(ဃ)-၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် တည်ဆောက်သော ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လုပ်ငန်းဖြစ်သည့် ဆိုလာ မီးလင်းရေးကို စာချုပ်ပါ စည်းမျဉ်း စည်းကမ်းနှင့် အာမခံတို့ ဖောက်ဖျက်သော ကုမ္ပဏီကို အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ (၂၂.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

daw thandar၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာမှာ ကျေးရွာထိပ် ဘုန်းကြီးကျောင်းတွင် ဆိုလာပြားရှစ်ချပ်၊ ဘတ္ထရီလေးလုံးနှင့် ရွာလယ်တွင် ဆိုလာပြားရှစ်ချပ်၊ ဘတ္ထရီလေးလုံးနှင့် အိမ်ခြေပေါင်း ၂၅၄ အိမ်ကနေ ဝိုင်းဝန်းသွယ်တန်းဆွဲခဲ့သည် Solor System ကို ၄၈.၂၆၀ သန်း ချထားခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းကို ဆောင်ရွက်ခွင့်ရခဲ့သည့် ကုမ္ပဏီက လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ခုနစ်ရက်သာ မီးလင်းခဲ့ပြီးသည်မှာ ယခုအချိန်အထိဖြစ်ပါကြောင်း၊

ထို့ကြောင့် သက်ဆိုင်ရာ ကုမ္ပဏီက လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ပါအချက် အပိုဒ် ၁၄ တွင် အာမခံနှင့် လုပ်ငန်းလက်ခံ လွှဲပြောင်းသည့်နေ့မှ စတင်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းအား နှစ်နှစ် အတွင်း ပျက်စီးယိုယွင်းမှုများရှိပါက လုပ်ငန်းလက်ခံသူမှ မိမိစရိတ်ဖြင့် ပြန်လည်ပြုပြင်ရန် ဖြစ်သော်လည်း ပြန်လည်ပြင်ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ သို့သော် ၁၈-၃-၂၀၁၇ ရက်စွဲဖြင့် အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ ပြန်လည်ပြင်ဆင် ပြီးကြောင်း အကြောင်းကြားခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ ပုံမှန်ပြန်လည် မီးလင်းနေသည်ကို တွေ့ရှိရပါကြောင်း၊

အလားတူ အိမ်မဲမြို့နယ်၊ ပွဲစားဂုံညင်းတန်းကျေးရွာတွင်  အဆိုပါကုမ္ပဏီက ၂၀၁၄-၁၅ ဘတ်ဂျက်ဖြင့် အိမ်ခြေ ၃၉၀၊ ၇၄.၁၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည်လုပ်ငန်းသည် ယနေ့အချိန်အထိ ပြန်လည်မီးလင်းခြင်း မရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် အဆိုပါကုမ္ပဏီက ရွာသားများကို ဘုတ်တစ်ဘုတ်ကို ငွေခုနစ်သိန်းပေးမှသာ ပြင်ဆင်ပေးမည်ပေးမည်ဟု လာရောက် ညှိနှိုင်းခဲ့သကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်က သက်ဆိုင်သည့်ပုဂ္ဂိုလ်များ ကလည်း တိုင်နှင့်ကြိုးများကို ကျေးရွာအလိုက် အကုန်အကျခံနိုင်သလားဟု  လာရောက်ညှိနှိုင်းခဲ့ခြင်း မျိုးလည်း ရှိပါကြောင်း၊ သို့သော် ပွဲစားဂုံညင်းတန်းကျေးရွာက ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးရွာမီးလင်းရေးအတွက် တာဝန်ယူသည့်ကုမ္ပဏီကို စာချုပ်ပါအတိုင်း ပြင်ဆင်စေလိုကြောင်း ပြန်လည် သတိပေးခဲ့ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် စာချုပ်ပါအချက်အလက်ကို ဖောက်ဖျက်သည့် ဘတ်ဂျက်အလွဲသုံးစားပြုထားသည့် ကုမ္ပဏီများကို မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်း များကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနများက ပုဂ္ဂလိကကုမ္ပဏီ အဖွဲ့အစည်းများကို တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ သဘောတူခွင့်ပြုချက်ရယူပြီး လုပ်ငန်းများအပ်နှံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၆၅၈၀ နှင့် လျှပ်စစ်မီးသွယ်တန်းခြင်းကို ကျေးရွာ ၂၆ ရွာ၊ ဆိုလာစနစ်နှင့် ကျေးရွာ ၁၉၃ ရွာ စုစုပေါင်း ကျေးရွာ ၂၁၉ ရွာတို့မှာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၇၉.၂၃ သန်းနှင့် ဆိုလာမီးလင်းရေးစနစ် ကျေးရွာခြောက်ရွာအနက် Golden Key Co.,Ltd မှ တာကုန်း(အရှေ့)ရွာ၊ ရိုးကြီးရွာ၊ ခလောက်သိုက်ရွာတို့အား လည်းကောင်း၊ လဝန်းသစ္စာကုမ္ပဏီက ရွာသစ်ရွာ၊ ပွဲစားဂုံညင်းတန်းရွာနှင့် ပါရမီဒေါင့်ရွာတို့ကို လည်းကောင်း တင်ဒါစနစ်ဖြင့်  လုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုခဲ့ပါကြောင်း၊

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်မီးလင်းရေးတင်ဒါများခေါ်ဆိုရာတွင် ဆိုလာပြားများက ၁၀ နှစ်အာမခံရှိရပြီး System တစ်ခုလုံး၏ အာမခံကာလသည် နှစ်နှစ်ဖြစ်ပါကြောင်း၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနှင့် ပွဲစားဂုံညင်းတန်းကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့သည့် ဆိုလာမီးလင်းရေးစနစ်သည် ဗဟိုဖြန့်ဖြူးရေးစနစ်(Centralize System)နှင့် ‌ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် တပ်ဆင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရွာသစ်ကျေးရွာရှိ အိမ်ခြေ ၂၅၈ လုံး ဆိုလာမီးလင်းရေးအစီအစဉ်မှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်  မီးပျက်တောက်ခဲ့ကြောင်း တင်ပြချက်အရ ကွင်းဆင်းစစ်ဆေးခဲ့ ပါကြောင်း၊  ထိုသို့စစ်ဆေးခဲ့ရာတွင် တပ်ဆင်ထားသည့် ဆိုလာ ၁၆ ချပ် က ကောင်းမွန်လျက်ရှိပြီး ဘတ္ထရီရှစ်လုံးနှင့် မီးလုံး ၂၀၀ သည် ပျက်စီးနေသည်ကို တွေ့ရှိခဲ့သည့်အပြင် ပွဲစားဂုံညင်းတန်းကျေးရွာ အိမ်ခြေ ၃၉၀ တွင် ဆိုလာမီးလင်းရေးအတွက် တပ်ဆင်ထားသည့် ဆိုလာ ၂၄ ချပ်က ကောင်းမွန်နေပြီး ဘတ္ထရီ ၁၂ လုံးနှင့် မီးလုံး ၁၇၆ လုံးတို့ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ အဆိုပါ ပျက်စီးမှုများကို တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ စစ်ဆေးရေးအဖွဲ့နှင့် မြေပြင်အမှန် ပျက်စီးမှုကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်လည်း  တပ်ဆင်ထားသည့် ဘတ္ထရီအမျိုးအစားများက မော်တော် ယာဉ်သုံး Lead Acid Battery(Liquid) များ ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် တစ်နှစ်သာခံသည့် အခြေအနေဖြစ်သော်လည်း စာချုပ်တွင် နှစ်နှစ်အာမခံထားကြောင်း၊ သတ်မှတ်ဝန်အားထက် ပိုမသုံးရန် စည်းကမ်းချမှတ် ထားသော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဝန်အားတိုင်းမီတာဖြင့် တိုင်းတာချက်အရ သတ်မှတ်ဝန်အားထက် ကျော်လွန်သုံးစွဲခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအရ တပ်ဆင်ထားသည့်ဆိုလာနှင့် ဆက်စပ်ပစ္စည်းများသည် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့လျှင်သော်လည်းကောင်း၊ သုံးစွဲသူများမှ သတ်မှတ် ဝန်အားထက်ပိုမိုသုံးစွဲမှုကြောင့် ပျက်စီးခဲ့လျှင်သော်လည်းကောင်း ကုမ္ပဏီမှပြန်လည်ပြုပြင်ပေးရန် မလိုအပ်သော်လည်း လုပ်ငန်းအာမခံ သက်တမ်းအတွင်း တပ်ဆင်ထားသည့်စနစ်၊ ပစ္စည်းများ ချို့ယွင်းမှုကြောင့် ပျက်စီးခဲ့လျှင် ကုမ္ပဏီမှပြန်လည် ပြင်ဆင်ပေးရမည် ဖြစ်ပါကြောင်း၊ နောင်တွင် သုံးစွဲသူများအမှားကြောင့် ပျက်စီးမှုမဖြစ်ပေါ်ရန်လည်း သုံးစွဲသူများ လိုက်နာရမည့် အချက်များကိုလည်း ကျေးရွာနေထိုင်သူများအား အသိပညာပေးသင်တန်းများ ပို့ချဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး ကျေးလက် မီးလင်းရေးလုပ်ငန်းများကို တစ်မျိုးသားလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (National Electricity Project) စီမံကိန်းအရ ကမ္ဘာ့ဘဏ်၏ Guide Line နှင့်အညီ နိုင်ငံတကာက ဝင်ရောက်ယှဉ်ပြိုင်သည့် International Competition Bidding Method နှင့် တင်ဒါခေါ်ယူပြီး နိုင်ငံတကာကျွမ်းကျင် ပညာရှင်များ၏ ပစ္စည်းအရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး စိစစ်ရွေးချယ်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပစ္စည်းများ၏ အာမခံသက်တမ်းအနေနှင့်လည်း Solar PV ကို ၁၀ နှစ်၊ Battery ကို သုံးနှစ်၊ Controller ကို သုံးနှစ်၊ မီးလုံးနှင့် ဖန်ချောင်းကို သုံးနှစ်စသည်ဖြင့် သတ်မှတ်ထားပြီး အာမခံနှစ်များကို စာချုပ်တွင် ဖော်ပြချုပ်ဆိုစေခဲ့ပါကြောင်း၊ သုံးစွဲမည့် ဆိုလာစနစ်နှင့် ပတ်သတ်ပြီး ပစ္စည်းအရည် အသွေးအား နမူနာစစ်ဆေးခြင်း၊ Pilot ကျေးရွာများ ကနဦးစမ်းသပ်ဆောင်ရွက်ခြင်းဖြင့် အရည် အသွေးပြည့်မီမှ အပြီးသတ်တပ်ဆင်ခြင်းတို့ကို အဆင့်ဆင့်စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တပ်ဆင်ပြီး ပစ္စည်းအရည်အသွေး စစ်ဆေးရာတွင်လည်း နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းပြီး Third Party အဖွဲ့များနှင့် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်သည့်ကုမ္ပဏီများ စာချုပ်အာမခံဖောက်ဖျက်ပါက တင်ဒါစည်းမျဉ်းစည်းကမ်းပါအတိုင်း တည်ဆောက်ရေး လုပ်ငန်းများကို တင်ဒါဆွဲဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ပြီး ကုမ္ပဏီကိုလည်း အမည်ပျက်စာရင်း (Black List) ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်ပါက တရားစွဲဆိုခြင်းအထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနှင့် ပွဲစားဂုံညင်းတန်းကျေးရွာတို့၏ ဆိုလာမီးလင်းရေး လုပ်ငန်းပျက်စီးမှုများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ပြုပြင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် ကျေးရွာပြည်သူများအနေဖြင့်လည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ပေါင်းစပ်ပြီး ကူညီ ထိန်းသိမ်းရေးကို ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်သန္တာ(အိမ်မဲမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးထားသည့် မေးခွန်းတွင်လည်း မည်ကဲ့သို့ အရေးယူမည်နည်းဆိုသည်လည်း ပါဝင်ပါကြောင်း၊ Black List ဆိုသည်မှာ ပြီးပြည့်စုံသည့် အရေးယူမှု တစ်ခုမဟုတ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများရှိသောကြောင့် တရားစွဲ၍လည်းရပါကြောင်း၊  ဝန်ကြီးပြောသွားသည့်အတိုင်း မည်သည့်အချိန်တွင် တရားစွဲမည်နည်း၊ ၎င်းအချက်သည် ဘတ်ဂျက် အလွဲသုံးစားလုပ်သည့် ကိစ္စများကို ဟန့်တားနိုင်မည် ဖြစ်သည့်အတွက်၊ အရေးယူမည်ဟုလည်း ပြောသည့်အတွက် မည်သည့်အချိန်တွင် တရားစွဲမည်ကို သိလိုပါကြောင်း၊ ယခုရွာသစ်ကျေးရွာတွင် ပြင်ဆင်ပေးထားသည့် ဆိုလာမီးပြင်ဆင်မှုကို မည်သည့်ဘတ်ဂျက်မှ သုံးထားသည်ကိုလည်း သိလိုပါ ကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမေးမြန်းသည့် တင်ဒါစည်းမျဉ်းစည်းကမ်းဖောက်ဖျက်သော ကုမ္ပဏီများနှင့် စပ်လျဉ်းပြီး အမည်ပျက်စာရင်း တင်သွင်းရန်ကိစ္စနှင့် တရားစွဲရန်ကိစ္စကို သက်ဆိုင်ရာ တိုင်းဒေသကြီး ကျေးလက်နှင့် ပြန်လည်ညှိနှိုင်းစိစစ်ပြီး အသိပေးပြန်လည်တင်ပြပေးမည် ဖြစ်ပါကြောင်း၊ ယခုသုံးစွဲသွားသည့် ဘတ်ဂျက်မှာ ၂၀၁၆-၁၇ တွင် စတင်သုံးစွဲခြင်းလား၊ ၂၀၁၄-၁၅ တွင် စတင်သုံးစွဲခြင်းလား ဆိုသည်ကို ပြန်လည်စိစစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကို ပြန်လည်အသိပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။