(က)-သီလဝါအထူးစီးပွားရေးဇုန်တွင်ပြောင်းရွှေ့ ခံတောင်သူများကို ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် မည်သို့စီ စဉ်ထားပါသနည်းနှင့်မြေယာလျော်ကြေးပေးအပ် ပြီးသူမည်မျှရှိသည်ကိုသိလိုခြင်းတို့နှင့်စပ်လျဉ်း သည့်မေးခွန်း

photoသီလဝါစီးပွားရေးဇုန်ဆောင်ရွက်ရာတွင် မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ၁၀ ရာခိုင်နှုန်း၊ မြန်မာကုမ္ပဏီကိုးခု ဖြစ်သည့် MTSH က ၄၁ ရာခိုင်နှုန်း၊ ဂျပန်က ၄၉ ရာခိုင်နှုန်းတွင် JICA သည် ၁၀ ရာခိုင်နှုန်း၊ MNSTD သည် ၃၉ ရာခိုင်နှုန်းအသီးသီးရရှိကြောင်း လေ့လာသိရှိရသော်လည်း အဆိုပါ ကုမ္ပဏီများက အစိုးရကို မည်ကဲ့သို့သောအခွန်အခကို ပေးဆောင်နေသည်၊ မည်ကဲ့သို့သော မြေငှားရမ်းခ ‌ပေးဆောင် နေသည်နှင့် နိုင်ငံတော်က မည်သို့ပေးသွင်းနေသည်ဆိုသည်ကို  ယနေ့အထိ သိရှိခြင်း မရှိပါကြောင်း၊

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသည့် Ball Corporation ကုမ္ပဏီ၏ ၂၀၁၅-၂၀၁၆ ခုနှစ် အစီရင်ခံစာကို လေ့လာကြည့်ရာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီး မြှုပ်နှံသောကုမ္ပဏီများအနေဖြင့် ပေးဆောင်ရသောငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ သန်းရှိနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါငွေကြေးများအား မည်သို့မည်ပုံ စီမံခန့်ခွဲလျက်ရှိနေသည်ကိုလည်းကောင်း၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း များကြောင့် နိုင်ငံတော်အတွက် မည်၍၊ မည်မျှ အကျိုးအမြတ်ရရှိနေသည်ကိုလည်ေးကာင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကို မည်သည့်မူဘောင်စံနှုန်းများဖြင့် ဖြေရှင်းဆောင်ရွက်နေသည်ကို လည်းကောင်း  ဒေသခံပြည်သူများအနေဖြင့် သိရှိလိုကြပါကြောင်း၊

ယခင်အစိုးရလက်ထက်တွင် သီလဝါ အထူးစီးပွားဇုန်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ဒေသခံပြည်သူများကို ပြောင်းရွှေ့နေရာချထားပေးသည့် အိမ်ထောင်စု ၆၈ လုံးသည်လည်း မြေယာလျော်ကြေးမပေးဘဲ သီးနှံလျော်ကြေးများသာရရှိခဲ့သည့်အပြင် ဒေသခံ ၁၂ ဦးအနေဖြင့်လည်း  အခြေခံအလုပ်များသာရရှိခဲ့သည့်အတွက် အဆင်မပြေမှုများ များစွာကြုံတွေ့ရ ပါကြောင်း၊

ထို့ကြောင့် ပြည်သူ့အစိုးရလက်ထက်တွင် အောင်မြင်စွာ ဆောင်ရွက်နေပြီဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန်ရှိ ပြောင်းရွှေ့နေရာချထားခံရသော ဒေသခံ ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ထားနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် ထူထောင်လျက်ရှိသော အထူး စီးပွားရေးဇုန် သုံးခုအနက် အောင်မြင်မှုအရှိဆုံးဇုန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ အလုပ် အကိုင်ဖန်တီးပေးနိုင်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်မှုအတွက် များစွာ အထောက် အကူပြုလျက်ရှိကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် ထူထောင်မှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် တောင်သူများအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် သီလဝါအထူးစီးပွားရေးဇုန်(A) အတွင်းမှ ပြောင်းရွှေ့ရသူများကို ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ (၃)ရပ်ကွက်တွင် ၂၅ ပေ x ၅၀ ပေ အကျယ် မြေကွက်များ ပြန်လည်နေရာချထားပေးခဲ့ပြီး ကျပ် ၂၅ သိန်းတန်အိမ်ရာများ အစားထိုးဆောက်လုပ်ပေးခဲ့ပါကြောင်းနှင့် ပြန်လည်နေရာချထားပေးသည့်နေရာသို့ သွားရောက် သည့် လမ်းမကြီးကို ကွန်ကရစ်လမ်းဖောက်လုပ်ပေးပြီး လမ်းသွယ်များကို ဂဝံလမ်းနှင့် အုတ် ရေမြောင်းများ ဖောက်လုပ်ပေးထားပါကြောင်း၊

ပြန်လည်နေရာချထားပေးသည့်နေရာသည် မူလနေရာနှင့် ၃.၅ ကီလိုမီတာခန့်သာဝေးကွာပြီး ရန်ကုန်-သန်လျင်-ကျောက်တန်းလမ်းမကြီးနှင့် ပိုမိုနီးစပ်သွားသည့်အပြင် ယခင်က မြို့ပြမြေ ပိုင်ဆိုင်မှု၊ လျှပ်စစ်မီးနှင့် ရေပေးဝေမှုစနစ်များမရှိခဲ့သော်လည်း ပြန်လည်နေရာချထားခဲ့ရာတွင် မြေပိုင်၊ အိမ်ပိုင်ဖြင့်လည်းကောင်း၊ တစ်အိမ်ချင်း ကိုယ်ပိုင်မီတာဖြင့် လျှပ်စစ် မီးဆက်သွယ်ပေးခြင်း တို့အပြင် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ်များကိုလည်းကောင်း၊ လူမှုရေးနှင့် ဘာသာ ရေးဆိုင်ရာများကို ဆောင်ရွက်နိုင်ရန်အတွက် Community Center တစ်ခုကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လယ်ယာမြေနည်းဥပဒေ အခန်း(၈) နစ်နာကြေးနှင့် လျော်ကြေးအပိုဒ် (၆၇/က) အရ ရွှေ့ပြောင်းခဲ့ရသူများကို သီးနှံလျော်ကြေး၏တန်ဖိုးသုံးဆသာ ပေးရမည်ဖြစ် သော်လည်း လယ်လုပ်သူများအတွက် (၆)နှစ်စာစပါးအထွက်နှုန်းတန်ဖိုးကို လျော်ကြေးအဖြစ် ပေးအပ်ခဲ့ပြီး လယ်ယာသုံးကိရိယာပစ္စည်းတန်ဖိုးကိုပေးအပ်ခြင်း၊ ယာလုပ်သူများအတွက် လေးနှစ်စာသီးနှံတန်ဖိုးကို ငွေသားဖြင့်ပေးအပ်ခြင်း၊ မွေးမြူရေးတိရစ္ဆာန်အစားအစာအလိုက် သီးသန့်စရိတ်များပေးအပ်ခြင်း၊ ပြောင်းရွှေ့မှုကုန်ကျစရိတ်ကျခံပေးခြင်း၊ ရွှေ့ပြောင်းမိသားစုများ အတွင်း အသက် ၆၀ ကျော်ပုဂ္ဂိုလ်၊ ကျောင်းသား၊ ကိုယ်ဝန်ဆောင်မိခင်၊ မကျန်းမာသူ၊ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုနှင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်ရှိနေတဲ့ မိသားစု ဝင်များအတွက် လူမှုရေးအရ ထောက်ပံ့ကြေးပေးခြင်း၊ ပြောင်းရွှေ့စဉ်ကာလ အလုပ်အကိုင် ပျက်ကွက်မှုများအတွက် လုပ်ခပံ့ပိုးပေးခြင်းနှင့် လုပ်ငန်းခွင် အသစ်သို့ သွားလာနိုင်ရန် ခရီးစရိတ် သုံးလစာထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

ပြောင်းရွှေ့နေရာချထားခြင်းခံရသည့် ဒေသခံများ၏ ဘဝထူထောင်ရေးအလုပ်အကိုင် အခွင့် အလမ်းများအတွက် အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးအစီအစဉ်များကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် JICA မှ ပညာရှင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို ၎င်းတို့ရဲ့ဆန္ဒနှင့် အညီ တက်ရောက်သင်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

အလုပ်အကိုင်ရှာဖွေခြင်း(Job Matching)ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ ခုနှစ် နှစ်ကုန် ပိုင်းအထိ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများတွင်လည်းကောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်လည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိ သူများကို ရရှိရန်ဆောင်ရွက်ပေးခြင်း၊ ကျောင်းအပ်နှံပေးခြင်း စသည့် အခြေခံလိုအပ်ချက်များကို ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင်လည်း ဝင်ငွေရရှိရေး၊ စီးပွားရေး လူမှုရေး စသည့် ရှုထောင့်များမှ ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြောင်းရွှေ့နေရာချထားခံရသူများ၏ ယခင်အကြွေးများကို ပြန်လည်ပေးဆပ်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် ကျပ်သိန်း ၃၀ အား ငွေသားအထောက်အပံ့မှု (Cash Assistance)အဖြစ်လည်းကောင်း၊ ရပ်ရွာဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ကျပ်သိန်း ၄၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ပြောင်းရွှေ့နေရာချထားခံ ရသူများကို စိုက်ပျိုးရေးပြုလုပ်နိုင်ရန်အတွက် မြေသုံးဧကကို ရပ်ရွာပိုင်မြေ (Community Land)အဖြစ် ပေးအပ်ရန် စီစဉ်ထားရှိပါကြောင်း၊

ယခုအချိန်အထိ သီလဝါစီးပွားရေးဇုန်အတွင်းမှ ပြောင်းရွှေ့ပေးရသူများအတွက် မြေယာ လျော်ကြေးနှင့်ပတ်သက်ပြီး သီလဝါအထူးစီးပွားရေးဇုန် (A)မှ အိမ်ထောင်စု ၆၈ စုအား ပြန်လည် နေရာချထားပေးခဲ့ပြီး ဇုန်(B) ဧရိယာ (၂-၁)၊ ဧရိယာ (၂-၂) အရှေ့မှ ပြန်လည်နေရာ ချထားရမည့် အိမ်ထောင်စုပေါင်း ၉၁ စုအတွက် ပြင်ဆင်လျက်ရှိပါကြောင်းနှင့် လျော်ကြေးပေးအပ်ပြီးသူ ၁၄၃ ဦး ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်(A) ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ ကြုံတွေ့ ရသည့်  အခြေအနေများကို သုံးသပ်သင်ခန်းစာယူပြီး ဇုန်(B) ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ရာ ယင်းလုပ်ငန်းစဉ်အပေါ် ကျေနပ်မှုရှိကြောင်း ဒေသခံများက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်(B)အတွင်းမှ ပြောင်းရွှေ့နေရာ ချထားသူများကို မြေယာလျော်ကြေးပေးအပ်ခြင်း၊ လယ်ယာထွက်သီးနှံ ခြောက်နှစ်စာတန်ဖိုးကို ငွေသားဖြင့်ပေးအပ်ခြင်း၊ အိမ်ဆောက်ရန်အတွက် အစားထိုးမြေ ၄၀ ပေ x 50 ပေ ပေါ်တွင် ကျပ်သိန်း ၆၀ တန်ဖိုးရှိသည့် အိမ်တည်ဆောက်ပေးခြင်း၊ လျှပ်စစ်မီးနှင့် ရေပေးဝေမှုစနစ်များကိုပါ ဖြည့်ဆည်းပေးခဲ့ပြီး ပြန်လည်နေရာချထားပေးခဲ့သည့်အပြင် ဇုန်(A)တွင် ပေးအပ်ခဲ့သည့် အလားတူလူမှုရေး ထောက်ပံ့မှုနှင့် အကျိုးခံစားခွင့်များကိုလည်း ဆောင်ရွက် ပေးခဲ့ပါကြောင်း၊

ဝင်ငွေ ပြန်လည်ရရှိရေး အစီအစဉ်ဖြင့် ပြောင်းရွှေ့နေရာချထားသူများအတွက် အကြွေးများ ပေးချေခြင်း၊ အသေးစားချေးငွေ ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်း ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ပြောင်းရွှေ့ခံပြည်သူများနှင့် ဒေသခံ ပြည်သူများကို သီလဝါအထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်များ နေရာချထားပေးနိုင်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်အေးမြမြမျိုး(ကျောက်တန်း)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒေသခံများအနေဖြင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး  ကျေနပ်မှု ရှိကြောင်း လက်မှတ်ရေးထိုးသည့် ရာခိုင်နှုန်းကိုလည်းကောင်း၊ ယခု ဖြစ်ပေါ်နေသည့် အငြင်းပွား မှုများ၊ ပဋိပက္ခများကို လွတ်လပ်သည့် ကော်မရှင်တစ်ခုဖွဲ့စည်းပြီး ပြန်လည် စိစစ်ရန် ရှိ/မရှိကို လည်းကောင်း၊ ဇုန်(A) နှင့် ဇုန်(B)တွင် မတူညီမှုများအပေါ် မည်သို့ဖြေရှင်းပေးမည်ကို လည်းကောင်း၊ သီလဝါအထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး အထူးစီးပွားရေးဇုန်အတွက် ဥပဒေ သတ်မှတ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အထူးစီးပွားရေးဇုန်တွင်ရှိသော မြေယာဥပဒေကိုလည်း တညီတညွတ်တည်း မူဘောင်တစ်ခုသတ်မှတ်ပြီးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

သီလဝါ စီးပွားရေးဇုန်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင်‌့ပတ်သက်ပြီး  တိုင်ကြားမှုများရှိ လာသည့်အတွက် အထူးစီးပွားရေးဇုန်များဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယသမ္မတက ကွင်းဆင်းစစ်ဆေးရန် လမ်းညွှန်ချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ခေါင်းဆောင်သည့် အဖွဲ့ဝင်ငါးဦးပါဝင်သော ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ နေ့ရက်မှ ၁၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပါကြောင်း၊

 ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်မှုမရှိခြင်း၊ ပွင့်လင်း မြင်သာမှုမရှိ ခြင်း၊ မြေသိမ်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း စသည့် တိုင်ကြားစစ်ဆေးချက်များသည် လက်တွေ့ကွင်းဆင်းစစ်ဆေးမှုအရ မှန်ကန်မှုမရှိသည်ကို လည်းကောင်း၊ တချို့ကိစ္စများသည် ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်နေသည်ကိုလည်းကောင်း သိရှိရပါကြောင်း၊ ဇုန် (A) တွင်နေထိုင်ခဲ့သူများအနေဖြင့် ဇုန်(B) ပြန်လည်နေရာချထားမှု လုပ်ငန်းများတွင် ပါဝင်စွက်ဖက်ခွင့် မရရှိသည့်အတွက် ကျေနပ်မှုမရှိဘဲ တိုင်ကြားမှုများ ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊

မြေယာလျော်ကြေးပေးခြင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ကော်မတီနှင့် JICA တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင်‌့အညီ စနစ်တကျစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုကို လက်တွေ့ကွင်းဆင်း လေ့လာနိုင်ပါကြောင်းပြန်လည်ဖြေကြားပါသည်။