နည်းပညာတက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံနှင့် အခြား တက္ကသိုလ်များတွင် မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်ဆဲ တက္ကသိုလ် ကျောင်းသူကျောင်းသား၊ သင်တန်းသူ သင်တန်းသားအချို့အနေဖြင့် သင်တန်းတက်ဆဲကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းပြည်ပလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုရရှိလာပြီး စီးပွားရေးအခြေအနေများလည်း ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် အဆိုပါကျောင်းသားများအနေဖြင့် မူလတက်ရောက်နေသော သင်တန်းများကို ဆက်လက် တက်ရောက်လိုသည့် ဆန္ဒများရှိပါကြောင်း။ ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းရပ်နား ထားခဲ့ရသည့် မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်ဆဲ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ သင်တန်းသူ သင်တန်းသားများကို ဆက်လက် ပညာဆည်းပူးခွင့်၊ တက်ရောက်ခွင့် ရှိ/မရှိနှင့် ပညာဆက်လက်ဆည်းပူး တက်ရောက်ခွင့်ရမည်ဆိုပါက မည်သို့စီစဉ်ဆောင်ရွက်ရမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းလိုပါသည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော မဟာဘွဲ့ သင်တန်း လက်စွဲအပိုဒ်(၃)အရ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အောက်တွင်ရှိသော ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များတွင် ဘွဲ့လွန်(မဟာဘွဲ့) တက်ရောက်ဆဲ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအနေဖြင့် အကြောင်း အမျိုးမျိုး ကြောင့် သင်တန်းမှ ခေတ္တရပ်နားမည်ဆိုပါက အများဆုံးကင်းကွာခွင့်အနေဖြင့် ပညာသင်နှစ်(၃)နှစ် သတ်မှတ်ပါကြောင်း၊ တက္ကသိုလ် ဆရာဆရာမများနှင့် ဝန်ထမ်းများဖြစ်ပါက အဆိုပါကင်းကွာမှုကို နှစ်ကန့်သတ်ချက်မရှိဘဲ အကြောင်းပြချက်ခိုင်လုံပါက တက်ရောက်ခွင့် ပေးပါကြောင်းနှင့် ပါရဂူဘွဲ့သင်တန်းသားများသည် အကြောင်း အမျိုးမျိုးကြောင့် သင်တန်းမှ နှုတ်ထွက်ခဲ့ရပါကလည်း ပါရဂူသင်တန်းဝင်ခွင့်စာမေးပွဲကို ပြန်လည် ဖြေဆိုစေပြီး ပါရဂူဘွဲ့ကြိုသင်တန်းကို ဆက်လက် တက်ရောက်ခွင့်ရှိမည်ဖြစ်ပါကြောင်း၊
ဘွဲ့လွန်(မဟာဘွဲ့) ဆက်လက်တက်ရောက်လိုကြောင်း လျှောက်ထားပါက ကျောင်းဝင်ခွင့်မှတ်ပုံတင်ပြီး့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သကဲ့သို့ အခြားတက္ကသိုလ်သို့ ပြောင်းရွှေ့ တက်ရောက်လိုပါကလည်း နောက်ဆုံးတက်ရောက်ခဲ့သည့် တက္ကသိုလ်မှ ကျောင်းပြောင်းလက်မှတ်ရယူပြီး ပြောင်းရွှေ့တက်ရောက် ခွင့်ပြုလျက် ရှိပါကြောင်း၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းရပ်နားထားသူများ၊ သင်တန်းကျရှုံးသူများအနေဖြင့် ကျောင်းပြန်လည် တက်ရောက်လိုပါက ဝန်ထမ်းမဟုတ်ဘဲ ပြင်ပကျောင်းသားကျောင်းသူများအနေဖြင့် နောက်ဆုံး တက်ရောက်ခဲ့သော တက္ကသိုလ်၏ ထောက်ခံချက်ဖြင့် လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံနှင့်တကွ မိမိ တက်ရောက်လိုသော တက္ကသိုလ်ကို တိုက်ရိုက်လျှောက်ထားရန်လိုအပ်ပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် သင်တန်းအသီးသီးသို့ တက်ရောက်လိုသူများအားလုံးသည် မိမိတို့တက်ရောက်လိုသော တက္ကသိုလ်များကို တိုက်ရိုက်လျှောက်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ အနေဖြင့်လည်း အထက်ပါ စာပိုဒ်ခွဲ(က)နှင့်(ခ) ပါ သင်တန်းသားအမျိုးအစားများ လျှောက်ထားလာပါက ဝင်ခွင့် စစ်ဆေး၍ လက်ခံခြင်း၊ ဝင်ခွင့်စစ်ဆေးရန် မလိုအပ်ပါက သက်ဆိုင်ရာ တက္ကသိုလ်များ၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေး အဖွဲ့၏ ဆုံးဖြတ်ချက်အရ လက်ခံခြင်း၊ ငြင်းပယ်ခြင်း စသည်တို့ကို မိမိတို့တက္ကသိုလ် အလိုက် သတ်မှတ် ထားသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ တက္ကသိုလ် များအနေဖြင့်လည်း ကျောင်းပြန်လည် တက်ရောက်ခွင့်လျှောက်ထားလာသူများအတွက် ၎င်းတို့ တက္ကသိုလ်များမှ ဖွင့်လှစ်ထားသော သင်တန်းများတွင် အကျုံးဝင်မှုရှိပါက သက်ဆိုင်ရာ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ အဆင့်မြင့်ပညာရေး ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက ၎င်းဥပဒေနှင့် အကျုံးဝင်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအားလုံးသည် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
