နိုင်ငံခြား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံကို လာရောက်လေ့လာခြင်းဖြင့် မြန်မာနိုင်ငံရှိ လက်မှုပညာရှင်များ၊ အမှတ်တရအရောင်းဆိုင်များ၊ ခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားအကျိုးဆောင်လုပ်ငန်းများ စသည့် ပြည်သူများ၏ ဘဝသည် တိုးတက်အဆင်ပြေလာမည်ဖြစ်ပြီး တိုင်းပြည်၏ ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် လေ့လာလည်ပတ်ရန် အကောင်းဆုံးစာရင်းတွင် ပါဝင်လာပြီး ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လာသည်ကို တွေ့ရပါကြောင်း၊ အထူးသဖြင့် မြန်မာလူမျိုးတို့၏ သြင်္ကန်တွင်းကာလတွင် မြန်မာတို့နှင့်အတူ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲလိုသဖြင့် လာရောက်လေ့လာလည်ပတ်သူ နိုင်ငံခြားသားများစွာ ရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံခြားသား ခရီးသည်များ ငွေလဲလှယ်ရေးအတွက် ရုံးပိတ်ရက်ရှည်သဖြင့် အခက်အခဲများစွာရှိသောကြောင့် ရုံးပိတ်ရက် များတွင် ဘဏ်များနှင့် Money Changer များကို ဗဟိုဘဏ်မှကွပ်ကဲ၍ ခရီးသွားလုပ်ငန်းအတွက် အဓိကကျသော မြို့နယ်တိုင်း၌ အလှည့်ကျဖွင့်လှစ်ပါက နိုင်ငံခြားသား ခရီးသည် များနှင့် ပြည်တွင်းနေ ပြည်သူများ ငွေလည်ပတ်မှု အဆင်ပြေနိုင်မည်ဖြစ်ပါ၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ြ
မန်မာနိုင်ငံဗဟိုတော်ဘဏ်မှ နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများဖြစ်သော Money Changer ကောင်တာ များ ဖွင့်လှစ်နိုင်ရန် လိုင်စင်ကို ဘဏ် ၂၁ ခုနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီ ၁၇၅ ခုကို လိုင်စင်ချ ထားပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘဏ်တစ်ခုချင်းစီ၊ ဘဏ်မဟုတ်သော ကုမ္ပဏီ တစ်ခုချင်းစီမှ Money Changer ကောင်တာများကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဖွင့်လှစ်၍ ဆောင်ရွက်နေကြပါကြောင်း၊ ၂၀၁၅ ခုနှစ် သြင်္ကန်ရုံးပိတ်ရက်ရှည်ကာလတွင် KBZ ဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ် စသည့် ဘဏ်များက နိုင်ငံခြားခရီးသွားများအတွက် အဓိကအချက်အချာကျသော နေရာများဖြစ်သည့် ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်၊ ဟဲဟိုးလေဆိပ်၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်ဈေး၊ ဒဂုံစင်တာ စသည့် နေရာများ တွင် ငွေလဲကောင်တာများ ဖွင့်လှစ်ခဲ့ပါကြောင်း၊ နိုင်ငံခြားခရီးသွားများသည် မိမိတို့မြန်မာနိုင်ငံကိုလာသည့်အခါ သို့မဟုတ် တစ်ခြားနိုင်ငံများကို သွားသည့်အခါ ငွေကြေး Cash ကို များများစားစား ကိုင်ဆောင်လေ့ မရှိပါကြောင်း၊ လွန်ခဲ့တဲ့ နှစ် ၂၀ ပတ်ဝန်းကျင်က ငွေကြေး Cash ကို မကိုင်ဘဲ TC ခေါ် Travel Cheque များကို ယူဆောင်ပြီး ရောက်သည့်နိုင်ငံများတွင် Travel Cheque ကို Cash နှင့် လဲလှယ် အသုံးပြုခဲ့ကြပါကြောင်း၊ နောက်ပိုင်းတွင် International Credit Card များ၊ Visa Card များ၊ Master Card များ ပေါ်လာချိန်တွင် International Credit Card များကို သယ်ဆောင်ပြီး သုံးကြပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် International Credit Card များဖြစ်သည့် Visa Card၊ Master Card များကို အကုန်လုံး သုံး၍ ရနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် International Credit Card များ သုံးရန် အဆင်မပြေသေးသည့်အတွက် မြန်မာနိုင်ငံကို လာရောက်သော ကမ္ဘာလှည့်ခရီးသွားများက တစ်ခြားနိုင်ငံများကို သွားသည့် ပုံစံမျိုးမဟုတ်ဘဲ Cash ကို ပိုမိုပြီး သယ်ဆောင်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများ အဆင်ဖြေရန်အတွက် တစ်ခြားနိုင်ငံများကဲ့သို့ International Credit Card များဖြစ်သည့် Visa Card၊ Master Card ကို Card မသုံးတော့ဘဲ Card ထဲက တိုက်ရိုက်ငွေပေးချေနိုင်မည့်စနစ်ကို ရှိရန် အရေးကြီးပါကြောင်း၊ ယင်းစနစ်သာ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက သြင်္ကန်ရုံးပိတ်ရက်ရှည်တွင် Money Changer အရေအတွက်နည်းခြင်း၊ သို့မဟုတ် Money Changer များ မရှိခြင်း ပြဿနာများ ဖြစ်လာမည် မဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အခုလက်ရှိမှာ International Visa Card၊ Master Card များနှင့် တိုက်ရိုက်ငွေပေးချေမှုများ ဖြစ်နေပြီးဖြစ်ပါကြောင်း၊ မြို့ကြီးများတွင် နိုင်ငံခြားသားများ အသွားများသည် နေရာဖြစ်သော စားသောက်ဆိုင်ကြီးများတွင် International Viza Card၊ Master Card များနှင့် တိုက်ရိုက်ငွေပေးချေမှုများ လုပ်နိုင်နေပြီဖြစ်ပါကြောင်း၊ သို့သော် မြန်မာတစ်နိုင်ငံလုံးအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးပါကြောင်း၊ International Credit Card များကို ငွေပြန်ဖော်တာ၊ Cash ပြန်ဖော်သည့် စနစ်သည်လည်း အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဓိကကုမ္မဏီကြီးများဖြစ်သော KBZ ဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ် စသည့် ဘဏ်များ၏ ATM Machine များတွင် International Veza Card၊ Master Card များဖြင့် တိုက်ရိုက်မြန်မာငွေထုတ်ယူနိုင်သည့် စနစ်များ ဖွံ့ဖြိုးနေပြီဖြစ်ပါကြောင်း၊ သို့သော် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ATM Network များ ကျယ်ကျယ်ပြန့်ပြန့် မရှိနိုင်သေးပါသော်လည်း ATM Network များကို မြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့၊ မန္တလေးမြို့၊ ရှော့ပင်းစင်တာများ၊ နိုင်ငံခြားသားများ အမြဲတမ်းသွားနေသည့် အဓိကကျသည့် နေရာများတွင် ATM Network များကို တိုးချဲ့လာကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ဖော်ပြပါ စနစ်များ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသည့်အချိန်တွင် Money Changer များ ပိုမိုပြီးရှိရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် သြင်္ကန်ရက်အတွင်း ရုံးပိတ်ရက်ရှည်များတွင် Money Changer ကောင်တာများ ဖွင့်လှစ်နိုင်ရေး အစီအစဉ်ကို Money Changer လိုင်စင်ရရှိထားသော ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီများကို မေးမြန်းသည့်အခါ ဘဏ်ကြီးများဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်များက သြင်္ကန်ရက်အတွင်းရုံးပိတ်ရက်ရှည်တွင်လည်း ၂၀၁၅ သြင်္ကန်ရက်အတွင်းကကဲ့သို့ ၂၀၁၆ ရုံးပိတ်ရက်များတွင် အဓိကကျသော နေရာများတွင် Money Changer များ ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တစ်ချို့ပုဂ္ဂလိကဘဏ်များကလည်း အချက်အချာကျသော နေရာများတွင် အလိုအလျောက် နိုင်ငံခြားငွေလဲလှယ်ရေး စနစ်ဖြစ်သည့် Money Changer ATM များ၊ Foreign Exchange ATM များကိုလည်း တပ်ဆင်ထားရှိရန် စီစဉ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြင်္ကန်ကာလရက်ရှည်ရုံးပိတ်ရက်များတွင် Money Changer ကောင်တာများကို အလှည့်ကျ ဖွင့်လှစ်နိုင်ရန် Money Changer လိုင်စင်ချထားသော ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီများ ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
