(ဂ)-မြန်မာနိုင်ငံ၊အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏အုပ် ချုပ်ရေးနယ်မြေ နယ်နိမိတ်များစနစ်တကျပြန်လည် စိစစ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၇)ရက်မြောက်နေ့ (၁၆.၇.၂၀၁၅)

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်နိမိတ်များဖြစ်သော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ နယ်နိမိတ်နှင့် ပတ်သက်ပြီး နေရာဒေသအချို့တွင် အငြင်းပွားဖွယ်ရာ တွေ့ရှိနေရပါကြောင်း၊ မြေစီမံခန့်ခွဲရေးနှင့် မြေအသုံးချခွင့် အတွက် စီမံဆောင်ရွက်ရာတွင်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်အတွက် စီမံဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်က ဥပဒေနှင့်အညီ စီမံဆောင်ရွက်နိုင်ရေးအတွက် တိကျမှန်ကန် ခိုင်မာသည့် နယ်နိမိတ်အပိုင်းအခြား သတ်မှတ်သော အထောက်အထားများ လိုအပ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်က စီမံခန့်ခွဲဆောင်ရွက်သည့်နေရာတွင် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ခြင်း၊ တိကျမှန်ကန်ခိုင်မာ မျှတရေးသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁) ဥပဒေပြုစာရင်းတွင် လုပ်ပိုင်ခွင့်အမြောက်အမြားကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ခွဲဝေအပ်နှင်းရန် စီစဉ်နေပြီဖြစ်ပါကြောင်း၊ မြေအသုံးချမှု ပိုမိုကျယ်ပြန့်လာမည်ဖြစ်သောကြောင့်  အုပ်ချုပ်ရေးအဖွဲ့ အဆင်‌့ဆင့်၏ နယ်မြေပိုင်းခြားသတ်မှတ်သည့် နယ်နိမိတ်ကိစ္စသည် အလွန်အရေးပါလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရအနေဖြင့် ပညာရှင်များ ပါဝင်သော ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ အုပ်ချုပ်ရေးနယ်မြေ နယ်နိမိတ်များ စနစ်တကျပြန်လည် စိစစ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ တွင် နိုင်ငံတော်ကို တိုင်းဒေသကြီး ခုနှစ်ခု၊ ပြည်နယ် ခုနှစ်နှင့် ပြည်ထောင်စုနယ်မြေများနှင့် ပိုင်းခြားသတ်မှတ်ထားရှိပြီး ပုဒ်မ ၅၀(က)တွင် နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာများကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်နေရာတွင် တိုင်းဒေသကြီး ခုနှစ်ခု၊ ပြည်နယ် ခုနှစ်ခု၊ နေပြည်တော်၊ ခရိုင်(၇၄)၊ မြို့နယ်(၃၃၀)၊ မြို့ (၄၂၅)၊ ရပ်ကွက်(၃၂၀၆)၊ ကျေးရွာ အုပ်စု(၁၃၆၀၂)၊ ကျေးရွာ (၆၃၈၃၇)နှင့် နယ်နိမိတ်များ စနစ်တကျ သတ်မှတ်ဆောင်ရွက်ထားရှိပြီး အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်က စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ နယ်နိမိတ်များကို (UTM)မြေပုံများတွင် ရေးဆွဲဖော်ပြထားရှိပြီးှ မြို့နယ် အတွင်းတွင်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်များကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကွင်းမြေပုံများနှင့် ပိုင်းခြားသတ်မှတ်ထားရှိပါကြောင်း၊ နယ်နိမိတ်များ သတ်မှတ်ထားရှိသည့်အတိုင်း အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်က နယ်နိမိတ်အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ် အငြင်းပွားမှုကိစ္စများ ဖြစ်ပေါ်လာမည်ဆိုလျှင် တိုင်းတာသတ်မှတ်ထားပြီးဖြစ်သော (UTM) မြေပုံပေါ်ရှိ နယ်နိမိတ်အမှတ်အသားများ၊ ကွက်စိတ် တိုင်းတာ ထားသည့် ကွင်းမြေပုံပေါ်တွင် အခြေခံပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သော ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဒေသခံပြည်သူလူထု၊ ရပ်မိရပ်ဖများ၏ သဘောထားကို ပေါင်းစပ်ညှိနှိုင်း၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံဆောင်ရွက်သည့်နေရာတွင်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၏ အုပ်ချုပ်ရေးနယ်မြေ နယ်နိမိတ်များဖြစ်သည့် စနစ်တကျ သတ်မှတ်ဆောင်ရွက်ထားရှိခဲ့ပြီး ဖြစ်သော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်များနှင့်ပတ်သက်၍ အငြင်းပွားမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့က သတ်မှတ်ထားရှိသည့် နယ်နိမိတ်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး နယ်နိမိတ်များကို ပြင်ဆင်ရန်၊ ဖွဲ့စည်းရန်၊ အမည်ပြောင်းလဲရန်၊ လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိသည့် အတွက်ကြောင့် အစိုးရအဖွဲ့အနေဖြင့် ပညာရှင်များ ပါဝင်သည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ အုပ်ချုပ်ရေးမှူးအဖွဲ့အဆင့်ဆင့်၏ အုပ်ချုပ်ရေးနယ်မြေ နယ်နိမိတ်များကို ပြန်လည်စိစစ်သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။