ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံးကျ မြို့နယ်တစ်ခုဖြစ်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၃၀၀၀ ကျော်ကျယ်ဝန်း၍ တောင်ကုန်း တောင်တန်းတွေထူထပ်ပြီး မြစ်/ချောင်းများ ပေါများသည့်အတွက် လမ်းပန်းဆက်သွယ်ရေးတွင် ယနေ့အထိ အလွန်ခက်ခဲလျက်ရှိပါကြောင်း၊ ပလက်ဝမြို့၏အနောက်ဘက်ခြမ်းတွင် တည်ချောင်းဒေသ၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် ဒေသကို ကုလားတန်ဘက်ဒေသ၊ မီးချောင်း တစ်လျှောက်ဧရိယာကို မီးချောင်းဒေသနှင့် သံထောင်ရွာ တည်ရှိရာ လေးမြို့မြစ်တစ်လျှောက်ဒေသကို လေးမျိုးဒေသ သို့မဟုတ် သံထောင်ဒေသဟု သတ်မှတ် ခေါ်ဆိုကြပါကြောင်း၊ တောင်ကုန်းတောင်တန်းများ၊ မြစ်များ၊ ချောင်များပေါများသည့်အတွက် တစ်နေရာ နှင့်တစ်နေရာ လမ်းပန်းဆက်သွယ်သည့်အခါ အလွန်ခက်ခဲနေဆဲဖြစ်ပါကြောင်း၊ လေးမြို့ ဒေသ သို့မဟုတ် သံထောင်ဒေသတွင် ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ရွာပေါင်း ၁၉ ရွာရှိပြီး လူဦးရေ ၁၂၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ပလက်ဝမြို့မှ သံထောင်ဒေသဘက်သို့ သွားလာသည့်အခါ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်များကို ဖြတ်သန်းပြီး သွားရပါ ကြောင်း၊ ထို့အပြင် မြောက်ဦးမြို့နယ်၊ စဉ့်အိုးရွာမှတစ်ဆင့် စက်လှေဖြင့် လေးမြို့မြစ်ကို ဆန်တက်ပြီး သွားရပါ ကြောင်း၊ လေးမြို့မြစ်သည် အင်မတန်ရေစီးသန်ပြီး အန္တရာယ်များပါကြောင်း၊ သံထောင်ဒေသဘက်မှ ပလက်ဝမြို့ သို့မဟုတ် စမီးမြို့ဘက်သို့ သွားသည့်အခါတွင် အထက်ပါလမ်းအတိုင်း သွားလာရ သည့်အတွက် ကုန်ကျစရိတ်မြင့်မားခြင်း၊ အချိန်ပိုပေးရခြင်း စသည့်အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ပါကြောင်း၊ မီးချောင်း ပျဉ်ဝကျေးရွာမှ သံထောင်ရွာအထိ ကုန်းလမ်းမိုင် ၄၀ ခန့် ကွာဝေးသည်ဟု သိရသည့်အတွက် ၎င်းကို ကားလမ်း ဖောက်လုပ်ပေးမည်ဆိုပါက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် သွားလာရေးပိုမိုအဆင်ပြေမှာဖြစ်ပြီး အချိန်နှင့်ကုန်ကျစရိတ်လည်း သက်သာ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပလက်ဝမြို့နယ်၊ ပျဉ်ဝကျေးရွာမှ အီဝရွာနှင့် တပ်ချောင်းရွာ တို့ကိုဖြတ် ၍ သံထောင်ရွာအထိ ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပျဉ်ဝ-အီဝ-တပ်ချောင်း-သံထောင်ကျေးရွာချင်းဆက်လမ်းအရှည် ၈၅ မိုင် ၇ ဖာလုံ၏ လက်ရှိ အခြေအနေမှာ ၁၈ ပေအကျယ် မြေသားလမ်း ၂ မိုင်၊ ဆိုင်ကယ်လမ်းအရှည် ၈ မိုင်နှင့် လူသွားလမ်း အရှည် ၇၅ မိုင် ၇ ဖာလုံရှိပြီးတော့ ဆိုင်ကယ်လမ်းအရှည် ၈ မိုင်အား ၁၈ ပေ အကျယ် မြေသားလမ်း အဆင့်မြှင့်တင်ရန်နှင့် လူသွားလမ်းအရှည် ၇၅ မိုင် ၇ ဖာလုံအား ၁၈ ပေ အကျယ် မြေသားလမ်းသစ် ဖောက်လုပ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ပျဉ်ဝ-အီဝ-ကြား မြေသားလမ်း ၁၁ မိုင် ၃ ဖာလုံကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လရန်ပုံငွေတွင်လည်းကောင်း၊ ပျဉ်ဝ-အီဝ-ကြား မြေသားလမ်း ၁၁ မိုင် ၅ ဖာလုံနှင့် ပျဉ်ဝ-အီဝ-ကြား ကျောက်ချောလမ်း ၁၄ မိုင် တို့ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီးဖြစ်ပါကြောင်း၊ National Strategy For Rual Roads and Access ပါ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ လမ်း / တံတားများလုပ်ငန်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစားပေးရေးဆွဲတင်ပြလာသည့် လုပ်ငန်းများအပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စိစစ်၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
