(ဂ)-မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်း ကျေးရွာအုပ်စု၊ အင်ပင်-ကနောင် လမ်းပေါ်ရှိ ဂျမ်းချောင်းသစ်သား တံတားကိုကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေး ရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၃)ရက်မြောက်နေ့ (၁၉.၈.၂၀၁၅)

မြန်အောင်မဲဆန္ဒနယ်တွင် အင်ပင်မြို့နှင့် ကနောင်မြို့ဟူ၍ မြို့နယ်ခွဲ ၂ ခုရှိပါကြောင်း၊ အင်ပင်မြို့သည် ရထားလမ်းတွင်ရှိသော ကုန်းတွင်းပိုင်းမြို့၊ ကနောင်မြို့သည် မြစ်ကမ်းနားဖူးတွင်ရှိသော မြို့ဖြစ်ပါကြောင်း၊ မြို့ ၂ မြို့ ကို ဆက်သွယ်ထားသော ဒိစတြိတ်ကောင်စီလမ်းသည် ယခု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူသော လမ်းရှိပါကြောင်း၊ ကျွဲတဲကုန်းအုပ်စုနှင့် ပေါက်ကုန်းစွန်းကျေးရွာအုပ်စုကြားတွင် ပေ ၂၀၀ ကျော်ရှည်သော ဂျမ်းချောင်းကို ပေ ၉၀ ခန့် အရှည်ရှိသော သစ်သားတံတားဖြင့် ဆက်သွယ်ထားပါကြောင်း၊ ယင်းတံတားသည် ၂၀၁၄ ခုနှစ်တွင် ကားသွားစဉ် ကျိုးကျသွားပါသဖြင့် ပြန်လည်ပြင်ဆင်ထားသောကြောင့် ယခုအချိန်တွင် ကားများ သွား၍ မရပါကြောင်း၊ ထော်လာဂျီများ၊ ဂွန်ဒေါင်းများ ကုန်မပါမှသာ ဖြတ်သွား၍ရပြီး တံတားတစ်ဖက်သို့ ကုန်များကို လူနှင့် ကဲ့ယူပြောင်းတင်နေရပါကြောင်း၊ ယခုအချိန်တွင် မြစ်ရေကြီးပြီး ရေလျှံပါသဖြင့် ယင်းတံတားပတ်ဝန်းကျင်တွင် ရေကြီးနစ်မြုပ်မှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် ယင်းတံတားကို အခုဘတ်ဂျက်နှစ် RE တွင် ပါဝင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက လာမည်ဘတ်ဂျက်နှစ်တွင် ထည့်သွင်းစဉ်းစားရေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ အင်ပင်-ကနောင် ဆက်သွယ်ရေးလမ်းပေါ်ရှိ ဂျမ်းချောင်းသစ်သားတံတားသည် ပေ ၉၀ အရှည်ရှိပြီး အကျယ် ၁၁ ပေ၊ အမြင့် ၁၂ ပေရှိပါကြောင်း၊  ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၅၈၀၄၊ လူဦးရေ ၂၃၇၄၁ ကျော် အကျိုးပြုပါကြောင်း၊ တံတား၏ လက်ရှိဖြတ်သန်းမှုအခြေအနေမှာ   ချောင်းအကျယ် ပေ ၂၂၀ ခန့် ဖြစ်သည့်အတွက် ဘေးနှစ်ဘက်သည် မြေသားတမံ ခန်းပွင့်ကျဉ်းပြီး ဆောက်လုပ်ထားသည့်အတွက် မိုးရာသီတွင် တံတားပေါ် ၃ ပေခန့် ရေတက်ပါကြောင်း၊ အဆိုပါတံတားကို အသစ်ဆောက် မည်ဆိုပါက ကမ်းကင်ခုံကို နောက်ဆုတ်ပြီး ပေ ၂၀၀ သံကူကွန်ကရစ်တိုင်၊ သံဘောင်ယက်မ၊ သစ်သားကြမ်းခင်းတံတားအမျိုးအစား တည်ဆောက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် ၁၄၃၀၀ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၁၄၁၆၈ ဘီလီယံဖြင့် လမ်းတံတားများကို ခွင့်ပြုပေးထားပါကြောင်း၊ မြန်အောင်မြို့နယ်၌ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ လမ်းတံတားများအတွက် ရန်ပုံငွေကျပ် ၁၃၂.၄၃ သန်း ခွင့်ပြုထားရှိပါကြောင်း၊ မြန်အောင်မြို့နယ်အတွင်းရှိ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ အင်ပင်-ကနောင် ဆက်သွယ်ရေးလမ်းပေါ်ရှိ ဂျမ်းချောင်းသစ်သားတံတားကို  ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်း မရှိသေးပါကြောင်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြပေးမည်ဖြစ်ပြီး ခွင့်ပြုချက်ရပါက ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။