(င)-ပေါက်တောမြို့ကို ၆၄ လက်မ တစ်မိုင်စကေး ဖြင့် မြို့မြေတိုင်းတာ တွက်ချက် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၆.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

uaungပေါက်တောမြို့သည် ယခင်က သာသနာရေးဝန်ကြီးဌာန ၁၂-၁၂-၁၉၇၂ ရက်စွဲပါ အမိန့်ကြေညာ စာအမှတ်၊(၁၀၃/၃၀) စိတ်(၁)ဖြင့် မြို့အဖြစ်သတ်မှတ် ကြေညာခဲ့ပါကြောင်း၊ ထိုစဉ်က မြို့ဧရိယာမှာ ဧက ၅၀ သာရှိပြီး ရပ်ကွက်သုံးကွက်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊  ယခုအခါ ၎င်းရပ်ကွက်များကို တိုးချဲ့ ပြီး ရပ်ကွက်ငါးရပ်ကွက်ထိအောင် တိုးချဲ့ကျယ် ပြန့်လာခဲ့ပါကြောင်း၊ ရပ်ကွက်များတွင်တိုးပွားလာ သည့် မိသားစုများကြောင့် မြို့မြေနေရာသည် အရင် ၅၀ ဧကမှ ယခု ၄၂၀ ဧက ဖြစ်လာပါကြောင်း၊ မြို့ကိုမူလတိုင်းတာသည့် အတိုင်းအတာသည် မြို့ကွက်မြေပုံမဟုတ်ဘဲနဲ့ ‌မြေစာရင်းအခေါ် တောကွင်း အဖြစ်သာ ရှိနေပါကြောင်း၊ မြို့မြေကိုလည်း ၁၆ လက်မ ၁ မိုင်စကေးဖြင့် ပြေးဆွဲ ထားခြင်းဖြစ် သည့်အတွက် အသေးစိတ်တွက်ချက်ရန်ခက်ခဲပါကြောင်း၊ ၁၆ လက်မ ၁ မိုင်စကေးဖြင့် ပြေးဆွဲသည့် မြေပုံသည် မှင်တစ်စက်ကို ၇ ပေအထိကူးသွားသည်ဟု ဆိုပါကြောင်း၊ ထို့ကြောင့် ဂရန်မြေများကို ရေးဆွဲသည့် နေရာတွင် အလွန်သေးနုတ်ပြီး အခက်အခဲများနှင့် ကြုံခဲ့ရပါကြောင်း၊ မြေတစ်ကွက်နှင့် တစ်ကွက် ရောယှက်နေသည့်အတွက် ပိုင်ဆိုင်မှု အငြင်းပွားရပါကြောင်း၊ အကွက်ထဲတွင် ဆောက် သည့် အိမ်များနှင့် ပတ်သက်ပြီး Biolog လို့ခေါ်သည့် အဆောက်အဦ စည်းကမ်းဥပဒေရှိသော်လည်း အသုံးချ၍မရပါကြောင်း၊ မြေများကိုခွဲစိတ်၊ရောင်းချ၊ ပေါင်နှံ၊ တဆင့်လွှဲပြောင်းသည့်နေရာ၊ အမွေ ဆက်ခံ သည့် နေရာတွင် စနစ်တကျ စာချုပ်စာတမ်းများနှင့် မှတ်တမ်းတင်၍မရ ဖြစ်နေပါကြောင်း၊ တယ်။ နောက်တစ်ချက်မှ မြို့ပေါ်ရှိလမ်းများ၊ ရေမြောင်းများ၊ ရေကန်များကို နယ်နိမိတ် ကျော်ပြီး တည်ဆောက်လာသည်ကိုလည်း တိုင်းတာစစ်ဆေးတားမြစ်ရန် အဆင်မပြေဖြစ်နေပါကြောင်း၊ မြို့နှင့် ကပ်လျက် ရှိသည့် လယ်ယာမြေများကို လယ်ယာမြေ ဥပဒေနှင့်အညီ အခြားနည်းလမ်းဖြင့် အသုံးပြု ခွင့်တောင်းခံခြင်းမရှိဘဲ၎င်းတို့၏အစီအစဉ်ဖြင့် ကျူးကျော်တိုးချဲ့ ဆောက်လုပ်လာသည်ကို တွေ့ရပါ ကြောင်း၊ ပိုင်ဆိုင်မှုမြေစာရင်းပုံစံ၁(က) မရေး ဆွဲပေးနိုင်သည့်အတွက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဂရန်သစ်များရေးဆွဲတိုင်းတာတွက်ချက်ရန်လိုအပ်ပါကြောင်း၊ မြို့မြေကို ခေတ်မီတိုင်းတာကိရိယာများ နှင့်သုံးစွဲပြီး ၆၄ လက်မ တစ်မိုင်စကေးဖြင့် ရေးဆွဲနိုင်မှသာ အထက်ပါအခြေအနေများကို ဖြေရှင်းနိုင် မည်ဖြစ်ပါကြောင်း၊ အများပြည်သူသန့်ရှင်းရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့မြေပုံကို ၆၄ လက်မ တစ်မိုင်စကေးဖြင့် ရေးဆွဲရန်မဖြစ်မနေ လိုအပ်နေပါကြောင်း၊ ၎င်းအတွက် Myanmar Ration Officer နှင့် Boundary Officer တို့ကိုလည်း ခန့်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်မြို့မြေစီမံခန့်ခွဲရေးကို ဆောင်ရွက်နိုင်ရန် အခြားမြို့ကြီးများနည်းတူ ၆၄ လက်မ တစ်မိုင်စကေးဖြင့် တိုင်းတာ သတ်မှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

uhlakyawပေါက်တောမြို့ ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၁၂-၁၂-၁၉၇၂ ခုနှစ် ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ်၊ ၁၀၃/၃၀/စိတ်(၁)ဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရပ်ကွက်ငါး ရပ်ကွက်နှင့် ဖွဲ့စည်းထားပြီး မူလမြို့ဧရိယာသည် ၅၁.၇၆ ဧကဖြစ်ပါကြောင်း၊ မြို့မြေများသည် မြေ တန်ဖိုးကြီးမြင့်ပြီး ပိုင်ဆိုင်မှုနယ်နိမိတ်ပြဿနာများရှိသည့်အတွက် မြို့မြေများအတွက် ၁၈၈၀ ပြည့် နှစ်၊ မြန်မာနိုင်ငံတော် နယ်မြေသတ်မှတ်အက်ဥပဒေအရ ပိုင်းခြားရာတွင် နိုင်ငံတော်ကိုယ်စား ကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက် နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိများ ခန့်အပ်ဆောင်ရွက်ရပါကြောင်း၊ နယ်နိမိတ်မှတ်တိုင်များစိုက်ထူခြင်း၊ မြို့နယ်နိမိတ်တိုင်းတာခြင်း၊ မြေ ကွက်ဦးပိုင်များနယ်နိမိတ်တိုင်းတာခြင်း၊ ကွန်ပျူတာနှင့်မြေပုံရေးဆွဲခြင်း၊ ‌မြေကွက်နံပါတ်ရေးထိုးခြင်း၊ ဧရိယာစာရင်းတွက်ချက်ခြင်း၊ မြေပုံအချောရေးဆွဲခြင်း၊ ပုံထုတ်ခြင်း၊ မြေကွက်ဦးပိုင်တစ်ခုချင်း မြေပိုင် ဆိုင်မှုများကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် ဧရိယာစာရင်း၊ ဦးပိုင်မှတ်ပုံတင် စာရင်း(၁-က)၊ မြေကွက် မှတ်ပုံစာရင်း(၁-ခ)ထူထောင်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရပါကြောင်း၊ လယ်ယာ မြေစီမံ ခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနတွင်း အသုံးပြုလျက်ရှိသည့် ကွင်းမြေပုံများ ကို ဒီဂျစ်တယ်မြေပုံများ အဖြစ်ပြောင်းလဲရန် မြေတိုင်းတာခြင်း၊ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများကို နှစ်စဉ်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း အချက်အလက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ကောက်ယူ ပြုစု ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြရပါကြောင်း၊ ဌာနမှတိုင်းတာသည့် မြေပုံများ၊ လယ်ယာ ကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များကိုအသုံးပြုပြီး သတင်းအချက် အလက် စနစ် ထူထောင်ခြင်း၊ လယ်ယာ မြေနှင်‌့ မြေလွတ်၊ မြေလပ်နှင်‌့မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းများ အတွက် တည်ဆဲဥပဒေ များနှင့်အညီ ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့အစည်းအသီးသီးတွင် ရှိသည့် ဝန်ထမ်းအင်အားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရ ပါကြောင်း၊ မြေ/မြေယာတိုင်းတာခြင်းနှင့် စပ်လျဉ်းပြီး အခြားမိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင်လည်း ပါဝင်ဆောင်ရွက် ရသည့် အတွက် ဌာနဝန်ထမ်းအင်အားနှင့် လုပ်ငန်းမမျှတမှုရှိသည့်အပြင် ဝန်ထမ်းအင်အားလုံလောက်မှု မရှိခြင်း စသည် အခြေအနေတို့နှင့်လည်း ကြုံတွေ့နေရပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရခိုင် ပြည်နယ် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နှင်‌့ အမ်းမြို့တို့တွင် မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ပေါက်တောမြို့ မြေတိုင်း တာခြင်းလုပ်ငန်းကို ယခု ဘဏ္ဍာနှစ် အတွင်း လက်ရှိဝန်ထမ်းအင်အားအရ ထပ်မံဆောင်ရွက် ပေးနိုင်သည့် အခြေအနေ မရှိ သေးပါ ကြောင်းနှင့်  ၆၄ လက်မ တစ်မိုင် စကေးနှင့် မြို့မြေတိုင်းတာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်း အင်အားဖြည်‌့ဆည်းနိုင်မှု အခြေအနေ၊ ရန်ပုံငွေခွဲဝေရရှိမှုပေါ်မှာမူတည်ပြီး ပေါက်တောမြို့၏ မြေကွက်တိုင်းတာခြင်းလုပ်ငန်းကို ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။