ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးသည် ယခုအချိန်တွင် အဆင့်မြင့်အဝေးပြေးယာဉ် များ၊ ကုန်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များစွာဖြင့် အပတ်စဉ် အသွား/အပြန်များအပါအဝင် တစ်နှစ်အတွင်း ယာဉ်စီးရေ ၈၀၀၀ မှ ၁၀၀၀၀ ခန့်အကြား ဖြတ်သန်း သွားလာနေသော လမ်းမကြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်တွင် ၁၁၅ မိုင် (ဖြူး)နှင့် ၂၈၅ မိုင် (မိတ္ထီလာ) တို့သည် ယာဉ်ရပ်နားစခန်းအဖြစ် မူလလမ်းဒီဇိုင်းရေးဆွဲစဉ်က တည်ဆောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သော် လည်း ယခုအခါ နိုင်ငံတော်ကစီမံသည့် ဘောနတ်ကြီးစခန်း၊ စကားအင်းနှင့် နေပြည်တော်ရပ်နား စခန်းအပါအဝင် လမ်းနယ်ပယ်ပြင်ပတွင် စားသောက်ဆိုင်များစွာဖြစ်ပေါ်လာသည့်အတွက် ခရီးသွား ပြည်သူများအနေဖြင့် ရွေးချယ်ခွင့်ပိုမိုလာသကဲ့သို့ ညအချိန်လမ်းတစ်လျှောက် အကူအညီတောင်း နိုင်သည့်နေရာများ၊ မီးအလင်းရောင်များတိုးတက်လာသည်မှာ ကျေနပ်စရာဖြစ်ပါကြောင်း၊ အများဆုံး သန့်စင်ခန်းက သာမန်အောက်ဆင့်ခန့်သာရှိသည့် သုံးနေရာသာရှိပြီး ခရီးသည် တစ်ယောက် ၁၀၀ ကျပ် ကောက်ခံလျက်ရှိပါကြောင်း၊ လမ်းအသုံးပြုခပေးဆောင်ပြီး ဖြတ်သန်းရသည့်လမ်းမကြီးအပေါ် တွင် ၎င်းသန့်စင်ခန်းများအတွက် ဝန်ဆောင်ခထပ်မံတောင်းခံနေသည်မှာ အလွန်စိတ်ပျက်ဖွယ်ရာ ကောင်းပါကြောင်း၊ ညဘက်ရောက်သွားသည့်အခါ လုံခြုံမှုမရှိသကဲ့သို့ ခံစားရပြီး သန့်ရှင်းမှုကလည်း အားနည်းလှသည့်အတွက် အုပ်ချုပ်မည့် ဝန်ထမ်း၊ သန့်ရှင်းမည့် ဝန်ထမ်းများ ခန့်အပ်ရန်၊ လျှပ်စစ် ဓာတ်အားသွယ်တန်းပေးရန် အစီအစဉ်၊ စီစဉ်မည့်စရိတ်သည့် မိမိတွက်ကြည့်ရာ တစ်လလျှင် ကျပ် သိန်း ၃၀ ထက် ပိုမကုန်နိုင်ပါကြောင်း၊ ၎င်းတို့ကို ယာဉ်အသုံးပြုခထဲကဖြစ်ဖြစ်၊ ဆိုင်ခန်းတရားဝင် ဆောက်လုပ်ပေးပြီး ငှားရမ်းပေးခြင်းဖြစ်ဖြစ် အလွယ်တကူဖြေရှင်းနိုင်ပါကြောင်း၊ နိုင်ငံတကာက လမ်းမကြီးများတွင်လည်း သန့်စင်ခန်း ဝန်ဆောင်မှုအခမဲ့ Complementary ဖြစ်ဖြစ် သန့်ရှင်းသပ်ရပ် ခြင်းများ တွေ့ရှိရမည် ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် မူလလမ်းဒီဇိုင်းထဲတွင်မပါရှိသည့် မိုင်တိုင်(၇၆)တွင် နားနေစခန်းသစ်တစ်ခုကို ဖွင့်လှစ်လိုက်သည်ကို ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် တွေ့ရှိရသော်လည်း အဆိုပါရပ်နားစခန်းသည် လမ်းမကြီးအပေါ်ကိုမေးတင်ပြီး ဆောက်လုပ်ထားသည့်အတွက် ၁၁၅ မိုင် ရပ်နားစခန်းကဲ့သို့ လမ်းမကြီးနှင့် ခွာမထားသည့်အတွက် ယာဉ်အန္တရာယ်ကို စိုးရိမ်စဖွယ်တွေ့နေရသည့်အပြင် အမြန် လမ်းမကြီးဥပဒေတွင် ပြဋ္ဌာန်းထားသော ဥပဒေပါအချက်အလက်များကို ဝန်ကြီးဌာနကဖွင့်လှစ်သည့် စခန်းဖြစ်သည့်အတွက် လျှော့လျှော့ပေါ့ပေါ့ ဥပဒေနှင့်ကိုက်ညီသည်ဆိုပါက တခြားပုဂ္ဂလိကများက လည်း ယခုပုံစံဖြင့် ဆောက်လုပ်ဖွင့်လှစ်ခဲ့မည်ဆိုပါက ခွင့်ပြုပေးရန်အစီအစဉ် ရှိပါသလား၊
အလားတူ အမြန်လမ်းတစ်လျှောက် အမှိုက်များ နေရာတကာတွင် ရှုပ်ပွ၊ပျံ့လွင့်နေသည်မှာ လမ်းဘေး Environment တွင်သာမက လမ်းလယ်ကျွန်းများအပေါ်တွင်ပါ တွေ့ရှိရပါကြောင်း၊ သာမန်အားဖြင့် ခရီးသွားပြည်သူများ စည်းကမ်းမရှိခြင်းဟု စဉ်းစားနိုင်သော်လည်း ခရီးသည်များအနေဖြင့် ကိုယ့် အမှိုက်ကို ကြာရှည်သယ်ယူသွားရန်မှာ အခက်အခဲရှိပါကြောင်း၊ လမ်းတစ်လျှောက် ခန့်မှန်း ကီလို မီတာ ၃၀ ခန့်ကို တစ်ဖက်တစ်ခု အမှိုက်ကန်များတည်ဆောက်ပေးပြီး ခရီးသွားပြည်သူများကို သတိပေးထားပါက လမ်းမကြီးလည်းသန့်ရှင်းသကဲ့သို့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်မည် ဖြစ်ပါကြောင်း၊ ယာဉ်ရပ်နားစခန်းရောက်မှ အမှိုက်ပစ်ရန်မှာ လက်တွေ့မကျလှပါကြောင်း၊
အမြန်လမ်း၏ Road Furniture မှာ နောက်ထပ်အရေးကြီးသည့်တစ်ခုက လမ်းလယ်က သစ်ပင်များ ကိစ္စ ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သင့်တော်သလို အပင်များ များစွာ စိုက်ပျိုး ထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအပင်များ၏ အရေးကြီးသည့် စွမ်းဆောင်ချက်က တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင်ယာဉ်ကြောက မီးအလင်းရောင်ကို ကာကွယ်ပေးသည့်အပြင် သဘာဝ တားဆီးပေးပြီး ယာဉ်မတော်တဆတိုက်မိပါကလည်း Guard ထက်တောင်မှ လျော့ပါးသက်သာစေ ပါကြောင်း၊ နိုင်ငံတကာတွင် အဆိုပါအပင်များသည် လမ်းဒီဇိုင်းအတိုင်း စနစ်တကျရွေးချယ် စိုက်ပျိုး ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအပင်များကို အဆင်ပြေသလိုစိုက်လိုက်သည်မှာ ထန်းပင်လိုအပင်မျိုး များတောင်မှ ပါရှိနေသည့်အတွက် ဌာနမှ ၎င်းဘာသာရပ်ကို သင်ကြားဖူးသူရှိမည်ဟု ယုံကြည် ပါကြောင်း၊ အနည်းဆုံးအနေဖြင့် သစ်တောဦးစီးဌာန၏ အကြံဉာဏ်နှင့်အကူအညီကို ယူခဲ့ပါက များစွာ အဆင်ပြေမည်ဖြစ်ပါကြောင်း၊
ပြည်သူများ အကြီးအကျယ်မှီခိုနေရသော လမ်းမကြီးတစ်ခုဖြစ်နေပြီ ဖြစ်သည့်အတွက် လိုအပ်သည့် အမှိုက်ပစ်သော နေရာများ၊ အဆင့်မနိမ့်သော အများသုံးသန့်စင်ခန်းများ၊ လိုအပ်သည့်နေရာက လမ်းမီးများအပြင် နိုင်ငံတကာလမ်းမကြီးများကဲ့သို့ စနစ်ကျသည့် အစိမ်းရောင်လမ်းညွှန်ဆိုင်းဘုတ် များ စသည့်အင်္ဂါရပ်များ ဖြည့်ဆည်းထားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စသည် လမ်းမကြီး အရည်အသွေးမြှင့်တင်သကဲ့သို့ ကုန်ကျစရိတ်များ၊ အရင်းအနှီးကြီးမားသည့်ကိစ္စမျိုးလည်း မဟုတ် ပါကြောင်း၊ တိုးတက်ရရှိနေသော ယာဉ်အသုံးပြုခများ၊ လမ်းတစ်လျှောက် ဆိုင်ခန်းငှားခများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သည့်အတွက် မိမိအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက် လိုအပ်နေသော အဆင့်မီ ဖြည့်စွက်ထောက်ပံ့အင်္ဂါရပ်များ (Road Furniture and facilities) ဖြည့်ဆည်းကာ စည်းကမ်းအားနည်းချက်များလည်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို လမ်းအပိုင်းအလိုက် ဖွင့်လှစ်ခဲ့ရာ ရန်ကုန်-နေပြည်တော်-မန္တလေးလမ်း အပိုင်းအား ၂၅-၃-၂၀၀၉ ရက်နေ့တွင် လည်းကောင်း၊ နေပြည်တော်-စကားအင်းလမ်း အပိုင်းအား ၂၉-၁၂-၂၀၁၀ ရက်နေ့တွင်လည်းကောင်း၊ စကားအင်း-တံခွန်တိုင်လမ်းအပိုင်းအား ၂၃-၁၂-၂၀၁၁ ရက်နေ့တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ပြီး ယခုအခါ အမြန်လမ်းမကြီးကို Master Plan အရ နိုင်ငံတကာအဆင့်မီ အမြန်လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်သွားရန် ရည်ရွယ်၍ စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမြန်လမ်းမကြီး တစ်လျှောက်တွင် ခရီးသွားပြည်သူများအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းခရီးတွင် အပန်းဖြေနားနေစားသောက်နိုင်ရေးစသည့် အချက်များအားရည်ရွယ်၍ မိုင် ၄၀ တွင် ဘောနတ်ကြီးယာဉ်ရပ်နားစခန်း၊ ၁၁၅ တွင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် ၂၀၁ တွင် နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် ၂၈၅ တွင် သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် ၃၅၂ တွင် စကားအင်း ယာဉ်ရပ်နား စခန်းတို့ကို တည်ဆောက်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းအပြင် မိုင် ၄၀ (အပြန်လမ်း)၊ ၁၅၈ မိုင် ၄ ဖာလုံ (အသွား/အပြန်လမ်း) နှင့် ၃၁၇ မိုင် ၂ ဖာလုံ (အသွားအပြန်လမ်း)၊ ၃၅၂ မိုင် ၂ ဖာလုံ (အပြန်လမ်း) တို့မှာ ယာယီသန့်စင်ခန်းများကိုလည်း လမ်းဦးစီးဌာန၏ အစီအစဉ်ဖြင့် ဒေသခံလုပ်ငန်းရှင်များအား လေလံခေါ်ယူ၍ လုပ်ဆောင်စေလျက်ရှိပါကြောင်း၊
အဆိုပါယာယီ သန့်စင်ခန်းများကို ခရီးသွားပြည်သူလူထုကို ငဲ့ညာသည့်အနေဖြင့် ခရီးသွား ရာသီအတွင်း၌သာ ဆက်လက်ဆောင်ရွက်စေမည်ဖြစ်ပြီး ၁-၅-၂၀၁၈ ရက်နေ့ကစပြီး လုပ်ငန်းများရပ်စဲရန်အတွက် လေလံအောင်မြင်ထားသူများအား အသိပေးအကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ယာယီသန့်စင်ခန်းများအား ၇၆ မိုင် Mini Rest Camp ကဲ့သို့ တည်ဆောက်ဖွင့်လှစ်ပြီး ပါက ခရီးသွားပြည်သူများ အပန်းဖြေနားနေ စားသုံးနိုင်ရန်အတွက် ဆက်လက်စီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့အနေဖြင့် ပြုပြင်ထိန်းသိမ်းခြင်း၊ တိုးချဲ့ဖောက်လုပ်ခြင်းများအပြင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုလည်း အမြန်လမ်းမကြီး မိတ်ဘက်အဖွဲ့အစည်းများဖြစ်သည့် အမြန်လမ်းရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ လစဉ်နောက်ဆုံးပတ် (သောကြာနေ့) တိုင်း အမှိုက်ကောက် (Campaign) အား ဆောင်ရွက်လျက်ရှိသည့်အပြင် လမ်းပိုင်းအလိုက် အင်ဂျင်နီယာများနှင့် တိုးလ်ဂိတ်ဝန်ထမ်းများဖြင့်လည်း စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အမြန်လမ်းမကြီးပေါ် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသွားပြည်သူများကိုလည်း ကားပေါ်တွင် ပါလာသောအမှိုက်များကို Rest Camp ရောက်မှသာလျှင် အမှိုက်ပုံးအတွင်းသို့ စွန့်ပစ်ပါရန်၊ အမှိုက်မပစ်ရ အသိပေးကြေညာချက်များကိုလည်း ဒေါ်ခင်စန်းလှိုင် အကြံပေးသည့်အတွက် မိုင် ၂၀ ကြား ဆိုင်းဘုတ်တစ်ခုစီ စိုက်ထူအသိပေးထားရှိခဲ့ပါကြောင်း၊ အဆိုပါဆိုင်းဘုတ်များအပြင် တိုးလ်ဂိတ်များ၊ Rest Camp များ၊ ယာယီသန့်စင်ခန်းများနှင့် အရိပ်ရအပင်ကြီးများအောက်တွင်လည်း ခရီးသွား ပြည်သူများ လွယ်ကူစွာ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိပေးခြင်း၊ အသိပေး၊ သတိပေး၊ ပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ အခါအားလျော်စွာ ခရီးသွားပြည်သူများ သိရှိနိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း စသည်တို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၇၆ မိုင် Mini Rest Camp ဆောက်လုပ်ထားခြင်း နှင့်ပတ်သက်၍ နိုင်ငံခြားသားခရီးသည်များနှင့် ပြည်တွင်းခရီးသွားများအတွက် ဈေးနှုန်းချိုသာစွာ အဆင့်တန်းမြင့်မြင့် အပန်းဖြေနားနေ စားသောက်နိုင်ရန်ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အမြန်လမ်းမကြီး နယ်နိမိတ်ဖြစ်သည့် ပေ ၄၀၀ အတွင်း အမြန်လမ်းမကြီး ဥပဒေနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲပိုင်ခွင့်ဖြင့် ၁-၁-၂၀၁၇ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး ၂၆-၈-၂၀၁၇ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊
Mini Rest Camp ပင်မအဆောက်အဦသည် လမ်းလယ်ကျွန်းအလယ်မှ စုစုပေါင်းပေ ၁၀၀ အကွာတွင် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ အဆောက်အဦ၏ ရှေ့တွင် ၁၂.၅ ပေအကျယ် လမ်းလေးလမ်း စုစုပေါင်း ပေ ၅၀ အကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းထားပြီး Buffer Zone အဖြစ် Land Scaping အပါအဝင် ၃၅ ပေချန်လှပ်ထားပါကြောင်း၊ ဆိုလိုသည်မှာ နောင်တစ်ချိန်တွင် Fully Access Control လမ်းမကြီးဖြစ်လာပါက ထိုလေးလမ်းသွား၏ အပြင်ဘက်ကို ခြံစည်းရိုးခတ်ထားလျှင် အဆိုပါ Rest Camp သည် ခြံစည်းရိုး၏ အပြင်ဘက် ရောက်ရှိနေပါကြောင်း၊ ရန်ကုန်မှ မိုင် ၉၀ နှင့် ၁၁၀ အတွင်း ယခင်အခါက ယာဉ်အန္တရာယ်ဖြစ်စဉ်များအား သုံးသပ်ကြည့်ရာတွင် ယာဉ်မောင်းသူများအနေဖြင့် ခရီးသွားကြာချိန် နှစ်နာရီခွဲခန့် မောင်းနှင်ရသဖြင့် Fatigue မောပန်းနွမ်းနယ်ပြီး Accident ဖြစ်ပွားမှုအရေအတွက် များခဲ့ပါကြောင်း၊ ယခု ၇၆ မိုင် Mini Rest Camp တည်ဆောက်ပြီးသည့် နောက်ပိုင်း အဆိုပါဖြစ်စဉ်များအား ပြန်လည်သုံးသပ်ရာတွင် ယာဉ်မောင်းသူများအနေဖြင့် ခေတ္တအနားယူပြီးမှ ပြန်လည်ခရီးဆက်ရသည့်အတွက် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်းများ သိသိသာသာလျော့နည်း ကျသွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊
ရန်ကုန်မှ ဘောနတ်ကြီးအထိ မိုင် ၄၀ အပိုင်းကို ADB ချေးငွေဖြင့် နိုင်ငံတကာအဆင့်မီ Expressway အဖြစ် အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက်များနှင့် ကိုက်ညီသောလမ်းမကြီးဖြစ်ရန် ADB ချေးငွေဖြင့် AC ခင်းခြင်း၊ Raised Median မှ Depressed Median ပြောင်းလဲပြီး ၂.၅ မီတာရှိ အတွင်း/အပြင်လမ်း ပုခုံးပြုလုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ Guard Rail များတပ်ဆင်ခြင်းတို့ဖြင့် လက်ရှိ လေးလမ်းသွား လမ်းမကြီးအား နိုင်ငံတကာ အဆင့်မီလမ်းမကြီးအဆင့်ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် လမ်းတစ်လျှောက် ရန်ကုန်မှနေပြည်တော်၊ မန္တလေးအထိ အမြန်လမ်းမကြီးတစ်လျှောက် Road Furniture များကိုလည်း လိုအပ်သလို ထပ်မံ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ Standard ဖြစ်သည့် Fast Comfortable နှင့် Safety များပါဝင်သော Fully Access Control လမ်းမကြီးအဖြစ် အဆိုပါလမ်းပိုင်းများအား တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စန်းလှိုင် (ပုလဲမဲဆန္ဒနယ်) ကဆက်စပ် မေးခွန်းမေးမြန်းပါသည်။
မိမိတို့ Toll Gate များတွင် အလိုအလျောက် ငွေသွားခံသည့်စနစ်ကို စမ်းသပ် နေသည်မှာ ကြာပြီဖြစ်ပါကြောင်း၊ ပြည်သူတွေသွားရေးလာရေး လွယ်ကူစေရန်နှင့် ယာဉ်ကျပ်တည်းမှုများကို ပပျောက်စေရန်အတွက် ထိုစနစ်ကို စတင်ကျင့်သုံးရန်အတွက် အစီအစဉ်ရှိ/မရှိနှင့် မိမိတို့ ရန်ကုန်မှ နေပြည်တော်ကို လာသည့်အခါ အမြန်လမ်းမှ နေပြည်တော်ဝင်သည့်နေရာ အင်မတန်မှ မှောင်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်အဝင်လမ်းကို မြင်သာအောင် မီးတိုင်အမြင့်ကြီးများ တပ်ဆင်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိကို ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
Toll Gate များတွင် ETC ခေါ်သည့် အလိုအလျောက် ပိုက်ဆံပေးသည့် စနစ်ကိုတပ်ရန် အစီအစဉ်ရှိသည့်အတွက် ပြီးခဲ့သောနှစ်က အလိုအလျောက် ETC စနစ်အတွက် ရန်ပုံငွေဘတ်ဂျက်ရှိသည့်အတွက် တင်ဒါခေါ်ခဲ့ပါကြောင်း၊ တင်ဒါခေါ်သည့်အချိန်တွင် ကုမ္ပဏီများ အပြိုင်အဆိုင်ဖြစ်လာပြီး အခကြေးငွေလုံးဝမယူဘဲ ကြော်ငြာသဘောမျိုးဖြင့် တပ်မည့်ကုမ္ပဏီပေါ် လာပါကြောင်း၊ မိမိတို့နိုင်ငံတော်က ပိုက်ဆံပေးစရာမလိုဘဲ ဒေါ်လာ ၁ သန်းခန့် အကုန်ခံပြီး ကြော်ငြာသဘောမျိုး တပ်မည့်ကုမ္ပဏီပေါ်လာသည့်အတွက် MZ4 လို့ခေါ် ကုမ္ပဏီကို စမ်းသပ်ကာလအနေဖြင့် တပ်ထားပါကြောင်း၊ ယခုလာမည့် ဧပြီလဆန်းကစပြီး ပြည်သူများကို မိမိတို့ကတ်ပြားများအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချပေးသွားပြီး၊ ပိုက်ဆံသွင်းပြီး အလိုအလျောက် မောင်းတံမဲ့စနစ်၊ ETC စနစ်ကို စတင်ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ နောက်တစ်ခုက နေပြည်တော်အဝင်လမ်းမှောင်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်ဥက္ကဋ္ဌကြီး ဒေါက်တာမျိုးအောင်ကလည်း ကျွန်တော်တို့နှင့်ညှိနှိုင်းပြီး ၎င်းလမ်းပိုင်းဆိုင်ရာကို နေပြည်တော်ကောင်စီကို လွဲပေးပါ။ နေပြည်တော်ကနေပြီး ဒါကို ထိန်းသိမ်းသွားမည်ဆိုလျှင် မီးကိစ္စများ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် နေပြည်တော်ကောင်စီနှင့်လည်း ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
