(စ)-ဟုမ္မလင်းမြို့နယ်မှ ထုတ်လုပ်ခဲ့သောသစ်လုံး တန်ရေမည်မျှရှိပြီး ၂၀၁၄-၁၅ဘဏ္ဍာနှစ်မှစ၍ သစ် ထုတ်လုပ်မှုကိုရပ်ဆိုင်းပေးရန်အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၂.၂၀၁၄)

ဦးအေး (ဟုမ္မလင်း)ဟုမ္မလင်းမြို့နယ်တွင် ထမံသီစီမံကိန်းကြောင့် ရေဝပ်မဲ့ဧရိယာများမှ အပြောင်ရှင်း စ နစ်ဖြင့် သစ်တောများကို ခုတ်ထွင်းရှင်းလင်းသည့်အတွက် ထမံသီ၏အထက်ပိုင်းတွင် သဘာဝအခြေအနေများ ပျက်စီးပါကြောင်း၊ ထမံသီရေဝပ်ရိယာထဲမှ သစ်များသည် သစ်အမျိုးအစားညံ့ဖျင်းသော်လည်း ဟုမ္မလင်းမြို့နယ် ထမံသီ အောက်ပိုင်းဒေသများ တွင် အဖိုးတန်သစ်တောများရှိပြီး ထိုသစ်တောများကို ကုမ္ပဏီ ၉ ခုခန့်က လာရောက် ထုတ်ယူပါကြောင်း၊ သစ်တောထုတ်သွားသော်လည်း ကုမ္ပဏီများက သစ်တောကို ပြန် လည်ပြုစုခြင်း မရှိသည့်အတွက်  ဟုမ္မလင်းမြို့၏ အထက်ပိုင်းသာမက အတွင်းမှာပါ သစ်တောများ ပြုန်တီးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ ဟုမ္မ လင်းမြို့နယ်တွင် ကျွန်းပင်အမြောက်အများရှိပါကြောင်း၊ သစ်ထုတ်လုပ်ရေးကို ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်မှစပြီး လုံးဝရပ်ဆိုင်းပေးဖို့ တောင်းဆိုခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ်သည် သစ်ခိုးထုတ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဝေးကွာသောကြောင့် သစ်များ ကျန်နေသေး ပါကြောင်း၊ မိမိတို့ဒေသတွင် အင်ကညင်တောများ ဖြစ်သည့်အတွက် တန်ဖိုးမြင့်သစ်ပင်များ စိုက်ပျိုးရန် လိုအပ်နေ ပါကြောင်း၊ တချို့ကုမ္ပဏီကြီးများသည် သတ်မှတ်ဧရိယာ သစ်တန်ချိန်များကို သတ်မှတ်ချက်ထက် လျော့ပြသော် လည်း ထုတ်လုပ်မှု ပိုများသည့်အပြင် သတ်မှတ်ဧရိယာသာမက အခြားဒေသများတွင် ခုတ်လှဲမှုအမြောက်အများ ရှိ ပါကြောင်း၊ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ သစ်ထုတ်လုပ်ခြင်းကို ၀ ရာခိုင်နှုန်းထိ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ရပ်ဆိုင်းပေးခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်‌့ သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်မိမိတို့ ဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာတာဝန်ယူရသော မြန်မာ့သစ်လုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်း ထမံသီဆည်ရေဝပ်ဧရိယာ အပြောင်ရှင်း သစ်ထုတ်ခြင်း၊ လောင်းမြင်းဒေသတွင် ရွှေပြည်အေးမြို့သစ် မြေနေ ရာဖော် ထုတ်ရန်သစ်ထုတ်ခြင်း၊ နှစ်ရှည်သီးနှံစိုက်ပျိုးရန် မြေနေရာ အပြောင်ရှင်း သစ်ထုတ်ခြင်းစသည့် လုပ်ငန်းစဉ်(၃)မျိုးပေါ်တွင် အခြေခံပြီး သစ်ထုတ်လုပ်မှုများ ကို ဆောင်ရွက်ခဲ့ကြောင်း၊  အဆိုပါသစ်ထုတ်လုပ်ငန်း ဆောင်ရွက်မှုများကို လေ့လာ ပါက နိုင်ငံတော်၏ ဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက် ရန် လိုအပ်ချက်အရ ထမံသီဆည်မှာ ချင်းတွင်းမြစ်အား ဆည်ပိတ်၍ ရေအားလျှပ်စစ် ထုတ်လုပ်ရန်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရန် သတ်မှတ်ထားသော ဆည်ရေဝပ် ဧရိယာအတွင်း ရေမြှုပ်ဆုံးရှုံးမည့်သစ်များ စနစ်တကျအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဆည် အရည်အသွေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက်မှုများမရှိစေရေးအတွက် ရေဝပ်ဧရိယာ အပြောင်ရှင်း သစ်ထုတ်လုပ်ခြင်းကို ၂၀၀၅-၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း သစ်မာ ၂၁၃၁၈၄ တန် ထုတ်လုပ်ထွက်ရှိခဲ့ပါကြောင်း၊ အဆိုပါ ဆည်ရေဝပ်ဧရိယာမှ သစ်ထုတ်လုပ်ခြင်းကို ၂၀၁၃-၁၄ ခုနှစ်တွင် လုံးဝရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါကြောင်း။

ထမံဆည်ရေဝပ်ဧရိယာအတွင်းကျရောက်သော ကျေးရွာများကို ရွှေ့ပြောင်းပေးပြီး လောင်းမင်းဒေသရှိ ပြန်လည် အခြေကျနေထိုင်နိုင်ရေးအတွက် ရွှေပြည်အေးမြို့သစ်မြေနေရာ ရှင်းလင်းဖော်ထုတ်နိုင်ရန်အတွက် ၂၀၀၅-၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိ သစ်ထုတ်လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း သစ်မာ ၄၅၁၆၉၉ တန်ထွက်ရှိခဲ့ပြီး ယင်းလုပ်ငန်းများသည် ယခုအချိန်တွင် လုံးဝ ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါကြောင်း။

သစ်တောစီမံအုပ်ချုပ်ပိုင်ခွင့်ရှိသော မြေမဟုတ်ဘဲ မြေလွတ်မြေရိုင်းတွင် နှစ်ရှည်သီးနှံစိုက်ပျိုးရန် တင်ပြလာသည့် အပေါ် အပြောင်ရှင်းသစ်ထုတ်ခြင်းကို ကုမ္ပဏီ ၅ ခု ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း သစ်မာ ၃၈၀၀၈ တန် ထွက်ရှိပြီး စိုက်ပျိုးနိုင်သောဧက ၁၀၀၅ ဧကသာ စိုက်ပျိုးနိုင်သေးသည် ကို လေ့လာတွေ့ရှိရပါကြောင်း၊ ဖော်ပြပါသစ်ထုတ်လုပ်ငန်းကို မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ၂၀၀၅-၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အထိ ယခင်အစိုးရလက်ထက်တွင် သစ်မာ ၄၇၆၀၁၉ တန်၊ ၂၀၁၁-၁၂ မှ ၂၀၁၂-၁၃ အထိ လက်ရှိအစိုးရလက်ထက်တွင် သစ်မာ ၂၂၆၈၇၂ တန် စုစုပေါင်းသစ်မာ ၇၀၂၈၉၁ တန် ထုတ်လုပ်ခဲ့ကြောင်း။

ထမံသီဆည်ရေဝပ်ဧရိယာနှင့် လောင်းမင်းဒေသတွင် ရွှေပြည်အေးမြို့သစ်မြေနေရာများကို အပြောင်ရှင်း သစ်ထုတ်လုပ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိခဲ့ပြီး သစ်ထုတ်လုပ်ငန်း ဆောင် ရွက်ခဲ့သော ကုမ္ပဏီများအနေဖြင့်  ရွှေပြည်အေးမြို့သစ်တွင် စာသင်ကျောင်း ၄ ကျောင်းနှင့် ဆရာ/ဆရာမများ နားနေဆောင် ၁ ဆောင်အတွက် လှူဒါန်းငွေ ကျပ် ၆၄၅ သိန်း၊ ရွှေပြည်အေးမြို့သစ်တွင် ဘာသာရေး၊ သာသနာရေး ဆိုင်ရာ အဆောက်အဦများအတွက် လှူဒါန်းငွေ ကျပ် ၇၈၀ သိန်း၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးအတွက် လှူဒါန်းငွေ ကျပ် ၂၀၂ သိန်း၊ စာသင်ကျောင်းများ၊ သာသနာရေး အဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် နေအိမ်ဆောက်လုပ်ရန်အတွက် သစ်ပမာဏ ၅၁၂ တန်၊ တည်ဆောက်ရေးလုပ်ငန်းများမှ အသုံးပြုနိုင်ရန် ဒီဇယ်ဆီ ၂၉၀ ဂါလံ၊ ဟုမ္မလင်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စာသင်ကျောင်းများ၊ ဆေးရုံများ၊ သာသနာရေးအဆောက်အဦများ၊ ရုံး၊ ဌာနများအတွက် လှူဒါန်းငွေ ကျပ် ၁၉၁ သိန်း၊ ဟုမ္မလင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ရောင်းချငွေ သစ်ပမာဏ ၁၆၅ တန် လှူဒါန်းပါကြောင်း၊ ထို့အပြင် မြို့ကွက်သစ်ဖောထုတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ယာဉ်၊ ယန္တရားနှင့် စက်သုံးဆီများလည်း ပံ့ပိုးကူညီခဲ့ပါကြောင်း။  

ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ ကျွန်းထုတ်လုပ်ခြင်းကို မဆောင်ရွက်ဘဲ သစ်မာထုတ်လုပ်ခြင်း ကို လျှော့ချပြီး သစ်မာ တန် ၄၀၀၀ ခန့်သာထုတ်လုပ်ရန် လျာထားပါကြောင်း။ နိုင်ငံတော်အတွင်း သစ်ထုတ်လုပ်မှုဆောင်ရွက်ရခြင်းမှာ နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၊ အရေးပေါ် သဘာဝဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူလူထုသုံးစွဲရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ လက်ရှိအနေတွင် သစ်ထုတ်လုပ်မှုကိုလုံးဝရပ်ဆိုင်းနိုင်ခြင်း အခြေအနေမရှိသေးသော်လည်း သစ်ထုတ်လုပ်မှုကို အချိုးညီလျော့ချရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သစ်တော သယံဇာတအရင်းမြစ်များ ရေရှည်တည်တံ့တိုးပွားစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်ရေး တို့ကိုအထောက်ဖြစ်စေရန် သစ်ထုတ်လုပ်မှုပမာဏကို နှစ်စဉ်လျော့ချထုတ်လုပ်ရန် ရည်မှန်းချက်များ ချမှတ်ပြီး ၂၀၁၂-၁၃ ခုနှစ်တွင် ကျွန်း ၁၇ ရာခိုင်နှုန်းနှင့် သစ်မာ ၂၀ ရာခိုင်နှုန်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၃၁.၁၁ ရာခိုင်နှုန်းနှင့် သစ်မာ ၄၉.၉၂ ရာခိုင်နှုန်း လျော့ချထုတ်လုပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်တွင်းသစ်ထုတ်လုပ်မှုကို သိသိသာသာ လျော့ချသည့်အပြင် ၁-၄-၂၀၁၄ ရက်နေ့မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကိုလည်း ရပ်ဆိုင်းမည်ဖြစ်ပြီး သစ်အခြေခံ အချောထည်ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်ထုတ်လုပ်မှုကို သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းလျာထားချက်ပါ နှစ်စဉ်ထုတ်လုပ်ရ မည့် ပမာဏကို အခြေခံ၍လည်းကောင်း၊ သစ်မာထုတ်လုပ်မှုကို နှစ်စဉ်ထုတ်လုပ်ရမည့် ပမာဏထက်လျော့နည်း၍ လည်းကောင်း ထုတ်လုပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သစ်တောသယံဇာတအပေါ်မှီခိုမှုနှင့် လိုအပ်မှု များ လျော့နည်းလာသည်နၤှင့်အမျှ ထုတ်လုပ်မှုကဏ္ဍာကို တဖြည်းဖြည်း လျော့နည်းရပ်ဆိုင်းသွားရန် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအေး(ဟုမ္မလင်း) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သစ်ပါးလွှာ ထုတ်လုပ်ရေးလုပ်ငန်းကိုဆက်လက်ပြီး ဆောင်ရွက်သွားမည်မှာ ဒေသတွင်း အလုပ်အကိုင်ရရှိရေး ကို အထောက်အကူပြုသည့်အတွက် ကြိုဆိုပါကြောင်း၊ သို့သော် သစ်ပါးလွှာထုတ်လုပ်ရေးကုမ္ပဏီများသည် သစ်တော ကိုပြန်လည်ပြုစုထိန်းသိမ်းပေးရန် ထုတ်လုပ်လိုက်သော သစ်တန်ချိန်ပမာဏနှင့် အချိုးညီသော သစ်တောဧရိယာ များသတ်မှတ်ပြီး ပြန်လည်ပျိုးထောင်ပေးစေလိုပါကြောင်း တစ်ဆက်တစ်စပ်တည်း တိုက်တွန်းမေးမြန်း ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်‌့ သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်မှ ပြန်လည်ဖြေ ကြားပါသည်။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသစ်အခြေခံစက်မှုလုပ်ငန်းများ တိုးတက်ရန် ရည်ရွယ်သော်လည်း ရေ ရှည်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် သစ်အပေါ်အခြေခံပြီး ရေရှည် ရပ်တည်နိုင်ရန် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ထို့အပြင် သစ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် သစ်ထုတ် လုပ်သည့် တန်ပမာဏနှင့် ဧကကိုတွက်ချက်ပြီး သစ်တောစိုက်ခင်းများ ထူထောင်ရန် လုပ်ငန်းစဉ်များကိုလည်း အမျိုးသားလွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဆိုပါ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်လျှက်ရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော ကုမ္ပဏီအရေအတွက်၊ ပမာဏတို့ကို အသေးစိတ် စာရင်းပြုစု ထားရှိပါကြောင်း၊ အချို့သောဒေသများတွင် သစ်ထုတ်လုပ်သော်လည်း သစ်တောစိုက်ခင်းများ ပြန်လည်ထူထောင်ရာတွင် တောနေတောပျက် ပြန်လည် ထူထောင်ပါကြောင်း၊ တောနေတောပျက် ထူထောင်ရာတွင် ကုမ္ပဏီများ ပူးပေါင်းပါဝင်ဆောင်ရွက်စေပြီး အားလုံးပေါင်းတိုးပေးခဲ့သော ပမာဏသည် ၁၃၀၀၀၀ ဧက ခန့်ရှိပါကြောင်း၊ ယင်းဧက ၃၃၀၀၀ ခန့်တွင် လက်ရှိ ကျွန်းစိုက်ခင်းများ ထူထောင်ထားရှိပါကြောင်း၊ ယခုမေးမြန်းတင်ပြချက်များနှင့် ဆက်လျဉ်း၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် တွေ့ဆုံပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။