့် ဖြည့်စွက်ရန်ပုံငွေကို တင်ပြတောင်းခံခဲ့သော်လည်း မူလငွေလုံးငွေ ရင်းတွင် ပါရှိခြင်းမရှိသည့်အတွက် မူအရ ထပ်မံတောင်းခံ၍ မရခဲ့သော်လည်း အဆိုပါ တံတားနှစ်စင်းကို အလယ်မှ သစ်သားတိုင် စင်များ ထောက်မပြီး ကြံ့ခိုင်မှုကောင်း မွန်အောင် ဆောင်ရွက်ထားလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် အဆိုပါ တံတားနှစ်စင်း ကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်ဆောက်လုပ်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် နမ္မ တံတားအား ကျပ် ၁၆၅ သန်း နှင့် နားလီတံတားအား ကျပ် ၁၅၀ သန်း တောင်းခံထားသောကြောင့် မိမိတို့ဘက် မှ မြေစမ်းသပ်ခြင်း၊ တိုင်းတာခြင်းစသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
