မိမိတို့မြို့နယ်တွင် တိုင်းဒေသကြီး(၁)နှင့် တိုင်းဒေသကြီး(၂) နှစ်ခုရှိသည့် နှိုင်းယှဉ်ကြည့်ပါက တိုင်းဒေသကြီး(၁)က တိုင်းဒေသကြီး(၂)ထက် ဖွံ့ဖြိုးမှုအနည်းငယ်နောက်ကျလေ့ရှိပါကြောင်း၊ အဓိက အကြောင်းအရင်းက လျှပ်စစ်မီးမရရှိခြင်း ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းဒေသကြီး (၁) ရှိ ရွာများက ပင်မဓာတ်အားလိုင်းနှင့် ဝေးကွာပြီး အဆိုပါဒေသများကို ဖြန့်ဖြူးပေးရန် ခွဲရုံမရှိ၍ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ထူကိုယ်ထနှင့်သော်လည်းကောင်း၊ World Bank က NEP နှင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး ဘတ်ဂျက်နှင့်သော်လည်းကောင်း လျှပ်စစ်မီးရရှိရန် အလှမ်း ဝေးကွာလျက်ရှိသည့်အပြင် မိမိတို့ NEP ၊World Bank ကချေးငွေများ၊ တိုင်းဒေသကြီး ဘတ်ဂျက်တို့ကလည်း Feet one က ၂ မိုင်၊ Feet two က ငါးမိုင်အတွင်းကို ဦးစားပေးမည် ဖြစ်သည့်အတွက် ယခုအတိုင်းဆက်သွားနေပါက ကြာလေလေ ဖွံ့ဖြိုးမှုက အလှမ်းကွာလေလေ ဖြစ်မည်ကို စိုးရိမ်မိပါကြောင်း၊ မိမိ ယခုမေးခွန်း တင်ပြီးသည့်အခါ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်က လျှပ်စစ်ကော်မတီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး အင်ဂျင်နီယာတို့က လာရောက်ကွင်းဆင်းပြီး ကြည့်ရှုပြီးသွားပြီဟု သိရှိရပါကြောင်း၊ အဆိုပါ ခွဲရုံ တည်ဆောက်ရန် မြေနေရာကိုလည်း ရရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းကို ၂၅-၉-၂၀၁၇ က မေးမြန်းခဲ့ပါကြောင်း၊သို့ဖြစ်ပါ၍ မြစ်သားမြို့နယ်သာမက ကျောက်ဆည်မြို့နယ် ရွာပေါင်း ၅၀ ခန့် မီးလင်းရန် အခွင့်အလမ်းရရှိနိုင်ရေးအတွက် မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာတွင် 33/11 KVA (5) MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာတွင် 33/11 KVA (5) MVA ဓာတ်အားခွဲရုံ မြေနေရာ လျာထားရန်၊ လျှပ်စစ်ဓာတ်အားရရှိမည့် ကျေးရွာများ၏အခြေအနေတို့ကို လေ့လာနိုင်ရန် ၂၉-၉-၂၀၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီးလွှတ်တော် လျှပ်စစ်ရေးရာကော်မတီအဖွဲ့နှင့် မိမိတို့ ဝန်ကြီးဌာန လက်အောက်က မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းက အင်ဂျင်နီယာများပူးပေါင်းပြီး ကွင်းဆင်း ကြည့်ရှုခဲ့ကြပါကြောင်း၊ ဒါးရဲကောင်း 33/11 KVA (5) MVA ဓာတ်အားခွဲရုံ တည်ဆောက်မည်ဆိုပါက အင်းကုန်းတွင်တည်ရှိနေသည့် ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံထံမှ အင်းကုန်း-မြစ်သားကို ဆွဲထားသော ဓာတ်အားလိုင်းပေါ်က လိုင်းဖောက်ယူပြီး ချိတ်ဆက်ရမည် ဖြစ်ပါကြောင်း၊ မင်းစုကျေးရွာအနီးမှ လိုင်းဖောက်ချိတ်ဆက်ပြီး ၃၃ ကေဗွီလိုင်း ထပ်မံ၍ ၆ မိုင်တည်ဆောက်ရန် လိုအပ်သည်ကို ကွင်းဆင်းတိုင်းတာရရှိပါကြောင်း၊ ၃၃ ကေဗွီ ခွဲရုံတည်ဆောက်ပြီးပါက အဆိုပါ ခွဲရုံက ၁၁ ကေဗွီလိုင်း ထပ်မံ၍ ဘေးဝန်းကျင်ရွာများထံကို စုစုပေါင်း ၉ မိုင်ခန့် တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ၎င်းကဲ့သို့ တည်ဆောက်နိုင်ခဲ့ပါက ဒါးရဲကောင်းကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၂၅ ရွာနှင့် ကျောက်ဆည်မြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာ ၂၃ ရွာ စုစုပေါင်း ၄၈ ရွာ လျှပ်စစ်ဓာတ်အားရရှိနိုင်စေရန် ဖြန့်ဖြူးပေးနိုင်မည့် အလားအလာရရှိသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဘတ်ဂျက်က ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၉၁၃ သန်းခန့် ကုန်ကျနိုင်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်တွင် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
