(က)-ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင်ပြင်ပ အလုပ်သမားများအားအလုပ်သမားတစ်ယောက်ရရှိ ရမည့်လစာအခွင့်အရေးအတွက်အာမခံပေးနိုင်ရန် လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့်တစ်ဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွပ်ကဲပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၈.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

dawkhinhninthitလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် နိုင်ငံခြားကုမ္ပဏီ တို့ ပူးပေါင်းပြီး နိုင်ငံတော်စီမံကိန်းကို အတူပူးပေါင်းလုပ်ကိုင်နေပြီး ၎င်းစီမံကိန်းသည် ပန်းတောင်း မြို့နယ် အတွင်းဆောင်ရွက်နေရာမှာ ပြည်သူနှင့် ထိတွေ့လုပ်ကိုင်ရသည့်လုပ်ငန်း၏ တစ်ရာခိုင်နှုန်းခန့် သာ ပြီးစီးပြီး ကျန် ၉၉ ရာခိုင်နှုန်းခန့်သော လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပြီး ကျေးရွာအုပ်စု ၁၆ အုပ်စု၏ ရွာ ၆၇ ရွာနှင့်ပတ်သက်လုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် အစွန်းထွက်ဂဏန်းမျှသာရှိသည့် ရွာခုနစ်ရွာမှ ပြည်သူအချို့ ကန့်ကွက်နေကြသည်ဟုလည်း ကြားသိရပါကြောင်း၊  

ယခုနှစ် ဇွန်လအတွင်း အဆိုပါလုပ်ငန်းကို ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်ရာတွင် အနယ်နယ် အရပ်ရပ်မှပြည်သူများလာရောက်လုပ်ကိုင်ကြသလို ပန်းတောင်းမြို့နယ်မှလည်း လုပ်ကိုင် ခဲ့ကြပါကြောင်း၊  ထိုသို့ဝင်ရောက်လုပ်ကိုင်သူများမှ မိမိတို့လုပ်ကိုင်ခဲ့သည့်အတွက် လစာနှင့်အခွင့် အရေးများရရှိရန် အခက်အခဲများကြုံတွေ့နေရကြောင်း၊ ၎င်းပြဿနာများဖြေရှင်းနိုင်ရန်အတွက် MOGE မှ တာဝန်ရှိသူများကို မေးမြန်းသည့်အခါ ၎င်းတို့က MOGEနှင့် မသက်ဆိုင်ပါကြာင်း၊ ငှားရမ်းလုပ်ကိုင်သည့် တစ်ဆင့်ခံကုမ္ပဏီနှင့်သာ သက်ဆိုင်ကြောင်း လစာမရသည့်ကိစ္စကြောင့် မကျေနပ်မှုများ မိမိတို့မြို့နယ်တွင်ဖြစ်ပွားခဲ့ပါကြောင်း၊ မည်သည့်ပြဿနာကြောင့်ဖြစ်စေ လုပ်ငန်း ကိုထိခိုက်မည်ဆိုပါက MOGE အနေဖြင့်တာဝန်ရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် မည်သည့် ပြဿနာများမျှမဖြစ်အောင် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပါကြောင်း၊ လုပ်ကိုင်ခွင့်ရကုမ္ပဏီမှ  လုပ်ငန်းဖော်ဆောင်နိုင်ရန် တစ်ဆင့်ခံကုမ္ပဏီကို ထပ်မံငှားရမ်းလုပ်ကိုင် သည်ဟုဆိုသော်လည်း MOGE နှင့်လုပ်ကိုင်ခွင့်ရ ကုမ္ပဏီပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံကိန်းအောင်မြင်ရန် ၄င်လုပ်ငန်းနှင့် ပတ်သက်သည့် အရပ်ရပ်ကိစ္စကို MOGE မှကြီးကြပ်ကွပ်ကဲရန် လိုအပ်မည်ဖြစ်ပါသောကြောင့် အစိုးရစီမံကိန်း သို့မဟုတ် အစိုးရခွင့်ပြုချက်ဖြင့် လုပ်ကိုင်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ပအလုပ်သမား များအား အလုပ်သမားတစ်ယောက်ရရှိရမည့် လစာအခွင့်အရေးတို့အတွက် အာမခံပေးနိုင်ရန် လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့် အဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွက်ကဲပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါ ကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

Drhtunnaingမြန်မာနိုင်ငံအတွင်းရှိသည့် ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေနံရှာဖွေ ခြင်း နှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်းလုပ်ငန်းများကို ပြည်ပရေနံကုမ္ပဏီများနှင့် တင်ဒါခေါ်ဆိုပြီး တင်ဒါ အောင်မြင်သည့်သူများကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားမှု ဆိုင်ရာစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အချိန်တွင် ရေနံရှာဖွေစမ်းသပ်ခြင်းကို စတင် လုပ်ကိုင်ခြင်းဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှိ/မရှိ ရှာဖွေစမ်းသပ် လုပ်ကိုင်ခွင့်ရ သည့် ကုမ္ပဏီများသည် မိမိတို့လုပ်ကိုင်ခွင့် ရရှိသည့်လုပ်ကွက်နယ်မြေများ တိုင်းတာခြင်း၊ စမ်းသပ် ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြပါကြောင်း၊  ထို့သို့ဆောင်ရွက်သည့်အချိန်တွင် ပြည်တွင်း ကုမ္ပဏီများကို ၎င်းတို့မှ ထပ်ဆင့်တင်ဒါခေါ်ယူပြီး လုပ်ငန်းထပ်မံအပ်နှံခြင်းဖြစ်ပါကြောင်း၊ ထိုသို့ အပ်နှံ ခြင်းဖြင့် မြန်မာနိုင်ငံအတွင်းမှာရှိသည့် ပုဂ္ဂလိကကုမ္ပဏီများအနေနှင့် ပြည်ပကုမ္ပဏီများနှင့် တွဲဖက် လုပ်ကိုင် ခွင့်ရရှိခြင်း၊ နိုင်ငံခြားဝင်ငွေရရှိခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အတွေ့အကြုံ များ တိုးပွားလာခြင်း၊ အလုပ်အကိုင်များရရှိခြင်းစသည့် အခွင့်အလမ်းများရရှိ လာမည်ဖြစ်ပါကြောင်း၊ တယ်။ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ကုန်းတွင်းပိုင်း EP4 လုပ်ကွက်သည် ပဲခူးတိုင်း အနောက်ပိုင်း ပန်းတောင်း မြို့နယ်အတွင်း တည်ရှိပြီး နိုင်ငံတကာရေနံကုမ္ပဏီဖြစ်သည့်BASHNEFT International B.V ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Sun Apex Company တို့ တင်ဒါအောင်မြင်ပြီး MOGE နှင့် ၂၀၁၄ ခုနှစ်တွင် စာချုပ်ချုပ်ဆိုပြီး စမ်းသပ်ရှာဖွေတိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကုမ္ပဏီမှ Services ပေးသည့်ကုမ္ပဏီဖြစ်သည့် Asian Oilfield Services ကုမ္ပဏီကို အချို့သော Services လုပ်ငန်းများထပ်ဆင့်အပ်နှံခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ Services ရသည့် ကန်ထရိုက်တာကုမ္ပဏီမှ ပြည်တွင်းနောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်သည့် PHYOE Drilling Services  ကုမ္ပဏီကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ငန်းအပ်နှံပြီး ၎င်းတို့၏ အစီအစဉ်ဖြင့် စာချုပ်ချုပ် ဆိုလုပ်ကိုင်ခဲ့သည်ဟုသိရပါကြောင်း၊ မူလ MOGE နှင့် စာချုပ်ချုပ်ဆိုသည့် ပြည်ပကုမ္ပဏီ မှ Services ကုမ္ပဏီတစ်ခု ၎င်း Services ကုမ္ပဏီမှ တဆင့် ပြည်တွင်း Services ပေးသည့် အခြား သော ကုမ္ပဏီ လေး၊ ငါး၊ ခြောက်ခုကို သက်ဆိုင်ရာလုပ်ငန်းအသီးသီး အလိုက် အပ်နှံဆောင်ရွက် သည့်အချိန်တွင် ၎င်းတို့ထပ်ဆင့်ငှားရမ်းသည့်ကုမ္ပဏီအချင်းချင်းကြားတွင် ငွေကြေးပေးချေမှုများ ပျက်ကွက်ခဲ့ သည့်အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါကိစ္စများကြောင့် PHYOE ကုမ္ပဏီ မှ ဝန်ထမ်းများ လစာမရရှိခြင်းဖြစ်ကြောင်း၊ တကယ်တမ်းဆိုပါက PHYOE ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် ၎င်းကုမ္ပဏီ၏ ဝန်ထမ်းများကို လစာပေးရမည်ဖြစ်ပါကြောင်း၊ သို့သော် PHYOE ကုမ္ပဏီကို ထပ်ဆင့် Services ပေးသည့် ကုမ္ပဏီမှ ငွေမပေးသည့်အတွက် PHYOE ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင်၎င်းတာဝန်ကို တာဝန်မခံခြင်း ဖြစ်ပါကြောင်း၊ MOGE အနေဖြင့် တရားဝင်စာချုပ်စာတမ်း များအရ မိမိတို့နှင့် PSC contract ချုပ်ဆိုထားသည့် BASHNEFT International B.V ကုမ္ပဏီ ၏ တိုက်ရိုက်တာဝန် ပျက်ကွက်မှု ဆိုပါက မိမိတို့ MOGE အနေဖြင့် တာဝန်ယူတာဝန်ခံ၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါ ကြောင်းနှင့် စာချုပ်စာတမ်းများအရ ပြည်တွင်းကုမ္ပဏီ၊ Services ကုမ္ပဏီ အချင်းချင်း ချုပ်ဆိုထား သည့် စာချုပ်များပျက်ကွက်မှုကို MOGE အနေဖြင့် တိုက်ရိုက်ကိုင်တွယ် ဖြေရှင်း နိုင်ရန် မဖြစ်နိုင်ပါကြောင်း၊ သို့ရာတွင် ယခုကိစ္စနှင့်ပတ်သက်ပြီး MOGE နှင့်တိုက်ရိုက် စာချုပ်ချုပ် ဆိုထား သည့် BASHNEFT International ကုမ္ပဏီကို MOGE အနေဖြင့် ညှိနှိုင်းဖြေရှင်း ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။