(ဃ)-နိုင်ငံတစ်ဝှမ်းတရားဝင်ဖွင့်ထားသောကျောင်း များတွင်ကျောင်းသား/ကျောင်းသူများအားဖုန်း၊ဂိမ်း စက်၊အင်တာနက်သုံးကိရိယာနှင့်အခြားအီလက် ထရောနစ်ပစ္စည်းများသယ်ဆောင်အသုံးပြုခြင်းကို တားဆီးထိန်းချုပ်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၆.၁.၂၀၁၄)

ဦးသိန်းထွန်းဦး (အမရပူရ)ဤမေးခွန်းအား ကျောင်းသားကျောင်းသူများ၏ စာသင်ကြားဖြေဆိုမှုများကို မထိခိုက်စေပဲ ဆောင်ရွက်နိုင် ရန်အတွက်သာ မေးမြန်းခြင်းဖြစ်ပါကြောင်း။

နိုင်ငံတစ်ဝှမ်း တရားဝင်ဖွင့်လှစ်ထားသော မူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်း များရှိ ကျောင်းသား ကျောင်းသူ လူငယ်များ မှာ ခေတ်စနစ်ပြောင်း လဲ တိုးတက်မှုများကြောင့် တယ်လီဖုန်း၊ ဂိမ်းစက်၊ အင်တာနက်သုံး ကိရိယာများ အား ကျောင်းအတွင်းယူ ဆောင်ပြီး ကျောင်းစာသင်ချိန်တွင် ဂိမ်းကစားခြင်း၊ တယ်လီဖုန်း ပြောကြားခြင်း၊ အင်တာနက်သုံးခြင်း၊ ညစ်ညမ်းဗီဒီယိုကားများ အပါအဝင် ဗီဒီယိုကားပေါင်းစုံ ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေခြင်းများကြောင့် ကျောင်းသားကျောင်းသူများ၏ ပညာရေး အားနည်းလာမည်ကို စိုးရိမ် ဖွယ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်း တရားဝင် ဖွင့်လှစ်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ တွင် ကျောင်းသား ကျောင်းသူများအား တယ်လီဖုန်း၊ ဂိမ်းစက်၊ အင်တာနက် သုံးကိရိယာနှင့် အခြားအီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင် အသုံးပြုခြင်း မဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန်၍ တားဆီး ထိန်းချုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်ယနေ့ခေတ်ကာလတွင် အဘက်ဘက်မှ ခေတ်မီပြောင်းလဲတိုးတက် လာသည်နှင့် အမျှ ICT ဆိုင်ရာပစ္စည်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် ဖြန့်ချိသုံးစွဲလာတာကို တွေ့ရှိကြရပါကြောင်း၊ ကွန်ပျူတာ အမျိုးမျိုး၊ တယ်လီဖုန်း၊ ဟန်းဆက်အမျိုးမျိုးတို့ကို အင်တာနက်ဖြင့် ချိတ်ဆက်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ သတင်းများ၊ အသိပညာ၊ အတတ်ပညာများကို အလွယ်တကူရှာဖွေ လေ့လာနိုင်နေပြီဖြစ်ပါကြောင်း၊ ဤနည်းပညာကို အကျိုးရှိရှိ အသုံးပြုလေ့လာနိုင်မည်ဆိုပါက အချိန်၊ ငွေကြေး အကုန်အကျသက်ပြီး ဗဟုသုတများ ဆည်းပူးရရှိနိုင်သော အကျိုးဖြစ်ထွန်းစေ ပါကြောင်း၊ ထို့ပြင် ICT ဆိုင်ရာ အတတ်ပညာရှင်များအနေဖြင့်လည်း သုံးစွဲသူများ လွယ်ကူအဆင်ပြေစေရန်အတွက် Software အမျိုးမျိုးကို တီထွင်ဖန်တီး လာကြသည် ကိုလည်း တွေ့ရှိလာရပါကြောင်း၊ Facebook ကဲ့သို့သော Social Network များကို သုံးစွဲလာခြင်းအားဖြင့် တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သော ခေတ်ကာလဖြစ်ပြီး အကျိုးများရှိ နိုင်သည့်အပြင် အခြားတစ်ဖက်တွင်လည်း အခြားသောဂိမ်းများ အလွယ်တကူ ရရှိဆော့ကစား နိုင်ခြင်း၊ ညစ်ညမ်းပုံများနှင့် ဗီဒီယိုများကို အလွယ်တကူကြည့်ရှုနိုင်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများမှာ ကျောင်းသားကျောင်းသူများအား လက်ကိုင်ဖုန်းများ သယ်ဆောင်အသုံးမပြုရန် ညွှန်ကြားထား ခြင်းမရှိသော်လည်း ကျောင်းသားကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တတို့ကို ထိန်းသိမ်းမြှင်‌့တင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ကျောင်းစာ သင်ချိန် အတွင်းတွင် တယ်လီဖုန်းသုံးခြင်း၊ အင်တာနက်၊ ဂိမ်း၊ ဗီဒီယို၊ ရုပ်ရှင် စသည့် အခြား အီလက်ထရောနစ် ပစ္စည်းများကို လွဲမှားစွာအသုံးမပြုကြစေရန် အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ ဦးဆောင်သောကျောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကျောင်းစည်းကမ်းသတ်မှတ်ချက်များဖြင့် ထိန်းသိမ်း ကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗစရိယမိနှင့်ဖ ဆိုသကဲ့သို့ ကျောင်းသား မိဘများ အနေဖြင့်လည်း မိမိတို့၏ကလေးများအား ခေတ်ပေါ်အီလက်ထရောနစ်ပစ္စည်းများကို လွဲမှားစွာအသုံးမ ပြုစေရေး ကြပ်မတ်ထိန်းကျောင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။