မေးခွန်း အကြောင်းအရာ
မကြာမီဖွင့်လှစ်တော့မည့် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း များနှင့် အထူးသဖြင့် မူ (ခွဲ) ကျောင်း၊ မူလွန်ကျောင်း၊ လခွဲကျောင်း၊ အထက်တန်း ကျောင်းခွဲများတွင် လိုအပ်နေသည့် ဆရာ/မများနှင့် ကျောင်းသား အချိုးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းတာရမည်ဆိုပါက ယေဘုယျ ဆန်လွန်းသည့် ကိန်းဂဏန်းကိုသာ ရမည်ဖြစ်ပါကြောင်း၊ မြို့ကြီးပြကြီးက ကျောင်းများ တွင် ဆရာနှင့်တန်းခွဲ၊ ကျောင်းသားအချိုး မျှတနေသော်လည်း ကျေးလက်တောရွာများတွင် ကျောင်းသားများပြီး တန်းခွဲဆရာ/မ မညီမမျှ ဖြစ်နေ ပါကြောင်း၊ ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေး သည့်တိုင် ဆရာ/မများမှာ ပြည့်စုံခြင်း မရှိသည့်အတွက် ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏မဝ ဆိုတာမျိုးဖြစ်နေပါကြောင်း၊ ယခုလို ဆရာ/မလိုအပ်ချက် ပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ပြဿနာများသည် လုပ်အားပေး ဆရာ/မပြဿနာ၊ ကျောင်းဆရာ မလုံလောက်မှုကြောင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ရသည့်ဘွဲ့ရ အလုပ်လက်မဲ့များနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား/သူများကို တစ်နေ့နေ့တွင် အစိုးရခန့်ဆရာ/မများ ဖြစ်လာလိမ့်မည်ဆိုသည့် မျှော်လင့်ချက်ရောင်ခြည်များ ရှိနေပါကြောင်း၊ ဆရာလိုအပ်ချက်များ များပြားလာရာမှ လုပ်အားပေး ဆရာ/မ ပြဿနာများ ပေါ်ပေါက်လာရခြင်းသည် ပြီးခဲ့သည့် စာသင်နှစ်က ဆရာလိုအပ်ချက် ပြဿနာကို နေ့စားလပေး ဆရာခန့်ထားခြင်း၊ ကန်ထရိုက်ဆရာ ဟုခေါ်သည့် ပညာရေးသမိုင်းတွင် မည်သည့်အချိန်အခါမှ မကြားဖူးခဲ့သည့် ဆရာ/မပုံစံများနှင့် ခန့်ထားခြင်းမျိုးများ ဖြေရှင်းခဲ့ရပါကြောင်း၊ နေ့စားလပေးဆရာ/မ ခန့်ထားရေးတွင်လည်း ဆရာ/မ လိုအပ်ချက်များကြောင့် နှစ်ပေါင်းများစွာ လုပ်အားပေးခဲ့ရသည့် ဆရာ/မလေးများသည် အသက်ကန့်သတ်ချက်များ ကျော်လွန်သွားပြီး ရေးဖြေစာမေးပွဲတွင်လည်း မအောင်မြင်ဖြစ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် လာမည့် စာသင်နှစ်များတွင် မူလွန်ကျောင်း၊ မူလတန်းကျောင်းခွဲ၊ အထက်တန်းကျောင်းခွဲစသည့် ကျောင်းများတွင် ဆရာ အလုံအလောက် ခန့်ထားပေးရေးနှင့် သင်ပြခဲ့သည့် လုပ်အားပေး ဆရာ/မ များ၏ဘဝကို မည်ကဲ့သို့ အစီအစဉ်များ ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာန ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအနေဖြင့် အထက်တန်း အဆင့် ၉၂၀၀၀၀ ကျော်၊ အလယ်တန်းအဆင့် ၂.၈ သန်း၊ မူလတန်းအဆင့် ၅.၁ သန်း စုစုပေါင်း ၈.၉ သန်းရှိပါကြောင်း၊ ၈.၉ သန်းဆိုသည်မှာ မတ်လ၏ စာရင်းဖြစ်ပါကြောင်း၊ မတ်လ၏စာရင်းသည် ကျောင်းသား/သူ ဦးရေစာရင်းကောက်လျှင် ဇူလိုင်လတစ်ခါ၊ ဒီဇင်ဘာမှာတစ်ခါ၊ မတ်လတစ်ခါ ကောက်ပါကြောင်း၊ ကောက်ခံသည့် လများထဲတွင် ဒီဇင်ဘာလစာရင်းမှာ အများဆုံးဖြစ်ပါကြောင်း၊ ဒီဇင်ဘာလစာရင်း ကျောင်းသား/သူ ဦးရေစုစုပေါင်း ၉ သန်း ရှိပါကြောင်း၊ ထို့ကြောင့် မတ်လတွင် ၈.၉ သန်းရှိခြင်းသည် ကျောင်းသား/သူ တစ်သိန်းမှာ ကျောင်းတက်နေရင်းဖြင့် ကျောင်းထွက်သွားခြင်းများ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆရာ/မများ အနေနှင့်လည်း အထက်တန်းအဆင့် ၄၁၀၀၀ ကျော်၊ အလယ်တန်းအဆင့် ၁၀၀၀၀၀ ကျော်၊ မူလတန်းအဆင့် ၂၂၀၀၀၀ ကျော် ပညာသင်ကြားနေပါကြောင်း၊
ထို့ကြောင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆရာ/မဦးရေ စုစုပေါင်း ၃၇၀၀၀၀ ကျော်ရှိပါကြောင်း၊ လက်ရှိခန့်ထားသည့် ဆရာနှင့် ကျောင်းသား အချိုးကိုကြည့်လျှင် အထက်တန်းအဆင့် ၁း၂၂ ဖြစ်ပါကြောင်း၊ အလယ်တန်းအဆင့် ၁း၂၈ လောလောဆယ် ကျောင်းသားဦးရေနှင့် ဆရာဦးရေမှာ မူလတန်းပြီးသွားလျှင် အလယ်တန်းကိုဆက်လက် ပညာသင်ယူကြသည့်အတွက် အလယ်တန်းကျောင်းသား ဦးရေမှာ မနှစ်ကစပြီး များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ဆရာ/မနှင့် ကျောင်းသားဦးရေအချိုးမှာ အလယ်တန်းအဆင့်တွင် များပြားနေပါကြောင်း၊ မူလတန်းအဆင့် ဆရာကျောင်းသားအချိုး ၁း၂၄ ရှိပါပါကြောင်း၊ တစ်နိုင်ငံလုံးခန့်ထားသည့် ပျမ်းမျှကိုကြည့်မည်ဆိုလျှင် ဆရာနှင့် ကျောင်းသားအချိုး ၁း၂၅ ဖြစ်ပါကြောင်း၊ ၁း၂၄ မဟုတ်ပါကြောင်း၊ ၂၅ ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေနှင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို ဆုံးခန်းတိုင်အောင် ပညာသင်ယူတတ်မြောက်ရေးကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းပေါင်း ၄၆၀၀၆ ကျောင်းကိုလည်း ပြန်ကြည့်မည်ဆိုပါက ၁၀၀ ဦးရေအောက် ကျောင်းသည် မြန်မာနိုင်ငံတွင် ကျေးလက်နှင့် ဝေးလံဒေသများမှာ ရှိသည့်အတွက်ကြောင့် ၁၀၀ ဦးရေအောက်ကျောင်းများသည် စုစုပေါင်း ကျောင်းပေါင်း ၂၀၀၀၀ ကျော် ရှိနေပါကြောင်း၊
ယခုလောလောဆယ်ဆယ် အခြေအနေတွင် မိမိတို့ပညာရေးဝန်ကြီးဌာနမှ ကျေးလက်နှင့် ဝေးလံသည့် ဒေသများတွင် ကျောင်းသားဆရာအချိုး ပိုမိုကောင်းမွန်နေပြီး မြို့ပေါ်များတွင် ယနေ့ ဆရာများပိုမိုပြီး လိုအပ်နေသည်ကို တင်ပြလိုပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်အခါ သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး အတွက်လည်း ကျောင်းအဆင့်များတိုးမြှင့်ခြင်းနှင့်တစ်ပြိုင်နက် ဆရာ/မများကိုလည်း ခန့်ထားပေးရန် အတွက်ကိုလည်း ဆောင်ရွက်ရပါကြောင်း၊ ယခုလိုအပ်နေသည့် သင်ထောက်ကူပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးရန်အတွက် ဆောင်ရွက်သည့်အခါတွင် ဘဏ္ဍာငွေအပေါ် မူတည်ပြီး အချိုးကျဖြည့်ဆည်း ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေနှင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာ ပိုမိုသင်ယူခွင့် ရရှိရန်အတွက်ရည်ရွယ်ပြီး အခြေခံပညာ မူလတန်းလွန်ကျောင်းများတွင် အလယ်တန်းပြ သုံးဦးနှုန်း၊ အလယ်တန်းကျောင်းခွဲများတွင် အလယ်တန်းပြ ငါးဦးနှုန်း၊ အထက်တန်းကျောင်းခွဲနှင့် အထက်တန်းများတွင် ခုနစ်ဦးနှုန်း ဖြည့်စွက်ခန့်ထား လိုပါကြောင်း၊ သို့သော် ဖြည့်စွက်လိုသည့်အတိုင်း ခန့်ထားလို့မရပါကြောင်း၊ ခွင့်ပြုမိန့်ရရှိရန် မိမိတို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ဌာနများကို ခွင့်ပြုချက်ရရှိရန်အတွက် စီစဉ်ဆောင်ရွက်ရပါကြောင်း၊ ယခုလို ခွင့်ပြုချက်ရရှိပြီးလျှင်လည်း ချက်ချင်းခန့်လို့မရပါကြောင်း၊ ဘဏ္ဍာငွေတင်ပြတောင်းခံရပါကြောင်း၊ ဘဏ္ဍာငွေရရှိပြီးမှသာလျှင် လိုအပ်သည့် ဆရာ/မများကို အရည်အချင်းပြည့်မီမှသာ စိစစ်ရွေးချယ်ပြီး လိုအပ်သည့် ဆရာအတတ်ပညာ သင်တန်းများပေးပြီး ပြည့်မီစွာဖြည့်စွက် ခန့်ထားပေးလိုပါကြောင်း၊ ပညာရေး အရည်အသွေးမြင့်ဖို့သည် ဆရာ/မ၏ အရည်အသွေးပေါ် မူတည်သည့်အတွက် ပညာရေးဝန်ကြီး ဌာနအနေနှင့် အရည်အချင်းပြည့်မီသော ဆရာ/မများကို စိစစ်ရွေးချယ်ခန့်ထားလိုပါကြောင်း ခန့်ထားနိုင်မှုအခြေအနေအရ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းပြီး ဦးတည်၍ ဆက်လက်စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမင်းသိန်း (တောင်တွင်းကြီးမဲဆန္ဒနယ်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ နယ်များတွင် မည်သည့်နယ်ကို မေးလိုက်မေးလိုက် နေ့စားလပေး ဆရာဆရာမ ခန့်ထားရေးများတွင် လုပ်အားပေးခဲ့သည့် ဆရာ/မလေးများသည် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ မဖြေနိုင်ခြင်း၊ ရှင်းရှင်းပြောရမည်ဆိုလျှင် လာဘ်ပေးလာဘ်ယူ၊ အဂတိများ လိုက်စားခြင်းတို့ကြောင့် အချို့အချို့သော ဆရာ/မလေးများ ပါဝင်သွားခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က အချို့အချို့ဆိုလျှင် Msc ဘွဲ့များ ရထားသည့် သူများလည်း ပါဝင်ပါကြောင်း၊ နေ့စားလပေးမှာ မပါဝင်ခဲ့သော လုပ်အားပေးနေခဲ့သော ငါးနှစ်ခန့်ရှိသည့် လုပ်အားပေးဆရာ/မများလည်း ပါဝင်ပါကြောင်း၊ ထိုကဲ့သို့သော နှစ်ရှည်လများ ဆရာလိုအပ်ချက်ကို မိမိတို့ဝါသနာအရ ဖြည့်စွမ်းပေးနေသော ဆရာ/မ လုပ်အားပေးဆရာ/မလေးများအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးထားသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပညာရေးအရည်အသွေးမြင့်မားရန်အတွက် အကောင်အထည်ဖော်ဦးတည် ဆောင်ရွက်သည့် အခါတွင် အရည်အချင်းပြည့်မီသော ဆရာ/မများကိုသာ စိစစ်ရွေးချယ်ဆောင်ရွက် သွားလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
