အိမ်ခြံမြေသည် ဥပဒေအရ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း တွင်ပါဝင်ပါကြောင်း၊ ၎င်းမရွှေ့မပြောင်းနိုင် သည့်ပစ္စည်းများကို ရောင်း/ဝယ်/ ပေးကမ်းခြင်း အခြားနည်းတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးမည် ဆိုပါက ၎င်းပစ္စည်းများကို ပစ္စည်းလွှဲပြောင်းရေးဥပဒေ ပုဒ်မ ၅၃ ပုဒ်မခွဲ (က)အရလည်းကောင်း၊ တံဆိပ်ခေါင်းခွန် ဥပဒေပုဒ်မ ၁၇(၁)နှင့် ယခုနှစ်တွင် ပြဋ္ဌာန်း လိုက်သည့် စာချုပ်စာတမ်းဥပဒေ ၁၆ (က)မှ (ဆ)အထိ ပြဋ္ဌာန်းထားသည့်အချက်များနှင့်အညီ ပြုလုပ်ရပါကြောင်း၊ သို့သော် ကျေးရွာများ တွင်ရှိသည့်မြေများသည် လွန်ခဲ့သည့်နှစ်ပေါင်းမြောက်မြားစွာ ဘိုးစဉ်ဘောင်ဆက် ကတည်းက ဂရန် မရှိသည့်အပြင် ၃(ခ)လည်း မရှိသည့်အတွက် လွှဲပြောင်း၊ ရောင်းချ၊ ပေးကမ်းသည့်အခါတွင် အမြဲတမ်း ပြဿနာတက်သည်ကို တွေ့ရ ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်မှစပြီး ရွာနှစ်ရွာကို ဂရန်လုပ်ပေးခဲ့ပါကြောင်း၊ သို့သော် ရွာတစ်ရွာတွင် အိမ်ခြံမြေ ၁၅၀ သာ ရှိသော်လည်း တစ်နှစ် ကျော်ကျော်လောက်လုပ်ရသည့် အတွက် ကျေးရွာပေါင်းမြောက်မြားစွာ မြန်မာတစ်ပြည်လုံး အတွက်ဆိုပါက ကြာမည့်အနေအထားမျိုးဖြစ်ပါ ကြောင်း၊ သို့သော် အိမ်ခြံမြေဂရန်များ မလုပ်ပေးပါက ရောင်းမည်ဝယ်မည်ဆိုပါက မိမိတို့ဥပဒေနယ်ပယ် တွင် သုံးသည့်စကားအရ အရပ်စာချုပ်ဆိုပြီး မိမိတို့ချုပ်ပြီးသည့်အခါမှာ ရောင်းပါကြောင်း၊ ရောင်းပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သုံး၊ လေးလကြာမှ မဖယ်ပေးနိုင်သေးပါက စာချုပ်တွင် မှတ်ချက် အနေ ဖြင့် ထားသော်လည်း တကယ်တမ်းပေးရမည့်အချိန် မလွှဲပြောင်းပေးသည့် အခါ တရားရုံးတွင် တရားစွဲ ပါကြောင်း၊ Registration မလုပ်ထားသည့်အတွက် တရားရုံးမှ သက်သေခံအဖြစ် ပယ်ပါကြောင်း၊ သက်သေခံအဖြစ် လက်ခံသည့်အခါတွင်လည်း ၎င်းစာချုပ်အပေါ် မစဉ်းစားသည့်အတွက် ဝယ်သူများ အရမ်းနစ်နာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျေးရွာ များတွင်နေထိုင်သည့် ပြည်သူများ၏ ခြံမြေများကို ဂရန်မြေများအဖြစ် ဖော်ထုတ်သတ်မှတ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပြီး အမြန်ဆုံးလုပ်ပေးနိုင် မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက်ပြီး မြေယာအရှုပ်အရှင်း ကင်းသည့် ကျေးရွာ များအနက် တစ်မြို့နယ်လျှင် တစ်ရွာစီရွေးချယ်ပြီး ကျေးရွာမြေငှားဂရန် ပြုလုပ် ပေးခြင်း လုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ ၅.၆.၂၀၁၅ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၅)နှင့် အညီ ၂၀၁၅ ခုနှစ်အတွင် သုံးလစီမံချက်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် မြို့နယ် ၂၈၃ မြို့နယ် တွင် ရှိသည့် ကျေးရွာပေါင်း ၂၈၃ ရွာအတွက် ကျေးရွာမြေငှားဂရန် ၄၆၂၀၀၄ ခု ထုတ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထို့အပြင် ၂၀၁၆ ခုနှစ်အတွင် ရက် ၁၀၀ စီမံချက်ချမှတ်ပြီး မြို့နယ်ပေါင်း ၂၇၅ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၇၅ ရွာကို ကျေးရွာမြေငှားဂရန်စုစုပေါင်း ၂၀၈၂၁ ခု စုစုပေါင်း ကျေးရွာ မြေငှားဂရန် ၆၇၀၂၅ ခုကို ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေ၊ ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စိစစ်ထုတ်ပေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
ကျေးလက်ဒေသများရှိ ပြည်သူများ၏ အိမ်ခြံမြေများကို ဂရန်မြေများ ဖော်ထုတ်သတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားဝင်အမိန့်ထုတ်ပြန် သတ်မှတ်ထားသည့် ကျေးရွာ မြေများတွင် မူလရွာမြေဖြစ်ပြီးသား မြေများရှိသကဲ့သို့ တချို့မူလရွာမြေအပြင် လယ်ယာမြေ၊ မြေလွတ်၊ မြေရိုင်း၊ သစ်တောမြေ၊ စားကျက်မြေများကို လွန်ခဲ့သည့်နှစ်များတွင် တိုးချဲ့ပြီးရွာ အဖြစ်တည်ထောင် ထားသည့် မြေများရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အပြင် မူလရွာမြေများကို မြေတိုင်း ခြင်း၊ မြေပုံထုတ်ခြင်း၊ ဦးပိုင်တပ်ခြင်းများရှိသကဲ့သို့ အချို့သောတိုးချဲ့ရွာမြေများတွင် တရားဝင် တိုင်းတာပြီးစီးမှု မရှိသေးခြင်း၊ မြေအမျိုးအစားသည်လည်း တရားဝင်ရွာမြေအဖြစ် သတ်မှတ်ရန် မရှိသေးသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဖြစ်ပါက အခြားနည်းဖြင့်သုံးပြုခွင့် ခွင့်ပြုချက်ရရှိရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး သစ်တောမြေ၊ စားကျက် မြေများ ပါဝင်ပါက သစ်တောမြေ၊ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မတိုင်းတာရသေးသည့် မြေအားလုံး မြေအမျိုးအစားနှင့် ပိုင်ဆိုင်မှုစာရင်း အထောက်အထားများရရှိရန်အတွက် စာရင်းကောက်ယူပြုစုခြင်း၊ တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံတော် မြေနယ်နိမိတ်အက်ဥပဒေနှင့်အညီ ကျေးရွာမြေများ ကွက်စိပ်/ကွက်ကျဲ တိုင်းတာရန်အတွက် တာဝန်ခံရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးမှူးကို နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ(Demarcation Officer)နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို နယ်နိမိတ် သတ်မှတ်ရေးအရာရှိ(Boundary Officer)အဖြစ် ခန့်အပ်နိုင်ရေးအတွက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥပဒေအရ အမိန့်ထုတ်ပြန်ခန့်အပ်တာဝန်ပေး ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ Demarcation Officer နှင့် Boundary Officer များ ခန့်အပ်ခွင့်ရရှိပြီးမည်ဆိုပါက မြေတိုင်း ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကျ စရိတ်များတွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ထံ ဘတ်ဂျက်ငွေခွင့်ပြုချက် တင်ပြတောင်းခံရမည်ဖြစ်ပါကြောင်း၊ ထိုသို့ကျေးရွာ မြေမှတ်တမ်းများကို တိုင်းတာပြုစုရေးဆွဲရာတွင် ကြိုတင်အသိပေးကြေညာချက်များ ထုတ်ဆင့်ကြေညာခြင်း၊ ကျေးရွာမြေများအား ကွက်စိပ်/ကွက်ကျဲ တိုင်းတာပြီးစီးပါက ၆၄ လက်မ တစ်မိုင်စကေး မြေပုံများရေးဆွဲခြင်း၊ မြေစာရင်းပုံစံ၁(က) စာရင်းများ ထူထောင်ခြင်း၊ ဦးပိုင်များ မှတ်သားခြင်း၊ ပိုင်ဆိုင်မှုများ စိစစ်ခြင်း၊ မြေတိုင်းကျောက်တိုင်နှင့် မြေတိုင်း ပြွန်များစိုက်ထူခြင်း တို့ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြေတစ်ကွက်ချင်း တိုင်းတာစ စ်ဆေးခြင်းလုပ်ငန်းများ၊ နယ်နိမိတ်သတ်မှတ်ခြင်းလုပ်ငန်းများတွင် ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်မှု နှင့်အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက စိစစ်ဆောင်ရွက်ပြီး Demarcation Officer မှ တင်ပြလာမှုအပေါ် Boundary Officerက အပြီးသတ်စိစစ်ပြီး မြေပိုင်ဆိုင်မှုကို ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ရယူ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
ထိုသို့ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက မြေငှားဂရန်ရရှိလိုသူမှ လယ်ယာမြေ စီမံခန့်ခွဲရေး၊ စာရင်းအင်းဦးစီးဌာနသို့ မြေစာရင်းပုံစံ(၁၀၅)၊ ဦးပိုင်တစ်ခုချင်းစီ၏ ရာဇဝင်ပုံစံ(၁၀၆) ရေးကူးပြီး ဆောက်လုပ်ပြီး သို့မဟုတ် ဆောက်လုပ်မည့် အဆောက်အဦပုံစံများနှင့်အတူ မြေပိုင်ဆိုင်မှု အထောက် အထားများနှင့် သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြေငှားဂရန်ကို ရယူဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေငှားဂရန်အမှုတွဲ ဖွင့်လှစ်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ မြေရာဇဝင်စိစစ်ရန်နှင့် မြေငှားရမ်းခ တွက်ချက် စေခြင်း၊ လျှောက်ထားသူ၊ အနီးပတ်ဝန်းကျင်သက်သေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးတို့၏ ထွက်ဆိုချက်များကိုရယူပြီး မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်း၊ ကန့်ကွက်လွှာ ခေါ်ယူခြင်းများအား ဆောင်ရွက်ပြီးမှသာ လျှောက်ထားသူ၏ အဆောက်အဦ ခိုင်ခန့်မှုအပေါ်မူတည်ပြီး နှစ်တို/နှစ်ရှည် မြေငှား ဂရန်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်ပေးဆောင်ရွက်ရပါကြောင်း၊
ထို့ကြောင့် ကျေးရွာများတွင်နေထိုင်သည့် ပြည်သူများ၏ခြံမြေများကို ဂရန်မြေအဖြစ် သတ်မှတ် ထုတ်ပေးနိုင်ရန်အတွက် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း မြေပိုင်ဆိုင်မှုအထောက်အထားများရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များပြားခြင်း၊ ပိုင်ဆိုင်မှု အရှုပ် အရှင်းကင်းစေရန်စိစစ်ရခြင်း၊ ကျေးရွာမြေများကို ကွက်စိပ်/ကွက်ကျဲတိုင်းတာနိုင်ရန် အတွက် နိုင်ငံတော် ဘဏ္ဍာငွေ သုံးစွဲခွင့်ပြုနိုင်မှုအပေါ်မူတည်ခြင်း၊ အခြားနည်းသုံးစွဲခွင့်ရရှိရန် လုပ်ငန်းအဆင့်အလိုက် စိစစ်ဆောင်ရွက်ရခြင်းနှင့် တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆၃၃၄၆ ရွာ ရှိသည့် အတွက် လက်ရှိအခြေ အနေများအရ ကျေးရွာအားလုံးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ကျေးရွာခြံ မြေကွက်များကို တစ်ဦးချင်းမြေငှားဂရန် လျှောက်ထား တင်ပြလာမည်ဆိုပါ လိုအပ်သည့်အထောက် အထား ပြည့်စုံမှန်ကန်မှုအပေါ်မူတည်ပြီး ကိုက်ညီမှုရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေးရွာ ဂရန်မြေများကို ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
