(ဂ)ဖောင်းပြင်- ဟုမ္မလင်း၊ ဟုမ္မလင်း- ဖောင်းပြင် လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် ဖောက် လုပ်ပေးရန်နှင့် ကိုးကန်ချောင်းကူး တံတားအား ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၁၀.၂၀၁၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အပါအဝင် အထက်ချင်းတွင်းဒေသသည် လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲသည့်အပြင် လွန်ခဲ့သော ၁၅ နှစ်ခန့်ကဦးအေး စတင်ဖောက်လုပ်ခဲ့သည့် ရေဦး-သက္ကကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးမြို့များကို ဆက်သွယ်ဖောက်လုပ်သော မဟာဗျူဟာလမ်းမကြီးသည်လည်း  ယနေ့တိုင်  အပြီးမသတ်နိုင်သေး သည့်အတွက် ပွင့်လင်းရာသီမှာ ပင် မော်တော် ယာဉ်များ ချောမွေ့ စွာသွားလာနိုင်ခြင်း မရှိသေးပါကြောင်း၊ ဘဏ္ဍာငွေ အကုန်အကျ အလွန်များလွန်းသော လုပ်ငန်းဖြစ်၍ နိုင်ငံတော်အစိုးရ၏ အခက်အခဲကိုလည်း နားလည်ပါသည့်အတွက် မဟာဗျူဟာ လမ်းမကြီးတစ်ခု လုံးကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ဆောင်ရွက်နိုင်ခြင်း မရှိသေးလျှင် ကူးသန်း သွားလာမှုများသော ဖောင်းပြင်-ဟုမ္မလင်းလမ်းပိုင်း၊ ဟုမ္မလင်း-ခန္တီးလမ်းပိုင်းကို အခိုင်အမာ ကွန်ကရစ်တံတားများဖြင့် တည်ဆောက်ကာ ပထမ အဆင့်အနေဖြင့် ကျောက်ချောလမ်း အဖြစ်ဖောက် လုပ်ပေးနိုင် ပါရန်နှင့် အဆိုပါလမ်းမကြီးပေါ်ရှိ မော်လိုက်မြို့နယ်အတွင်းကျရောက်သော ကိုးတန်ချောင်းကူး တံတား တည်ဆောက်ရေးကို အမြဲတမ်း သံကူကွန်ကရစ် တံတားအဖြစ်တည်ဆောက်ရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ပေး မည်ဟု ဦးလှထွန်း (ခန္တီး မဲဆန္ဒနယ်)၏ မေးခွန်းကို တတိယပုံမှန် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးတင့်မှ ဖြေကြားထားခဲ့သည့်အတွက်  ဖောင်းပြင်-ဟုမ္မလင်း၊ ဟုမ္မလင်း-ခန္တီးလမ်းပိုင်းကို ဦးစားပေး အနေနှင့် ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်း အဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် မော်လိုက်မြို့နယ်အတွင်းရှိ ကိုးတန်ချောင်းကူးတံတားကို ဝန်ကြီးဌာကပေးထားသည့် ကတိ အတိုင်း၂၀၁၃ -၁၄ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ သက္ကကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်မှာရှိ ဖောင်းပြင်- ဟုမ္မလင်းအပိုင်းသည် မိုင်တိုင် ၁၃၂မိုင်မှ မိုင်တိုင် ၂၀၀ အထိဆောက်လုပ်ရေးဝန်ကြီးဦးစိုးတင့် ၆၈ မိုင်ရှိပါကြောင်း၊ အဆိုပါလမ်းသည်  ကတ္တရာလမ်း ၅ မိုင် ၁ ဖာလုံသာရှိပြီး အမာခံလမ်း ၆၂ မိုင် ၄ ဖာလုံ၊  မြေလမ်း ၃ ဖာလုံကျန်ရှိနေတာကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသော မြေ သား ၃ ဖာလုံကို  အမာခံကျောက်ခင်း လမ်းအဖြစ် ဆောင်ရွက် မည် ဆိုပါက ရာသီမရွေးသွားလာနိုင်မည်ဖြစ်သည့်အတွက် မိမိတို့က စတင်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  ဖောင်းပြင်-ဟုမ္မလင်းအပိုင်းသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုငွေလုံး ငွေရင်း ရန်ပုံငွေကျပ်သန်း ၅၀၀၊ အထူးပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်သန်း ၉၃ သန်း၊ စုစုပေါင်း ရန်ပုံငွေကျပ် ၅၉၃ သန်းနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ကုန်အထိ

(၁)  လမ်းသားအနိမ့်အမြင့် အပိုင်းများ၌ ပေ ၄၀ အကျယ်မြေသားဘောင်တင်ခြင်း ၂ မိုင်တွင် ၁ မိုင် ၄ ဖာလုံကို လည်းကောင်း၊

(၂)   တောင်ပေါ်အပိုင်း အတက်အဆင်းမတ်စောက်ပြီး လမ်းကျဉ်းသည့်အပိုင်းတွင် ၃၄ ပေ အကျယ်မြေသားချဲ့ခြင်း ၄ မိုင် ၃ ဖာလုံတွင် ၁ မိုင် ၂ ဖာလုံကို လည်ကောင်း၊

(၃)  မြေတာဘောင်လုပ်ငန်းပြီးစီးသည့် အပိုင်းများကို ၂၄ ပေအကျယ် ကျောက်ရော မြေခင်းခြင်း ၆ မိုင် ၃ ဖာလုံတွင် ၁ မိုင် ၄ ဖာလုံကို လည်းကောင်း

(၄) တံတားနှင့် ရေပြွန်များ ပြုပြင်ခြင်းလုပ်ငန်း ၃ စင်းဆောင်ရွက်ရာတွင် ၁ စင်းတို့ကို  ဆောင်ရွက်ပြီးစီးဖြစ်ပါကြောင်းနှင့်

(၅) ဆက်လက်၍လည်း အုတ်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်း ၄ စင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လုပ်ငန်းအားလုံးကိုလည်း သတ်မှတ်လျာထားသည့်အတိုင်း ပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဖောင်းပြင်- ဟုမ္မလင်းလမ်းသည် ဒေသအခြေအနေအရ ခွဲကျောက်ထွက်ရှိခြင်းမရှိသည့် အတွက် ကျောက်စရစ်ရောမြေဖြင့် ရာသီမရွေးသွားလာနိုင်ရန် ဆောင်ရွက်ထားပြီး ယာဉ်သွားလာမှု တိုးတက်လာ သည့် အခြေအနေများပေါ်မူတည်ကာ ကတ္တရာလမ်း (သို့) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဖောင်းပြင်-ဟုမ္မလင်းလမ်းအပိုင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၉၂၁.၅ သန်း တင်ပြတောင်း ခံပြီး ဆောင်ရွက်ရန်လျာထားသော လုပ်ငန်းများမှာ

(၁)   လမ်းနိမ့်သည့်အပိုင်းများကို ပေ ၄၀ အကျယ် မြေသား တာဘောင်တင်ခြင်း ၉ မိုင် ၂ ဖာလုံ

(၂)  တောင်ပေါ်အပိုင်း အတက်အဆင်းမတ်စောက်ပြီး လမ်းကျဉ်းသည့်အပိုင်းများကို ၃၄ ပေ အကျယ်မြေသားလမ်း တိုးချဲ့ခြင်း ၁၃ မိုင် ၂ ဖာလုံ

(၃) ၂၄ ပေအကျယ် ကျောက်ရောမြေခင်းခြင်း ၄၉ မိုင်

(၄) ၁၀ ပေအမြင့် အုတ်စီမြေထိန်းနံရံတည်ဆောက်ခြင်း ၆၉၅ ပေ

(၅) အုတ်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်း ၁၄ စင်း စသည် တို့ကို ဆောင် ရွက်ရန် လျာထားလျက်ရှိပါကြောင်း။

ထို့ကြောင့် ဖောင်းပြင်-ဟုမ္မလင်း လမ်းအပိုင်းကို ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ်မူတည်ပြီး ရာသီ မရွေးသွားလာနိုင်သော လမ်းအဆင့်ရောက်ရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ကိုးတန်ချောင်းတံတားသည် သက္ကယ်ကျင်း-သံနန်းတောလမ်းပိုင်း မိုင်တိုင် ၄၄/၇ နှင့် ၄၅/၀ ကြားတွင်ရှိသောတံတား တစ်စင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ကျပ်သန်း ၅၀ ကိုတင်ပြ တောင်းခံပြီး ပေ ၃၀၀ အကျယ်ရှိသော သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေး မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။