မေးခွန်း အကြောင်းအရာ
မိမိတို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခု အကြား ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်သည့် မဟာဗျူဟာအချက်အချာကျသည့်နေရာတစ်ခု ဖြစ်ပါ ကြောင်း၊ အာရှတိုက်၏ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေစေရန် မြှင့်တင်ပေး နိုင်သော ဆုံမှတ်တစ်ခုလည်းဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော သယံဇာတများ၊ လူသားအရင်းအမြစ်များဖြစ်သော လူငယ်၊ လူရွယ်များ များစွာရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံလိုသည့်နိုင်ငံများအတွက် အားသာချက်တစ်ခုဖြစ်သော်လည်း အခြေခံအဆောက်အအုံ ၏ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးကိစ္စများ၊ ကုန်းလမ်း၊ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ ခေတ်မီပြည်တွင်းပြည်ပဆိပ်ကမ်းများနှင့် ဆောက်လုပ်ရေး၊ ဒီဂျစ်တယ်ဆက်သွယ်ရေး၊ ITC များသည် မိမိတို့တိုင်းပြည်တွင် လိုအပ်လျက်ရှိနေပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံသောကဏ္ဍများထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးမှာ ထုတ်ကုန်လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားငွေရရှိမှုသည် စွမ်းအင်ကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၅၉၅ သန်းဖြင့် အများဆုံးရရှိပြီး စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၅ သန်းဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊
မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံများ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ သုတေသနပြုချက်(Assignment) အရ အခြေခံအဆောက်အအုံဖြစ်သော ကားလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းများအတွက် လက်ရှိသုံးစွဲနေသောအသုံးစရိတ်သည် GDB ၏ ၁.၅ ရာခိုင်နှုန်းသာ သုံးစွဲသည်ဟု သိရှိရပါကြောင်း၊ အခြေခံအဆောက်အအုံများ ကောင်းမွန် ထိရောက်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က GDB၏ ၅ ရာခိုင်နှုန်း သုံးရမည်ဟု အကြံပေး ထားပါကြောင်း၊ အလားတူ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ National Transport Master Plan ၏ လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ လက်ရှိအသုံးစရိတ်သည် Logistics အားလုံး၏ ငွေလုံးငွေရင်းသတ်မှတ်ချက် ၅ ရာခိုင်နှုန်းခန့်သာ ရှိပါကြောင်း၊ Logistics ထိရောက်စေရန်၊ အောင်မြင်စေရန် လက်ရှိအသုံးစရိတ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ငွေလုံးငွေရင်းအသုံးစရိတ်အားလုံး၏ ၁၅ ရာခိုင်နှုန်းထိသုံးစွဲရန် လိုအပ်သည်ဟု JICA က အကြံပြုထားပါကြောင်း၊
အထက်ပါသုံးသပ်ချက်နှစ်ရပ်ကိုကြည့်မည်ဆိုပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် FDI ခေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိစေရန် ဖော်ပြပါအခြေခံအဆောက်အအုံများ တည်ဆောက် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ်ကို သုံးဆခန့်မြှင့်တင်သုံးစွဲရန် လိုအပ် ပါကြောင်း၊ အသုံးစရိတ်များကို မြှင့်တင်သုံးစွဲမှုနည်းပါးနေပါက ရင်းနှီးမြှုပ်နှံမှုဥပဒေများ မည်မျှ ကောင်းကောင်း၊ ကုမ္ပဏီဥပဒေများ မည်ကဲ့သို့ရေးဆွဲနေပါစေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သိသိ သာသာ တိုးတက်လာမည် မဟုတ်သည့်အတွက် FDI ခေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက် ရရှိစေရန် အခြေခံအဆောက်အအုံများတည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော အသုံး စရိတ်များကို လက်ရှိသုံးစွဲမှုထက် ပိုမိုသုံးစွဲရန် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)များကို တိုးတက်ဝင်ရောက်လာစေရန်အတွက် လျှပ်စစ် ဓာတ်အား၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးစသော အခြေခံအဆောက်အအုံများ သည် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အခြေခံအဆောက်အအုံများကို အကောင်အထည်ဖော် ဆောင် ရွက်ရသော အဓိကဝန်ကြီးဌာနများဖြစ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန များ၏ အသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်သုံးစွဲပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၏ စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်အပေါ်တွင် အဆိုပါဌာန များ၏ ငွေလုံးငွေရင်းအသုံးစရိတ် ပါဝင်မှုရာခိုင်နှုန်းကိုကြည့်မည်ဆိုပါက ၂၀၁၇-၁၈ ကိန်းဂဏန်း များအရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးသည် ၁၂.၄၂ ရာခိုင်နှုန်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ၁၅.၈၅ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၈.၁၅ ရာခိုင်နှုန်းနှင့် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ၆.၈၈ ရာခိုင်နှုန်းထိ ပါဝင်ပါကြောင်း၊
ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်ဝန်ကြီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများအပေါ်တွင် နိုင်ငံတော်ဘတ်ဂျက်က ခွင့်ပြု နိုင်သော ငွေလုံးငွေရင်းအသုံးစရိတ်ပမာဏအတွင်း ဝန်ကြီးဌာနအလိုက် ဦးစားပေးအစီအစဉ်များ သတ်မှတ်ပြီး လျာထားဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ နှစ်စဉ်စီမံကိန်းများ ရေးဆွဲသည့်အခါ ကဏ္ဍအလိုက် စီမံကိန်းများကို ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူရေးဆွဲကြပြီး လုပ်ငန်း စီမံကိန်းအသစ်များ၊ ဆောင်ရွက်ဆဲစီမံကိန်းများ၊ ဖြည့်စွက်လုပ်ငန်းစီမံကိန်းများ စသည်တို့ကို Infrastructure လုပ်ငန်းများအပါအဝင် ဖော်ပြရပါကြောင်း၊ ၎င်းလုပ်ငန်းစီမံကိန်းများကို ဌာန အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်များရရှိနိုင်မှုနှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရပါကြောင်း၊
ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများကို အသုံးစရိတ်များ ခွဲဝေသုံးစွဲပေးရန်အတွက် လက်ရှိ နိုင်ငံတော်၏ ငွေကြေးအင်အားအခြေအနေ၊ ပြည်တွင်းပြည်ပရယူထားသော ကြွေးမြီအခြေအနေ၊ ဘတ်ဂျက်လိုငွေဖြစ်ပေါ်မှုအခြေအနေစသော မက်ခရိုစီးပွားရေးအခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး ဦးစားပေးမှုအလိုက် သုံးသပ်ပြီး ခွဲဝေပေးခြင်း ဖြစ်ပါကြောင်း၊ နှစ်စဉ် လိုငွေပြနေသော ဘတ်ဂျက်ကိုလည်း တစ်ဖက်တွင် လိုငွေပိုမိုကြီးထွားလာမှုမရှိစေရန်နှင့် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိစေရန် ထိန်းသိမ်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ ရငွေအရင်းအမြစ်များကို တိုးပွားလာစေရန်လည်း ကြိုးပမ်း ဆောင်ရွက် ခြင်းနှင့် အသုံးစရိတ်များကို ဦးစားပေးခွဲပြီး စနစ်တကျထိထိရောက်ရောက်နှင့် ကြပ်မတ် သုံးစွဲခြင်းတို့ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
နိုင်ငံတော်က ဦးစားပေးသုံးစွဲမည့်စီမံကိန်းများတွင် အခြေခံအဆောက်အအုံနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍများ ဦးစားပေး ပါဝင်ပါကြောင်း၊ စီမံကိန်း၏အရွယ်အစားနှင့် ဘဏ္ဍာငွေလိုအပ်ချက်ပမာဏအပေါ် တွင်မူတည်ပြီး နိုင်ငံတော်ဘတ်ဂျက်က တိုးမြှင့်ပြီးခွဲဝေပေးသည့်နည်းလမ်းကို ကျင့်သုံးလျက် ရှိသကဲ့သို့ ပြည်ပချေးငွေများရယသည့်အခါ သင့်တော်သည့်စီမံကိန်းကို ရရှိစေရန် ဖြည့်ဆည်း စီမံပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း ဖိတ်ခေါ်ပြီး ဆောင်ရွက်စေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော (Public Private Partnership-PPP) ပုံစံဖြင့် စီမံပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်ခြင်းနည်းလမ်းများဖြင့် Infrastructure များအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ဖိတ်ခေါ်နိုင်ရန် လက်ရှိသုံးစွဲနေသော ဘဏ္ဍာ ငွေကြေးထက် ပိုမိုသုံးစွဲနိုင်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
