ဖလမ်းမြို့နယ်တွင် အဓိကလိုအပ်ချက်ဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကိစ္စဖြစ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းကို ဂန့်ဂေါမှ ဟားခါး၊ ဟားခါးမှတစ်ဆင့် ဖလမ်း၊ သိုင်းငင်အထိဆွဲရန် စီစဉ်ထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်၎င်း မဟာဓာတ်အားလိုင်းအား အခုလျှပ်စစ်အနေဖြင့် ဟားခါးရောက်ရှိပြီး ဖြစ်သော်လည်း ဟားခါးတွင် လုံလုံလောက်လောက် သုံးစွဲ၍မရသေးပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဒုတိယဝန်ကြီး ပြောသွားသည့် သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်များနှင့် ခြားနားလျက်ရှိပြီး မဏိပူရမြစ်ပေါ်တွင် တည်ဆောက်ပေးမည်ဆိုပါက ၎င်းနေရာတွင် ထိခိုက်မည့် ကျေးရွာများ၊ လယ်ယာများနှင့် သစ်တောဧရိယာများလည်း မရှိပါကြောင်း၊ ၎င်းနေရာကို တည်ဆောက်ပေးမည်ဆိုလျှင် နိုင်ငံတော်၏ ပေါ်လစီအဖြစ် ကျေးလက်တောရွာများလည်း တိုးတက်မှဖြစ်မည်ဆိုသည့် ဆောင်ပုဒ်လည်း ပြီးမြောက်သွားမည်ဟု ယူဆ ပါကြောင်း၊ မဏိပူရမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းသည် အမျိုးသားလွှတ်တော်မှလည်း တင်ပြပြီး၊ တောင်းခံထားပြီးဖြစ်ပါကြောင်း၊ ဂျပန်ပညာရှင်များနှင့် လေ့လာပြီးအဖြေလည်း ထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းသည် မြို့ပေါ်အတွက်ဖြစ်ပြီး ကျေးလက် တောရွာများအတွက် ၎င်းစီမံကိန်းကို ဆက်လက်ပြီး ဆောင်ရွက်ပေးမည်ဆိုလျှင် ဖလမ်းမြို့နယ်တွင်သာမက ချင်းပြည်နယ်၊ ဖလမ်းသွန်းလန်အထိ လျှပ်စစ် ဓာတ်အားပေးနိုင်မည်ဖြစ်သည့် အတွက်ကြောင့် ၎င်းစီမံကိန်းကို ဆက်လက်ပြီး ဆောင်ရွက်ပေးရန် မည်ကဲ့သို့အစီအစဉ်ထားရှိပါသနည်း။ မိမိအနေဖြင့် သိလိုသည်မှာ ထိုနေရာကို တိုင်းတာပြီးသည့်နောက် ယခုထိငြိမ်ချက်သားကောင်းနေသည့် အတွက် ကြောင့် ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ဗါးရ်တံတားအထက် ၁ မိုင် ခွဲခန့်ရှိ မြစ်ကျိုးနေရာတွင် ရေလှောင်ကန်ပြုလုပ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ပေးရန် စီမံချက်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖ
လမ်းမြို့နယ်၊ ဗါးရ်တံတားအထက် ၁ မိုင်၊ ၄ ဖာလုံခန့်အကွာ မဏိပူရ်မြစ်ပေါ်ရှိ နေရာကိုများ၏ အထက်မဏိပူရ် ရေအားလျှပ်စစ် အရင်းအမြစ်ကို ဌာနမှစူးစမ်းတိုင်းတာပြီး ဖြစ်ပါကြောင်း၊ အဆိုပါနေရာသည် မဂ္ဂါဝပ် ၃၈၀ ထွက်ရှိနိုင်သော မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်း၏ အထက်ဘက် ၃၄ မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း၊ ၎င်းနေရာနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ စူးစမ်းတိုင်းတာ ရေးအဖွဲ့သည် စီမံကိန်းဆိုင်ရာအခြေခံ အချက်အလက်များဖြစ်သည့် မြေပြင်အနေ အထားနှင့် ရေထုစီးနှုန်းတိုကို ပဏာမစူးစမ်းတိုင်းတာခဲ့ရာ ၃၀ မဂ္ဂါဝပ်ခန့်ခွဲ ရှိနိုင်ပါကြောင်း၊ သို့သော် ဘူမိဗေဒအခြေအနေနှင့် စီမံကိန်းစနစ်ပုံစံတို့ကို အသေးစိတ်စူးစမ်းလေ့လာမှုများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ၂၀၁၃ ခုနှစ် မတ်လတွင် ဌာန၏ အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် ဂျပန်နိုင်ငံ NEWJEC Inc. ကုမ္ပဏီလီမီတက်မှ ကျွမ်းကျင်သူများနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် စူးစမ်းတိုင်းတာရေးအဖွဲ့ကို ဒုတိယအကြိမ် စူးစမ်းတိုင်းတာစေခဲ့ပါကြောင်း၊ မြေမျက်နှာသွင်ပြင် အနေအထားသည် မြစ်ကမ်းပါးများမတ်စောက်ခြင်းကြောင့် ဘေးနံရံတည်ငြိမ်မှု ထိန်းသိမ်းရန်ခက်ခဲခြင်း၊ မြစ်ကမ်းပါးနှင့် မြစ်ကြမ်းပြင်တို့ထိတွေ့သည့်အခါ ကျောက်သားအနေအထားမှာ ပျက်စီးကြေမွ လွယ်သည့် ရွှံကျောက်ထပ်လွှာများသာ ဖြစ်ခြင်းကြောင့် တမံနှင့်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်ခက်ခဲခြင်း၊ တည်ဆောက်ပါကလည်း ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏကြီးမားပြီးကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်ခြင်း၊ ရေရှည်ကမ်းပါးများ တည်ငြိမ်အောင် ဂရုပြုဆောင်ရွက်ရမည့် လုပ်ငန်းများပါဝင်လာနိုင်ခြင်း၊ ၎င်းနေရာ အနီးတစ်ဝိုက်ရှိ သဲ၊ ကျောက်စရစ်စသည့် တည်ဆောက်ရေးသုံးပစ္စည်းများ အရည်အသွေးမကောင်း၍ ဝေးလံသော ဒေသမှသယ်ယူရမည့် စရိတ်များ ကြီးမြင့်လာမည်ဖြစ်ခြင်း၊ နှစ်စဉ်ပျမ်းမျှစီးဝင်ရေမှာ ၄၄၁၃၀၀၀ ဧကပေရှိပြီး ထိန်းနိုင်မည့် ရေပမာဏမှာ ၈၀၅၉၀ ဧက ပေသာရှိခြင်းကြောင့် မိုးတွင်းကာလတွင် မြစ်ရေကြီးချိန်များမှာ ကြီးမားသည့် ရေထုကိုထုတ်လွှတ်နိုင်ရန် ဆောင်ရွက်ရမည့် ကွန်ကရစ်ရေပိုလွှဲ အဆောက်အအုံမှာ ကုန်ကျစရိတ်ကြီးမားနိုင်ခြင်း စသည်တို့ကို လေ့လာတွေ့ရှိရပါကြောင်း၊
ဖလမ်းမြို့နယ်၊ ဒုမန်းကျေးရွာရှိ ခေါင်းဘိုချောင်းမှ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှုနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဦးကျွန်ခဲန်းမှစာဖြင့် မေးမြန်းခဲ့သဖြင့် ဌာနမှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းတာရေးအဖွဲ့စေလွှတ်ပြီး စီမံကိန်းဖြစ်မြောက်နိုင်မှုကို စူးစမ်းလေ့လာခဲ့ပါကြောင်း၊
စူးစမ်းတိုင်းတာရေးအဖွဲ့၏ လေ့လာချက်အရ အဆိုပြုနေရာ၏ မြေမျက်နှာသွင်ပြင်၊ ဘူမိဗေဒအခြေအနေ၊ ဇလဗေဒဆိုင်ရာ အချက်အလက်များနှင့် ချောင်းရေထုစီးနှုန်းတို့ကို အသေးစိတ် လေ့လာခဲ့ပြီးဖြစ်ပါကြောင်း၊ စူးစမ်းလေ့လာမှုအရ ခေါင်းဘိုချောင်း၏ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၅၇ လက်မ၊ ရေထုစီးနှုန်း ၁၈ ကုဗပေ/ စက္ကန့်တို့ဖြစ်ပြီး ဒုမန်းကျေးရွာ၏ အထက်ဘက် ၂ ဖာလုံခန့်အကွာတွင် ရေလွှဲဆည်တစ်ခု တည်ဆောက်ပါက ၁၉၀ ကီလိုဝပ်ခန့် လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ခေါင်းဘိုချောင်း ရေအားလျှပ်စစ် စီမံကိန်းအနေဖြင့် ဘူမိဗေဒအခြေအနေအရ စီမံကိန်းတည်ဆောက်ရန် လက်ခံနိုင်ခြေရှိကြောင်း၊ တောင်ယာမြေ အပါအဝင် အခြားဆုံးရှုံးမှုနည်းပါးသည့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းပါးအောင် ဆောင်ရွက်နိုင်ပါကြောင်း၊ ဒေသခံကျေးရွာများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်းတို့ကို ဖော်ပြပါရှိသည့် စီမံကိန်းဖြစ်မြောက်နိုင်မှု အစီရင်ခံစာအား ချင်းပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ဦးကျွန်ခဲန်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ၁၇-၃-၂၀၁၄ ရက်နေ့တွင် သုံးသပ် ချက်များနှင့်တကွ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ အသေးစားရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲ ဆောင်ရွက်ခွင့်တို့ကို သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် နှစ်စဉ်ရန်ပုံငွေတင်ပြ တောင်းခံ ဆောင်ရွက်ထားပြီးဖြစ်သဖြင့် သက်ဆိုင်ရာချင်းပြည်နယ် အစိုးရအစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း၊
ယခုအခါ မိမိတို့ဝန်ကြီးဌာအနေနှင့် ဟားခါး-ဖလမ်း-သိုင်ငင်း ၆၆ ကေဗွီ ဓာတ်အားလိုင်းကို တည်ဆောက်လျက် ရှိပါကြောင်း၊ ဟားခါးနှင့်ဖလမ်းကြားရှိ ကျေးရွာများ၊ ဖလမ်းနှင့်သိုင်ငင်းကြားရှိ ကျေးရွာများကို ဓာတ်အား ပေးနိုင်ရေးအတွက် ယခုတည်ဆောက်သည့် ၆၆ ဓာတ်အားလိုင်း ၁၁ ကေဗွီဓာတ်အား စနစ်ကိုပါ ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
