(ခ)မြန်မာနိုင်ငံ၏သယံဇာတများအား ပြည်သူများ သိရှိစေရန် အသိပေးထုတ်ပြန်နိုင်မှု ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၁၀.၂၀၁၃)

မိမိအနေဖြင့် မြန်မာနိုင်ငံ၏သယံဇာတများကို မူဝါဒအရထုတ်ယူသုံးစွဲမှု၊ သုံးစွဲပြီး ကျန်ရှိမှုနှင့် နောင်ထုတ်ယူသုံးစွဲနိုင်မည့် အရေအတွက်နှင့် ဦးခင်မောင်ရွှေ (တမူး )ကာလ အား ပြည်သူူ များသို့ အသိပေးထုတ်ပြန်နိုင်မှု ရှိ/မရှိကို မေးမြန်း သွားမည်ဖြစ်ပြီး အဆိုပါမေးခွန်း တွင် သစ်တောကာလနှင့် ရှာဖွေသည့်ကာလဟူ၍ တင်ပြထားပါကြောင်း၊  သစ်တောကာလအနေနှင့် ကလေးဝမြို့နယ်တွင် မဟာမြိုင်ဟုခေါ်သော သစ်တောကြီး တည်ရှိပြီး တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ကြီး မြောက်များစွာ ရှိခဲ့သော်လည်း ယခုအခါ သစ်တောများကို ခုတ်ထွင်ကြသောကြောင့် သစ်တော များနှင့် ပတ်သက်၍  ထုတ်ယူမှုအနေအထားနှင့် အနာဂတ် အတွက် နောက်ပြန် လည်ဖြည့်ဆည်းမှု အပိုင်းကို ပြည်သူများ၏ ဆန္ဒဖြင့် အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း၊

(က) ကလေးဝမြို့နယ်နှင့် ဆက်စပ်သစ်တောကြိုးဝိုင်း အရေအတွက်နှင့် အမည်များ၊ (ခ) သစ်တောကြိုးဝိုင်း၏ ဧရိယာ အကျယ်အဝန်းများ၊ (ဂ) သစ်တောကြိုးဝိုင်းများရှိ သစ်အမျိုးအစားနှင့် အရွယ်အစားအလိုက် သစ်အရေအတွက်၊ (ဃ) သစ်တောကြိုးဝိုင်းမှ ထုတ်ယူပြီး သစ်အမျိုးအစား အရေအတွက်နှင့် ထုတ်ယူစဉ်ခဲ့က ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်စာရင်းများ၊ (င) သစ်တောကြိုးဝိုင်းအလိုက် နှစ်စဉ်ထုတ်ယူရန် လျာ ထားမှု၊ ဖြည့်ဆည်းအစားထိုး စိုက်ပျိုးရန်လျာထားမှုနှင့် အမှန်စိုက်ပျိုးမှု အရေအတွက်၊ (စ) သစ်တောကြိုးဝိုင်း များတွင် နှစ်စဉ်ပုံမှန်ထုတ်လုပ်မှုနှင့် တပေါင်းတစည်းတည်း ထုတ်ယူမှုခွင့်ပြုချက် အရ နိုင်ငံတော်၏ ဝင်ငွေများ၊ (ဆ) သစ်တောကြိုးဝိုင်းတွင် ယခုကဲ့သို့ ထုတ်ယူရန် မည်သည့်နှစ်အထိ ထုတ်ယူခြင်းပြုနိုင်မည်နှင့် (ဇ) သစ်တောကြိုးဝိုင်းများတွင် ဖြည့်ဆည်းအစားထိုး စိုက်ပျိုးလျက်ရှိသည့် သစ်အမျိုးအစားနှင့် အရေအတွက်၊ ထုတ်လုပ် သုံးစွဲနိုင်မည့်နှစ်နှင့် အရေအတွက်တို့ကို သိရှိလိုကြောင်း၊ ကျောက်မီးသွေးကဏ္ဍတွင်လည်း ယခင်က ကျောက်မီးသွေးကို လျာထားချက်နှင့် ထုတ်ယူခဲ့ပြီး ထိုကဲ့သို့ထုတ်ယူရာတွင် Under Ground အနေဖြင့် ထုတ်ယူပါကြောင်း၊  ယခုအချိန်တွင် တစ်ချို့ကုမ္ပဏီများသည် မြေပြင်အပေါ်လွှာများလှန်ပြီး ထုတ်ယူနေသည့် အတွက် ကလေးဝမြို့နယ်၏ သဘာဝပတ်ဝန်းကျင်မှာ  အပူချိြန်မင့်တက်လာသည့်အပြင် စက်ကိရိယာကြီးများဖြင့် ထုတ်လုပ်ကြခြင်းကြောင့် နန်စီပွန်၊ နန့်မော် စသည့် ကျောက်တောင်ကြီးများလည်း ကုန်ခမ်းသွားသဖြင့် သဘာဝသယံဇာတ အရင်းအမြစ်များကို ယခုကဲ့သို့ ထုတ်လုပ်နေမည်ဆိုပါက နောင်အနာဂတ် မျိုးစက်သစ်များ၏ အခက်အခဲများကို စဉ်းစားသင့်ပါကြောင်း၊ ထို့ကြောင့် ကျောက်မီးသွေးထုတ်လုပ်မှု အများအပြားရှိနေသော ကလေးဝ၊ မော်လိုက်၊ မင်းကင်းနှင့် ကနီမြို့နယ်များမှ ဒေသခံများ၏ ဆန္ဒအရ အောက်ပါမေးခွန်းများမေးမြန်း လိုပါကြောင်း။ (က) ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေးချော၏ လူမှုဗေဒ တွက်ချက်မှုအရ တည် ရှိနေသော ကျောက်မီးသွေးတန်ချိန်၊ (ခ) မူလတည်ရှိသော အရည်အတွက်၊ တူးဖော်ပြီးသော အရည်အတွက်နှင့် ကုမ္ပဏီများအလိုက်တူးဖော် ထုတ်ယူခဲ့သော အရည်အတွက်၊ (ဂ) ထိုထုတ်လုပ်မှု တန်ချိန်များ အရ ကျောက်မီးသွေး၏ ကျောက်မီးသွေးချော ထုတ်လုပ်ရန် မည်သည့်အချိန်အထိ ထုတ်လုပ်နိုင်ရန် တည်ရှိမှု အခြေအနေ၊ (ဃ) ကလေးဝ ကျောက်မီးသွေးတွင်းမှ ကုမ္ပဏီအလိုက် ထုတ်ယူလိုက်မှုအပေါ် နိုင်ငံတော်မှရရှိသည့် ဝင်ငွေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ကလေးဝမြို့နယ် သစ်တောသယံဇာတများ တည်ရှိမှု၊ ထုတ်ယူသုံးစွဲမှုနှင့် ကျန်ရှိမှု၊ နောင်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စီမံထားရှိမှုကိုဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အကျဉ်းမျှတင်ပြသွား မည်ဖြစ်ပါကြောင်း၊ ကလေးဝမြို့နယ် အတွင်းတွင် ကြိုးဝိုင်း ၁၀ ခု၊  မထုနှင့် တိုးချဲ့ ကြိုးဝိုင်း ( ၄၅၁၀၁)ဧက၊ သစ်ချောက်မိုင်းကြိုးဝိုင်း (၁၉၉၀) ဧက၊ ပုလင်ကြိုးဝိုင်း (၂၄၅၄၄) ဧက၊ ဝါးကြိုးဝိုင်း       (၈၄၅၁)ဧက၊ လဘင်ကြိုးဝိုင်း (၁၂၆၈၈)ဧက၊ မန်ပါကလေးကြိုးဝိုင်း (၄၀၄၈)ဧက၊ မဟာမြိုင်ကြိုးဝိုင်း (၄၅၁၉၀)ဧက၊ ဖုန်းသုံး ကြိုးဝိုင်း (၂၈၅၇၆)ဧက၊ ကြာပင်ကြိုးဝိုင်း       (၁၂၀၃၂) ဧကနှင့် ရွှေကျင်းကြိုးဝိုင်း (၉၂၀၆၀)ဧက၊ စုစုပေါင်း ၂၇၄ ၆၈၀ ဧက ရှိပါကြောင်း။

၂၀၁၀ပြည့်နှစ် သစ်တောသယံဇာတ ကောက်ယူမှုစာရင်းများအပေါ် အခြေခံပြီး ကလေးဝမြို့နယ်ရှိ  ကြိုးဝိုင်းတောများ အတွင်းတွင်  ရင်စို့လုံးပတ် ၂ပေနှင့် အထက် ကျွန်းပင် ၇.၁ သိန်း၊ အုပ်စု(၁) သစ်မာ ၁၃.၄သိန်း၊ အုပ်စု(၂) သစ်မာ ၃၁.၆ သိန်း၊ အုပ်စု(၃) သစ်မာ ၁၂.၃သိန်း၊ အခြားသစ်မာ ၃၁.၃သိန်း၊ စုစုပေါင်းအပင် (၉၉) သိန်းကျော် ရှိနေပြီး ၂၀၀၆-၀၇ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ ကလေးဝမြို့နယ်အတွင်း မြန်မာ့သစ်လုပ်ငန်းနှင့် ၎င်းတို့ကိုယ်စားပြုသော သစ်ထုတ်ကုမ္ပဏီ ၆ ခုမှ ကျွန်း (၂၆၉၂၈)ပင် သစ်မာ (၁၀၅၄၅၄)ပင်ကို သတ်မှတ်စည်းမျဉ်းနှင့်အညီ ခုတ်လှဲ ထုတ်လုပ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က အခွန်တော်ငွေ စုစုပေါင်း ကျပ် (၁၉၅.၄၄)သန်းရရှိပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၏ သစ်ထုတ်လုပ်မှုအပေါ်မှ ၆၅၆.၉ဘီလီယံကျပ် ရရှိခဲ့ကြောင်း၊ အဆိုပါ ကာလအတွင်း ကလေးဝမြို့နယ်တွင် ကျွန်းစိုက်ခင်း (၁၂၂၅)ဧက၊ ကျွန်းပင်ပေါင်း (၆၆၁၅၀၀)ပင် ကိုတည်ထောင်စိုက်ပျိုးပေးခဲ့ပါကြောင်း၊

သဘာဝတောများမှ သစ်များကိုထုတ်လုပ်ရာတွင်  သစ်များကိုရွေးချယ် ထုတ်လုပ်ခြင်းသာမက နောင် အနာဂတ်အတွက် တောထွက်အပင်များကို စာရင်းကောက်တိုင်းတာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ သဘာဝတောများ ပြုစုစောင့်ရှောက်ခြင်း တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်သော မြန်မာရွေးချယ်ခြင်း နည်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် ယခင်ခေတ်ကာလများတွင် နိုင်ငံတော် စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို သစ်ထုတ်လုပ်မှုအပေါ်တွင် အလေးပေး ဆောင်ရွက်ခဲ့သော် ယနေ့အချိန်အထိ သစ်ထုတ်လုပ်ရရှိနိုင်ခြင်းမှာ မြန်မာရွေးချယ်ခြင်းနည်းစနစ်၏ ကောင်းမွန်ခြင်း ဖြစ်ကြောင်း၊ ကလေးဝမြို့နယ် သစ်တောကြိုးဝိုင်းတောများတွင် သစ်တောစိုက်ခင်းများကို အစားထိုးဖြည့်ဆည်း စိုက်ပျိုးလျက်ရှိရာ ၁၉၈၄ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ကျွန်း (၃၅၆၅) ဧက၊ ပျဉ်းကတိုး (၉၃၀)ဧက၊ ပိတောက် (၁၇၀)ဧက၊ စုစုပေါင်း (၄၆၆၅)ဧကိ စိုက်ပျိုးခဲ့ပြီး ၎င်းစိုက်ခင်းများမှ အပင် (၂) သိန်းကျော်ခန့် ထွက်ရှိနိုင်သည်ဟု တွက်ချက်ထားပြီး ယေဘုယျအားဖြင့် ၂၀၂၄ခုနှစ် နောက်ပိုင်းတွင် ရင်စို့လုံးပတ် ပြည့်မှီသောသစ်များ စတင်ထုတ်ယူနိုင်မည်ကို ခန့်မှန်းထားပါကြောင်းနှင့် ကလေးဝမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသိုက် တည်ရှိမှု၊ တူးဖော်ထုတ်လုပ်မှု၊ ကျန်ရှိမှုနှင့် နောင်ထုတ်ယူ သုံးစွဲနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ကလေးဝမြို့နယ် ကျောက်မီးသွေးသိုက်များ၏ တိုင်းတာ တွက်ချက်မှုအရ စုစုပေါင်းပမာဏတန်ချိန် (၂၀၅.၀၄)သန်းရှိကြောင်း၊ စုစုပေါင်းတူးဖော် ထုတ်လုပ်ပြီးတန်ချိန် (ဝ.၉၆)သန်းဖြစ်ပြီး လက်ကျန်စုစုပေါင်းပမာဏသည် တန်ချိန် ၂၀၄.၀၈ သန်းရှိပြီး ကုမ္ပဏီများမှ ထုတ်ယူခဲ့မှုအပေါ်တွင် နိုင်ငံတော်မှရရှိပြီး ဓာတ်သတ္တုခွန်နှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေမှု အချိုး၏ ဝင်ငွေစုစုပေါင်း ကျပ် ၁၅၄၁.၉၄သန်းတို့ ဖြစ်ကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီ ၁၁ ခုမှ ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်တွင် ကျောက်မီးသွေး (၉၉၁၆၅)တန် ထုတ်လုပ်ခဲ့ပြီး လက်ကျန်ကျောက် မီးသွေးခန့်မှန်းတန်ချိန် (၂၀၁၄.၀၈)သန်း ကျန်ရှိနေသေးသည့် အတွက် နှစ်စဉ်ထုတ်လုပ်မှု ပမာဏအရ ရေရှည်ထုတ်လုပ် သွားနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း သယံဇာတအရင်းအမြစ်များ တူးဖော် ထုတ်လုပ်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်သကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်းများစွာ အထောက် အကူပြုသော်လည်း သယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှုများကို ဆန်းစစ်ရန် လိုသည်အပြင် မျက်မှောက်ကာလ ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ် ကျရောက်မှုများကို လျော့နည်းသက်သာစေရန် သဘာဝဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင် အထည်ဖော်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် မတ်လတွင် ပတ်ဝန်းကျင်းထိန်းသိမ်းရေး ဥပဒေကို ပြဌာန်းထုတ်ပြန်ပြီး နည်းဥပဒများပြဋ္ဌာန်းထုတ်ပြန်ရန်ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထုတ်ပြန်ထားပြီး ဥပဒေပါ ပြဌာန်းချက် များနှင့်အညီ သယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ မဆောင်ရွက်မီ ကနဦး ဆန်းစစ်လေ့လာခြင်း ၊ ပတ်ဝန်းကျင်ထိခိုက်သက်ရောက်မှုများကို ဆန်းစစ်ခြင်း ၊ အနီးပတ်ဝန်းကျင်ရှိဒေသခံ ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေးအပေါ် ထိခိုက်သက်ရောက်မှုများ ကိုဆန်းစစ်ခြင်းများကို စနစ်တကျဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရလဒ်များကိုအခြေခံပြီး ပတ်ဝန်းကျင်း၊ လူမှုရေးနှင့် ကျန်းမာရေးထိခိုက်မှုများကို ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်မည့်အစီအစဉ် ပါဝင်သည့် ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုဆိုင်ရာစီမံချက် (Environmental Management Plan)တို့ကို ရေးဆွဲပြီး စီမံချက်အတိုင်း လိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတကာတွင် တွင်းထွက်ပစ္စည်းများအပါအဝင် မြေပေါ်မြေအောက်သယံဇာတအရင်အမြစ်များ တူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ မြင်သာမှုရရှိစေ‌ရေးအတွက် အဖွဲ့အစည်းတစ်ရပ် တည်ထောင် ထားပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း မြန်မာသယံဇာတ အရင်းအမြစ်တူးဖော်ရေး၊ စက်မှုလုပ်ငန်း များ မြင်သာ မှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Myanmar Extractives Industries Transparency Initiative) ဖွဲ့စည်း တည်ထောင်ပြီး နိုင်ငံတော်အတွင်း သယံဇာတ အရင်းအမြစ်တူးဖော် ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်နိုင်ရေးနှင့် အထက်ဖော်ပြပါ နိုင်ငံတကာအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။