(ခ)-မျိုးဆက်သစ်လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်း မပြု နိုင်ရန်အတွက် မူးယစ်ဆေးဝါးများ တရားမဝင် သယ်ဆောင်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းများပပျောက်စေ ရန်နှင့်ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ခြင်းကိုတိတိ ကျကျ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၇)ရက်မြောက်နေ့ (၁၆.၇.၂၀၁၅)

ဘိန်းအပါအဝင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးများကို သုံးစွဲပါက လူသားအားလုံး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးပြီး လူသားအရင်းအမြစ်များကို ပျက်စီးစေနိုင်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က ဘိန်းနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် ၁၉၉၉-၂၀၀၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၁၄ ထိ ၅ နှစ်စီမံကိန်း ၃ ကြိမ်သတ်မှတ်ပြီး ၁၅ နှစ်စီမံကိန်းဖြင့် ရှမ်း(မြောက်)၊ ဝနယ်မြေနှင့် ရှမ်း(အရှေ့)နယ်မြေများတွင် အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊  သို့သော် ယနေ့အထိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ်ကြောင့် လျော့နည်းပပျောက်မှု လိုအပ်ခြင်းများအတွက် လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၄-၁၅ စပြီး ၂၀၁၈-၁၉ အထိ စတုတ္ထ ၅ နှစ်စီမံကိန်း စီမံနေပါကြောင်း၊ ဘိန်းအပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ကာကွယ်တားဆီးရေးအဖွဲ့(ဗဟို)အနေဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် ထိန်းကျောင်းရေးအဖွဲ့၊ တားဆီးနှိမ်နင်းရေးနှင့် စီမံရေးအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့၊ ကျောင်းသားကျောင်းသူများ အား အသိပညာပေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့နှင့် ဖွဲ့စည်းဆောင်ရွက်နေသော်လည်း ယနေ့အထိ အဆိုပါပစ္စည်းများ ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးနေမှုများ ဖမ်းဆီးရမိခြင်းကို သတင်းစာထဲတွင် နေ့စဉ်နေ့တိုင်း တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပပျောက်ရေးအတွက် အဓိကကျသည့်ထုတ်လုပ်၊ သယ်ဆောင်သူ၊ ဖြန့်ဖြူး၊ ရောင်းချသူနှင့် သုံးစွဲသူကို ထိရောက်သောပြစ်ဒဏ်ချမှတ်ခြင်းများ တိတိကျကျဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ပြီး ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၁၄ အထိ ငါးနှစ်စီမံကိန်း သုံးပိုင်းခွဲပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းကာလ ကို ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ အထိ နောက်ငါးနှစ် သက်တမ်းထပ်မံတိုးမြှင့်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့့်် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လူထုလှုပ်ရှားမှုအသွင်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်တစ်ရပ် (ယင်းမာစီမံချက်)ကို ၂၆-၅-၂၀၁၅ ရက်နေ့မှ ၂၆-၆-၂၀၁၅ ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

စီမံချက်နယ်မြေအဖြစ် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို ဇုန်(၁)၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသကို ဇုန်(၂)နှင့် ရှမ်းပြည်နယ်ကို ဇုန်(၃)အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊  စီမံချက်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၊ သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ကုသရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များ အသိပညာပေး ရေးအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံဆော်ပေးရေးအဖွဲ့၊ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့ နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ (MANA) တို့မှ စီမံချက်ပါလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ၎င်းယင်းမာစီမံချက်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအစည်းအဝေး (၅၄)ကြိမ် ပြုလုပ်ခဲ့ပြီး မြို့နယ် ၇၁ မြို့နယ်တွင် မူးယစ်ဆေးဝါးပညာပေး ဆိုင်းဘုတ် ၁၉၀၀ စိုက်ထူကာ Sticker ပိုစတာ ၅၇၀၀ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများကို တစ်နိုင်ငံလုံး ၂၂၃ နေရာတွင် ကျင်းပခဲ့ပြီး အင်အား ၂၅၇၁၇ ဦး တက်ရောက်ခဲ့ကာ ပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေနိုင်ခဲ့ပါကြောင်း၊ (၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနား များကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ပြုလုပ်နိုင်ခဲ့ပါကြောင်း၊

၂၆-၆-၂၀၁၅ ရက်နေ့တွင် ကျရောက်သည့် (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ၂၀၁၄-၁၅ ခုနှစ်အတွင်း၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်အခွန်ဦးစီးဌာနတို့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးကျပ် ၂၇၇၆၈၂.၈ သန်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း၊ သီးနှံအစားထိုးစိုက်ပျိုးရေး အဖွဲ့အနေဖြင့် စပ်မျိုးစပါး၊ စပါး၊ မြေပဲ၊ ပဲပုပ်၊ စပ်မျိုးပြောင်း၊ ဓာတ်မြေသြဇာ၊ နှစ်ရှည်ပျိုးပင်များကို ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးနည်းစနစ်သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မွေးမြူရေးအဖွဲ့အနေဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးအခမဲ့ထိုးပေးခြင်း၊ ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်များကို ဆေးကုသပေးခြင်း၊ အခြေခံမွေးမြူရေးနှင့် ကျေးလက်တိရစ္ဆာန်ကျန်းမာရေးသင်တန်း ၂၂ ခုကို ဖွင့်လှစ်ပြီး တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ပညာပေးဆွေးနွေးခြင်းနှင့် တိရစ္ဆာန်ရောဂါအကြောင်း ဟောပြောခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ‌ဆေးကုသရေးအဖွဲ့အနေဖြင့် One Stop Service ဖွင့်လှစ်ထားသော နေရာများတွင် လူနာသစ် ၁၅၅ ဦးတက်ရောက်ခဲ့ပြီး မက်သာဒုန်းဆေးရည် တိုက်ကျွေးရေးစင်တာ ၄၁ နေရာတွင် ဆေးဖြတ်လူနာ ၈၄၀၀ ဦးကို နေ့စဉ် မက်သာဒုန်းဆေးရည် တိုက်ကျွေးမှုကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လူနာသစ် ၅၅၂ ဦးကိုလည်း အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ စစ်ဆေးပြီး ၃၂၀ ဦးကို ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ၁၁၈၄ ဦးကို HIV ပိုးရှိ/မရှိ စစ်ဆေးခြင်း၊ ရောဂါပိုးရှိသူ ၂၅၅ ဦးကို ART ဆေးတိုက်ကျွေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့် ညောင်ရွှေနှင့် ပေါက်ခေါင်းမြို့နယ် တို့တွင် စေတနာ့ဝန်ထမ်း၊ မူးယစ်ကြီးကြပ်မှုဝန်ထမ်းဖွင့်လှစ်ပို့ချခဲ့ပြီး မြို့နယ် ၁၃ မြို့နယ်ရှိ မျက်မမြင်ကျောင်း၊ နားမကြားကျောင်း၊ လူငယ်သင်တန်းကျောင်းနှင့် ပရဟိတဂေဟာများတွင် မူးယစ်ဆေးဝါးပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊

ကျောင်းသားလူငယ်များ အသိပညာပေးရေးအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲတွေကို တက္ကသိုလ် ၃၂ ခု၊ ကောလိပ် ၁၃ ခု၊ အခြေခံပညာကျောင်းပေါင်း ၂၄၄ ကျောင်း၌ ကျင်းပခဲ့ရာ ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသား ၁၀၄၂၄၀ ဦး တက်ရောက်ခဲ့ပါကြောင်း၊ ပြည်သူများ ပညာပေးလှုံဆော်ရေးအဖွဲ့အနေနဲ့ စီမံချက်ကာလအတွင်း၌ ၄၁၅ မြို့ တွင် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ် စာစောင်ပြသမှုများကျင်းပခြင်းနှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ခြင်း၊ ပညာပေးဟောပြောပွဲများကျင်းပခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ထိန်းချုပ်ဓာတု ပစ္စည်းများ ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ် ၁၂ မြို့နယ်၌ ဆောင်ရွက်ခဲ့ပြီး ထိန်းချုပ် ဓာတုပစ္စည်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများကို မြို့နယ် ၁၇ မြို့နယ်တွင် ကျင်းပခဲ့ပါကြောင်း၊

မူးယစ်ဆေးဝါးနှိမ်နှင်းရေးအနေဖြင့် ၂၀၁၃ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် မတ်လအထိ ကလေး- တမူးဒေသတွင် သီတာ စစ်ဆင်ရေး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရွှေလီစစ်ဆင်ရေး၊ ဟုမ္မလင်း-ခန္တီး-ဖောင်းပြင်ဒေသတွင် ချင်းတွင်းစစ်ဆင်ရေး၊ မန္တလေး-ကျောက်ဆည်-ပြင်ဦးလွင်ဒေသတွင် ရတနာပုံစစ်ဆင်ရေး၊ မန္တလေးတိုင်‌းဒေသကြီးတစ်ခုလုံးတွင် ရတနာပုံစစ်ဆင်ရေး(၂)၊ ကရင်ပြည်နယ်တွင် ဇွဲကပင်စစ်ဆင်ရေး၊ မွန်ပြည်နယ်တွင် ရာမညစစ်ဆင်ရေး၊ တရုတ်-လာအို-ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် မဲခေါင်စစ်ဆင်ရေး စုစုပေါင်း စစ်ဆင်ရေး ၈ ခုဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးအမှုပေါင်း ၆၁၇ မှု၊ တရားခံ ကျား၊ မ ပေါင်း ၈၈၆ ဦးတို့ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုး ကျပ် ၁၂၀၈၅.၃၇၉ သန်းနှင့် မူးယစ်ဆေးဝါးရောင်းရငွေ ကျပ် ၄၁.၂၈၉ သန်း သိမ်းဆည်းရခဲ့ပါကြောင်း၊ ၁၁-၅-၂၀၁၅ ရက်နေ့မှ စ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မဲခေါင်(၂)စစ်ဆင်ရေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် သံလွင်စစ်ဆင်ရေးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ရွှေလီ(၂) စစ်ဆင်ရေးတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းပြစ်မှုကျူးလွန်သူများကို ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ချမှတ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ၁၉၉၃ ခုနှစ် မှစ၍ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ဥပဒေအမှတ် ၁/၉၃ နှင့် ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်ပြီး အခန်း (၉)ခန်းပါဝင်ကာ အခန်း(၈)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်ကို ပြဋ္ဌာန်းထားရာ ပုဒ်မ ၁၅ မှ ၂၅ အထိ ပါဝင်ကြောင်း၊ ဥပမာအနေဖြင့် ပုဒ်မ ၁၅ အရ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးသည် ဆေးကုသမှုမှတ်ပုံတင်ရန် ပျက်ကွက်မည်ဆိုပါက အနည်းဆုံးထောင်ဒဏ် သုံးနှစ် မှ အများဆုံးငါးနှစ်အထိလည်းကောင်း၊ ပုဒ်မ ၁၆ အရ သုံးစွဲရန်အလို့ငှာ မူးယစ်ဆေးဝါး (သို့) ဥပဒေအရ တားမြစ်ထားသည့် စိတ်ပြောင်းဆေးဝါးတစ်မျိုးမျိုးကို လက်ဝယ်ထားရှိလျှင် အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၁၉ အရ ရောင်းချရန်အလို့ငှာ ဆောင်ရွက်သည့် ကျူးလွန်မှုများအတွက် ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ နှစ် အကန့်အသတ်မရှိ ထောင်ဒဏ်အထိလည်းကောင်း၊ ပုဒ်မ ၂၀ အရ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ သေဒဏ်အထိလည်း ကောင်း ချမှတ်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။

ထို့အပြင် ပုဒ်မ ၂၄ အရ ပြစ်မှုကျူးလွန်ပြီး ရရှိသည့်ငွေကြေးအကျိုးအမြတ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူနိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်း လေ့လာတွေ့ရှိရမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သကဲ့သို့ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်နေသည့် ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလျက်ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် အမှုပေါင်း ၂၆၁၇ အနက် ၉၅ မှုမှာ စုစုပေါင်း တန်ဖိုး ၄၈၉၈ သိန်းဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း အမှုပေါင်း ၄၀၀၆ မှုအနက် ၂၅၉ မှုမှာ စုစုပေါင်း ၁၃၀၇၀ သိန်း၊ ၂၀၁၃ ခုနှစ် အမှုပေါင်း ၄၉၂၈ မှုအနက် ၄၂၈ မှုမှာ စုစုပေါင်း ၂၆၅၁၂ သိန်း၊ ၂၀၁၄ ခုနှစ် အတွင်း အမှုပေါင်း ၆၆၉၆ မှုအနက် ၉၆၇ မှုမှာ စုစုပေါင်းတန်ဖိုး ၁၂၆၀၆ သိန်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မေလ ၃၁ ရက်နေ့အထိ အမှုပေါင်း ၂၈၇၉ မှုအနက် ၃၂၂ မှုမှာ စုစုပေါင်းတန်ဖိုး သိန်း ၃၀၃၂ သိန်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါကြောင်း၊

၎င်းဥပဒေကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်အတိုင်းအတာများအရ မူလမှစ၍ ထိထိရောက်ရောက်အဟန့်အတားဖြစ်စေရန်နှင့် ပြည်သူကိုအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီး ပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်း၊ တရားစွဲတင်ရာ၌ တရားစွဲအဖွဲ့အစည်းများ၏ သဘောအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဥပဒေရုံးများ၏ ဥပဒေအကြံပြုချက်များနှင့်အညီ တရား စွဲတင်ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ရာတွင်လည်း တရားသူကြီးများ၏ ဆင်ခြင်တုံတရားဖြင့် ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

 

ဦးသန်းမြင့်(ဆားလင်းကြီး)က ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ပစ္စည်းများသည် ယခင်က ဘိန်းကဲ့သို့စိုက်ပျိုးရသည့်ပစ္စည်းပေါ်မှ ထုတ်လုပ်သောပစ္စည်းများဖြစ်ပါကြောင်း၊ သို့သော် ယခုကာလတွင် သေးငယ်သောစက်များနှင့် ပေါ့ပါးပြီးလွယ်ကူစွာရွှေ့ပြောင်းနိုင်သော စက်များကို အသုံးပြုပြီး ဆေးဝါးထုတ်လုပ်သောစက်များကို ဓာတုဗေဒပစ္စည်းများ ပေါင်းစပ်ပြီးထုတ်သည့်လုပ်ငန်း နှစ်မျိုးတွေ့ရပါကြောင်း၊ ထုတ်လုပ်သည့်နေရာများသည် ဓာတုပစ္စည်းများ အလွယ်တကူထုတ်လုပ် ရရှိနိုင်သော နယ်စပ်ဒေသများဖြစ်ပါကြောင်း၊ ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူး၊ ရောင်းချသူ များပြားသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အဟန့်အတားဖြစ်နိုင်ပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ရာတွင် ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူး၊ ရောင်းချသူ အပိုင်းနှင့် သုံးစွဲသူအပိုင်းဟူ၍ အဓိက (၂)ပိုင်းရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆေးဝါးသုံးစွဲသည့်သူများကို လူသားချင်းစာနာထောက်ထားပြီး ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသော်လည်း ပြည့်ပြည့်ဝဝ ဖိဖိစီးစီးဆောင်ရွက်ပေးရန် လိုအပ်နေသေးကြောင်း၊ သုံးစွဲသူနှင့် ထုတ်လုပ်သူ တစ်ဦး နှင့်တစ်ဦး ဆက်သွယ်နေပါကြောင်း၊ အနာဂတ်လူငယ်များ မူးယစ်ဆေးသုံးစွဲသူများမဖြစ်ရန်နှင့် ပပျောက်စေရန် အတွက် ထုတ်လုပ်သယ်ဆောင်၊ ရောင်းချ၊ ဖြန့်ဖြူးသူများကို မြို့နယ်အလိုက် စောင့်ကြည့်လေ့လာပြီး ထိရောက်ဟန့်တားဆောင်ရွက်ခြင်း၊ ၎င်းပုဂ္ဂိုလ်များကို နောင်မလုပ်နိုင်ရန်အတွက် ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ပေးခြင်းအပေါ် ပြန်လည် သုံးသပ်ခြင်းရှိ/မရှိ နှင့် ဆေးစွဲသည့်လူငယ်များကို  မြို့နယ်အလိုက် (သို့) ခရိုင်အလိုက် ဆေးပြည့်ပြည့်ဝဝဖြင့် ကုသပေးခြင်း ဆေးပေးခန်း ဖွင့်လှစ်ဆောင်ရွက်ပေးရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်ဖြစ်စေ နိုင်ငံတော်သမ္မတကြီး၏ ရန်ပုံငွေမှဖြစ်စေ ထုတ်ယူသုံးစွဲခြင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို ထပ်ဆင့်မေးမြန်းပါသည်။

 ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ယခင်က ဘိန်းတစ်မျိုးတည်းရှိရာမှ နောက်ပိုင်းတွင် ဓာတုဆေးဝါးများနှင့် ပေါင်းစပ်ပြီး စိတ်ကြွဆေးဝါးများပါ ထုတ်လုပ်လာကာ ဘိန်းနှင့်စိတ်ကြွဆေးပြားများပြဿနာ ဖြစ်ပေါ်လာပါ ကြောင်း၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေးအတွက် အစားထိုးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့      ၎င်းမူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း များနှင့်ပတ်သက် ပြီး ထိရောက်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေအနေဖြင့် အဖွဲ့ပေါင်း ၅၀ ဖွဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဖြန့်ကြက်ပြီး နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ထိုသိ့ုဆောင်ရွက်ရာတွင် အဓိကအားဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှသာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များအနေဖြင့် ထိထိရောက်ရောက် တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊

ဆေးစွဲနေသည့်လူငယ်များကို မြို့နယ်/ခရိုင်အလိုက် ဆေးခန်းဖွင့်နိုင်ပေးခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြစ်သည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြေကြားနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။   

ဒုတိယဥက္ကဋ္ဌက ဆက်စပ်မေးမြန်းပါသည်။

 မူးယစ်ဆေးဝါးများ ပိတ်သိမ်းထားသည့်အထဲတွင် ဆေးဝါးနှင့်ပတ်သက်သော၊ ရောဂါကုထုံးအတွက် ပေးနေသော ဆေးဝါးများနှင့် ပတ်သက်၍ မည်သည့် အစီအစဉ် များရှိသေးသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

မူးယစ်ဆေးဝါးပါဝင်သော ဆေးများအားလုံးကို မူးယစ်ဆေးဝါးအဖြစ်သတ်မှတ်ပြီး ပိတ်ပင်ထားခြင်းများမရှိပါကြောင်း၊ အသေးစိတ်စာရင်း မိမိ၌ ပါရှိလာခြင်းမရှိပါကြောင်း၊ အကယ်၍ ခွင့်ပြုမည်ဆိုပါက နောင်တစ်ချိန်တွင် ၎င်းနှင့်ပတ်သက်၍ အသေးစိတ် ပြုစုပြီး ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။