(က)-နေပြည်တော်ရှိအားကစားကွင်း/ရုံ (Sports Complex)များအားမည့်သို့ဆက်လက်အသုံးချ သွားမည်နှင့်ကျောင်းသားအားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပသွားရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၃.၁၁.၂၀၁၃)

မိမိအနေဖြင့် အားကစားဆိုင်ရာမေးခွန်းနှစ်ခုမေးမြန်းသွားမှာဖြစ်ပါကြောင်း၊ ပထမမေးခွန်းမှာ မြန်မာ့ အားကစားတိုးတက်မြင့်မားလာရေး အတွက် နေပြည်တော်မှရှိ အားကစားကွင်း၊ အားကစားရုံ (Sport Complex) များကို အကျိုးရှိရှိ မည်ကဲ့သို့ ဆက်လက်အသုံးချသွားမည်နည်းနှင့် ဒုတိယမေးခွန်းမှာ အမျိုးသားအားကစား ပြိုင်ပွဲများနှင့် ကျောင်းသားအားကစား ပြိုင်ပွဲများကို နိုင်ငံတော်တွင် ဆက်လက်ကျင်းပသွားရန် အစီအစဉ်ရှိ/မရှိ ဆိုတဲ့မေးခွန်းများဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ အားကစားကဏ္ဍသည် သာမန်အားဖြင့် အသေးအဖွဲလို့ ယူဆနိုင်သော်လည်း နိုင်ငံတကာနှင့် နှိုင်းယှဉ် ပါက နိုင်ငံ၏ဂုဏ်သိက္ခာနှင့် များစွာသက်ဆိုင်သည့်အတွက် အလွန်ပင် အရေးကြီးလာရပါကြောင်း၊ ကမ္ဘာပေါ်မှာရှိ နိုင်ငံအသီးသီးတွင်လည်း ၎င်းတို့၏ဂုဏ်သိက္ခာအတွက် လည်းကောင်း၊ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်အဖြစ်လည်းကောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှု စွမ်းအားများ ဖော်ထုတ်ပြသမှုအဖြစ်လည်းကောင်း အားကစားကဏ္ဍကို အဖက်ဖက်မှ မြှင့်တင်နေကြတာကို တွေ့မြင်နေကြရ ပါကြောင်း၊ ယခုကဲ့သို့ အားကစား ကဏ္ဍကိုမြှင့်တင်ရာတွင် ထူးချွန်သော အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေး၊ အရည်အချင်းရှိသော အားကစားနည်းပြများ ပေါ်ထွက်ရေး၊ အဆင့်မီ ကောင်းမွန်သော အားကစားကွင်း၊ အားကစားရုံများ ပြည့်စုံလုံလောက်အောင် တည်ဆောက်ပေးရေးနှင့် အားကစား အထောက်အကူပြု ပစ္စည်းများနှင့် အားကစားပစ္စည်းများ ပြည့်စုံလုံလောက်စွာ ရရှိရေးတို့ကို ဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် မကြာမီအိမ်ရှင်အဖြစ် ကျင်းပတော့မည့် (၂၇) ကြိမ်မြောက် အားကစားပြိုင်ပွဲအတွက် လိုအပ်သည့်အားကစားကွင်း၊ အားကစားရုံတွေကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေများမှာ အဆင့်အတန်းမြင့်မားစွာနဲ့ နိုင်ငံတကာ အဆင့်မီ နိုင်ငံတော်မှ တည်ဆောက်ထားပြီး ဖြစ်ကြောင်းလည်း ကြားသိရပါသည်။ ယင်းအားကစားကွင်း အားကစားရုံများကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ပြီးဆုံးချိန်တွင် နိုင်ငံတော်အတွက် အကျိုးရှိအောင် စနစ်တကျဆက်လက်အသုံးချသွားရန် အထူးလိုအပ်ပါကြောင်း၊ ဥပမာအားဖြင့်တင်ပြရပါက ၂၀၀၉ ခုနှစ် (၂၅) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခဲ့သော လာအိုနိုင်ငံဟာ ပြိုင်ပွဲမတိုင်မီ တည်ဆောက်ခဲ့သော အားကစားကွင်း၊ အားကစားရုံများကို ပြိုင်ပွဲပြီးစီးတဲ့နောက်မှာ ပြန်လည်အသုံးချနိုင်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းသည့် အတွက်ကြောင့် ခြုံနွယ်ပိတ်ပေါင်းများနှင့် ပျက်စီးယိုယွင်းလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံ အနေဖြင့် ယခုတည်ဆောက်ပြီး စီးခဲ့သော နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံများကို ယခုကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၎င်းနောက်တစ်ဆက်တည်း ကျင်းပမည့် အရှေ့တောင်အာရှမသန်စွမ်း အားကစားပြိုင်ပွဲကို ကျင်းပပြီးစီးပြီးချိန်နောက်ပိုင်းတွင် မည်ကဲ့သို့အကျိုးရှိရှိ ဆက်လက်အသုံးချသွားမယ်ဆိုတဲ့ အစီအမံကို သိရှိလိုပါကြောင်း ပထမမေးခွန်း အဖြစ်မေးမြန်း ပါသည်။

ဒုတိယမေးခွန်းနေဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားအားကစားပွဲ တော်ကို (၃) ကြိမ်ကျင်းပခဲ့ပါကြောင်း၊ ၁၉၉၂ တွင်တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်နဲ့ ၁၉၉၇ ခုနှစ်တွင်တစ်ကြိမ် ကျင်းပခဲ့ကြောင်း သိရှိရရာ အမျိုးသားအားကစား ပြိုင်ပွဲများတွင် ပထမ အဆင့်ဝန်ကြီးဌာနအသင်းများ၊ ဒုတိယအဆင့်ပြည်နယ်/တိုင်းများ၊ တက္ကသိုလ်များ၊ တပ်မတော် (ရေ/လေ)နဲ့ တိုင်းစစ်ဌာနချုပ်များမှ အဆင့်နှစ်ဆင့်ခွဲပြီး ကျင်းပကြောင်း သိရှိရပါသည်။ ထို့ပြင် ကျောင်းသားအားကစားပွဲတော်များကိုလည်း (၈) ကြိမ်ကျင်းပ ခဲ့ကြောင်းလည်း လေ့လာတွေ့ရှိရရာ ၁၉၉၀ ပုသိမ်၊ ၁၉၉၁ ရန်ကုန်၊ ၁၉၉၂ တောင်ကြီး၊၁၉၉၃ စစ်တွေ၊ ၁၉၉၄ မြစ်ကြီးနား၊ ၁၉၉၅ လွိုင်ကော်၊ ၁၉၉၆ ထားဝယ်၊ နောက်ဆုံးအဋ္ဌမအကြိမ်အဖြစ် ၁၉၉၈ ခုနှစ်တွင် ဟားခါး မြို့တော်မှာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ကျင်းပရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကဦးစီး ကျင်းပခဲ့ပြီး အစပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နောက်ပိုင်းမှာ အားကစားဝန်ကြီးဌာနတို့က ကူညီပံ့ပိုးပေးခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ထိုကဲ့သို့ အမျိုးသားအားကစားပြိုင်ပွဲနှင့် ကျောင်းသား အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခဲ့တဲ့အချိန်က အရည်အချင်းပြည့်ဝသော အားကစားသမားများ နိုင်ငံတွင် စဉ်ဆက် မပြတ် ပေါ်ထွက်ခဲ့သည် ကိုလည်း ရလာဒ်ကောင်းများ အနေဖြင့် လေ့လာသိရှိရပါသည်။ သို့ရာတွင် ယင်းပြိုင်ပွဲများရပ်ဆိုင်းပြီးသွားနောက် အားကစားသမား ရှားပါးမှုပြဿနာကြောင့် မြန်မာ့အားကစား ကျဆုံးခဲ့ရကြောင်း၊ သုံးသပ်သူများကလည်း သုံးသပ်နေကြောင်း ကြားသိရပါသည်။ နိုင်ငံတကာတွင်လည်း အလားတူ အမျိုးသားအားကစားပြိုင်ပွဲများ အဆင့်ကို ၄ နှစ်တစ်ကြိမ်၊ ကျောင်းသားအားကစားပွဲများ အဆင့်ကိုတော့ သင့်တော်တဲ့ကာလ အလိုက် နှစ်စဉ် ပုံမှန်ကျင်းပနေကြကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။ ယင်းကဲ့သို့ကျင်းပရာတွင်လည်း ငွေကုန်ကြေးကျ များမည့် ပကာသန ပြသမှုများကို ရှောင်ရှားပြီး အမှန်တကယ် အားကစားပြိုင်ပွဲ စစ်စစ်များကိုသာ ကျင်းပခြင်းဖြင့် ထူးချွန်သော အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ အားကစားရုံများရှိပြီးဖြစ်သည့်အားလျော်စွာ မိမိတို့မြန်မာနိုင်ငံ အနေဖြင့် မြန်မာ့အားကစား တိုးတက်မြင့်မားရေး အတွက် အမျိုးသား အားကစားပြိုင်ပွဲများ နှင့် ကျောင်းသား အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ ပြုလုပ်ပေးသွားရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း  မေးမြန်းပါသည်။


အဖြေ

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပပြီးစီး သွားမည့် နောက်ပိုင်း ကာလများတွင် တည်ဆောက်ထားရှိပြီးဖြစ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတို့ကို အသုံးပြုပြီး အားကစားတက္ကသိုလ်တစ်ခု ဖွင့်လှစ်ရေးအတွက် စနစ်တကျ စီမံချက်ရေး ဆွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ လုပ်ငန်းအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လက်ရှိတည်ဆောက်ထားပြီးဖြစ်သော အားကစားကွင်း၊ အားကစားရုံနှင့် အားကစားရွာတို့အား အသုံးပြုပြီးအားကစားနည်းများအလိုက် အကယ်ဒမီကျောင်းများ၊ လေ့ကျင့်ရေးစခန်းများ အဖြစ် ဆက်လက်ထားရှိ အသုံးပြုသွားမည်ဖြစ်ပြီး အားကစား နည်းများအလိုက် ကာလတိုနှင့် ကာလရှည်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ် ပါသည်။ ၎င်းအပြင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ (Sport Complex) အတွင်း အားကစားဝါသနာ ရှင်များ၊ နေ့စဉ်အားကစားလှုပ်ရှားမှုများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် အားကစားဇုံနယ်မြေ အဖြစ်ဆက်လက်ဖန်တီးပေးသွားမည့်အပြင် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအားကစား ပြိုင်ပွဲများကိုပါ လက်ခံကျင်းပပေးခြင်း၊ အားကစားသုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများကို စခန်းသွင်း လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၌ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲခဲ့သော အမျိုးသားအားကစားပွဲတော် အား ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များမှာ နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် (၃)ကြိမ်တိုင် တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်ခဲ့၍ မြန်မာ့အားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးကို အထောက်အကူပြုခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးပါဝင်သော ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများရှိ အားကစားကလပ် အသင်းများ ပါဝင်ယှဉ်ပြိုင်သော Champion Challenge Cup ( C ) သုံးလုံးပြိုင်ပွဲများအား ကျင်းပပြုလုပ်၍ မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေ ရေးအတွက် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပြီး နောင်လာမည့် နှစ်များတွင် ယခင်ကအစဉ်အလာ ကြီးမားခဲ့သော အမျိုးသားအားကစားပွဲတော်ကို ၄ နှစ်လျှင်တစ်ကြိမ် ကျင်းပ ပြုလုပ်နိုင်ရေး နိုင်ငံတော်၏ ဦးဆောင်မှုကိုခံယူ၍ အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားအထောက်အကူပြု ပစ္စည်းများကို ဖြည့်တင်းပေးပြီး အရည်အချင်းရှိသော အားကစားနည်းပြများ ခန့်ထားလျက် ထူးချွန်သော အားကစား သမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိပါကြောင်း အဆင့်မြှင့် ပညာကဏ္ဍတွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၌ နှစ်စဉ်အားကစားပြက္ခဒိန် များရေးဆွဲ၍ ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ ဇုန်အဆင့်ပြိုင်ပွဲများ၊ ဇုန်အလိုက် (ဦးစီးဌာနအဆင်‌့) ပြိုင်ပွဲများ ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲများအား လည်းကောင်း အခြေခံပညာကဏ္ဍတွင် ၂၀၁၁ ခုနှစ်(ပထမအကြိမ်) အခြေခံပညာ ကျောင်းပေါင်းစုံကျောင်းသားအားကစားပြိုင်ပွဲများကို အားကစား နည်း ၁၃ မျိုးဖြင့်လည်းကောင်း၊ ၂၀၁၂ ခုနှစ် (ဒုတိယအကြိမ်)ကို အားကစားနည်း ၁၉ မျိုးဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် အဆင့် မြင့်ပညာနှင့် အခြေခံပညာအဆင့်အလိုက် အားကစားပြိုင်ပွဲများကို ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့်ဆပ်ကော်မတီ အဆင့်ဆင့်၏ အနီးကပ် လမ်းညွှန်မှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ပူး ပေါင်းကူညီမှုကိုရယူလျက် ချမှတ်ထားသည့် ရည်မှန်းချက် များနှင့် အညီ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။