မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ညောင်ပင်သာတိုက်နယ်ဆေးရုံနှင့် ထီးချိုင့်မြို့သို့ ဆက်သွယ်ထားသည့် ဒိုးပင်-မယ်ဇလီ-ညောင်ပင်သာလမ်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေသားတာပေါင်တင်လမ်း ပြုလုပ် ပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဂျင်းဂဝံခင်းခြင်းကို မွမ်းမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် မိုးရာသီတွင် ဧရာဝတီမြစ်ရေနှင့် မဲဇာချောင်းရေကြီးမှုတို့ကြောင့် မြေပြန့်လမ်းပိုင်းတွင် ရှိသော နှစ်မွှာချောင်းတံတားနှင့် လက်ပံချောင်းတံတားတို့သည် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပါကြောင်း၊ လက်ပံချောင်းတံတားသည် ထီးချိုင့်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ဦးဆောင်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထူးသီးသန့်ရန်ပုံငွေမှ ကျခံကာ ကွန်ကရစ်တံတားတည်ဆောက်ပြီးဖြစ်သော်လည်း တစ်ဆက်တည်းဖြစ်နေသည့် နှစ်မွှာချောင်း တံတားကို ဆောက်လုပ်ပေးနိုင်ခြင်းမရှိသည့်အတွက် မိုးတွင်းရာသီတစ်ခုလုံးနှင့် ရေကြီးနေ ချိန် တွင် ညောင်ပင်သာအုပ်စုနှင့် အနီးအနားကျေးရွာများသည် ကုန်းလမ်းအရ ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားပါကြောင်း၊ ရေကြီးချိန်တွင် စက်လှေနှင့် သွားလာနိုင်သော်လည်း ရေကျပြီးစ အချိန်၌ ကုန်းမပေါက်၊ ရေမပေါက်ဖြစ်နေခြင်းကြောင့် ညောင်ပင်သာဆေးရုံဝန်ထမ်းများ၊ ဆေးရုံကို လာကြသည့် ကျေးလက်နေပြည်သူများ၊ ထီးချိုင့်မြို့ကို ကူးသန်းရောင်းဝယ်ကြသူများ အားလုံး အခက်အခဲများကြုံတွေ့ရပါကြောင်း၊
ထို့ကြောင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ဒိုးပင်-မယ်ဇလီ-ညောင်ပင်သာကျေးလက်လမ်းအား ရာသီမရွေးသွားလာနိုင်သည့် မြေပေါင်တင် ကျောက်ချောလမ်းခင်းပေးနိုင်ရန်နှင့် အဆိုပါ လမ်းပေါ်ရှိ နှစ်မွှာချောင်းအား ကွန်ကရစ်တံတားဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ဒိုးပင်-မယ်ဇလီ-ညောင်ပင်သာ ဆက်သွယ် ထားသည့် လမ်းအရှည် ၄ မိုင် ၃ ဖာလုံသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ စီမံခန့်ခွဲသော ကျေးလက်လမ်းဖြစ်ပြီးထီးချိုင့်-မရသိမ်-တောမ-မော်ကွန်း-ကျောက်တန်းလမ်းမကြီးနှင့် ဆက်သွယ် ထားသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေသည် မြေသားလမ်းဖြစ်ပြီး အဆိုပါ လမ်းအား မြေသားတာပေါင်တင်ခြင်း၊ ကျောက်ချောလမ်းခင်းခြင်းနှင့် အဆိုပါ လမ်းပေါ်ရှိ နှစ်မွှာချောင်းကူးတံတား ၁၆၀ ပေအား ဘိုးပိုင်တံတားတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နှစ်မွှာချောင်းကူးတံတားကို လာမည့်နှစ်တွင် ရန်ပုံငွေတင်ပြရန် စီစဉ်ထားပါကြောင်း၊ တံတား အရင်ဆောက်ပြီးမှ လမ်းကို ရေလွတ်သည့်အဆင့်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ထီးချိုင့်မြို့နယ်၊ ဒိုးပင်-မယ်ဇလီ-ညောင်ပင်သာကျေးလက်လမ်းအရှည် ၄ မိုင် ၃ ဖာလုံသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) တွင် ပါဝင်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မတိုင်မီ ရန်ပုံငွေတင်ပြတောင်းခံပြီး ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
