(က)-သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနအသီး သီးမှလုပ်ငန်းများအားတိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများသို့ဘဏ္ဍာရန်ပုံငွေအသုံးစရိတ်အချိန်မီ လွှဲပြောင်းပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၂)ရက်မြောက်နေ့ (၁၈.၈.၂၀၁၅)

မိမိအနေဖြင့် ငွေလုံး ငွေရင်းဖြင့် ဆောင်ရွက်ရမည်‌့ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည်‌့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် လူမှုရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရန်ပုံငွေများ မှန်ကန်စွာ သုံးစွဲရေးနှင့် အချိန်မီ ပြီးစီးရေးတို့အတွက်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသအသီးသီးရှိ လုပ်ငန်းဆောင်ရွက်ရာတွင် ထင်သာမြင်သာမှုရှိစေရန် လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ ပြီးစီးစေရန်တို့ အတွက်လည်းကောင်း မိမိအနေဖြင့်အောက်ပါမေးခွန်းများကိုမေးမြန်းလိုပါကြောင်း၊  (က) သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ လုပ်ငန်းများအား တိုင်းဒေ သကြီးနှင့်ပြည်နယ် အစိုးရသို့ နိုင်ငံတော် သမ္မတကြီးမှမူချမှတ်ထားသည့်အတိုင်း အချိန်မီ ဘဏ္ဍာရန်ပုံငွေအသုံးစရိတ်အပါအဝင် လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိ၊ လွှဲပြောင်းပေးရန် နောက်ဆုံးအချိန်ကန့်သတ်ထားရှိမှု ရှိ/မရှိနှင့် မရှိပါက မည်သည်‌့အတွက်ကြောင့်ဖြစ်သည်ကိုလည်းကောင်း၊ (ခ)ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး များနှင့် ပြည်နယ် အစိုးရများမှ လုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီ တင်ဒါခေါ်ယူရန် အစီအစဉ်ရှိ/မရှိ၊ April၊ May၊ June သုံးလအတွင်း တင်ဒါများခေါ်ယူ၍ လုပ်ငန်းများဆောင်ရွက်ရန် တာဝန်ပေးအပ်နိုင်ခြင်း ရှိ/မရှိ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ငန်း စံချိန်စံညွှန်း ကုန်ကျစရိတ်များကို ပြည်သူများ သိရှိလိုပါက အသိပေးနိုင်ရန် မြို့နယ် အသီးသီးတွင်ရှိသော အုပ်ချုပ်ရေးမှူး၊ စည်ပင် ကျေးလက်တို့ပင် ပေးအပ်ထားခြင်းရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုလည်းကောင်း၊  လုပ်ငန်းအချက် အလက်များကို သိရှိလိုပါက မေးမြန်းနိုင်မည့်နေရာ၊လူပုဂ္ဂိုလ်များကို သက်ဆိုင်ရာများမှ ပြည်သူများ သိရှိခွင့် ရရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလို ပါကြောင်းမေးမြန်းပါသည်။


အဖြေ

ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ၉-၄-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပြဋ္ဌာန်းခဲ့ပြီး  အဆိုပါဥပဒေနှင့်အညီ ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်ခြေငွေစာရင်း ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများကို ရငွေလျာထားချက်များနှင့် အသုံးစရိတ်ခွင့်ပြုငွေများကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေး နှစ်အတွင်း ကျခံသုံးစွဲနိုင်ရန် ဘဏ္ဍာရေးခွင့်ပြုမိန့်တွေကို ၉-၄-၂၀၁၅ ရက်နေ့တွင် ထုတ်ပေးခဲ့ပါကြောင်း၊  ဌာနအဖွဲ့အစည်းများသည်လည်း မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ်ကို ဆက်သွယ်ပြီး ရန်ပုံငွေလွှဲအပ်စာရင်းများ ဖွင့်လှစ်ပြီး လုပ်ငန်းများစတင်ဆောင်ရွက်ကြပါကြောင်း၊

၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ပြည်ထောင်စုဌာန အဖွဲ့အစည်းများ၏ ရငွေကိုစီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ စီမံခန့်ခွဲခြင်းအတွက်လည်း နိုင်ငံတော်သမ္မတကို တာဝန် ပေးအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများကို လွှဲအပ်ရပြီး ထိုမှတဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများကို လွှဲအပ်ဆောင်ရွက်စေပါကြောင်း၊  အသုံးစရိတ်ရန်ပုံငွေများကို ခေါင်းစဉ်သေးများအလိုက် မိမိတို့လက်အောက်ခံ ငွေထုတ်သူအရာရှိများကို ထပ်မံခွဲဝေပေးအပ်ရကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ရုံးခွဲများသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် တည်ရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန် အချိန်မီ လွှဲအပ်ပေး နိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်းအသုံးစရိတ်များ သုံးစွဲရာတွင် ပြည်ထောင်စုအဆင့်က ကိုယ်တိုင်ဆောင်ရွက်ရခြင်းမျိုးရှိသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များ ညှိနှိုင်းပြီး တိုင်းဒေသကြီး/ ပြည်နယ်ကို ရန်ပုံငွေလွှဲပြောင်း ဆောင်ရွက်သည်များလည်း ရှိသည့်အပြင်  တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေ ဘဏ္ဍာအစီအစဉ်နှင့် ဆောင်ရွက်ခြင်းများလည်းရှိပါကြောင်း၊ မည်သို့ပင် ဖြစ်စေ ဘဏ္ဍာရန်ပုံငွေများကို အချိန်မီလွှဲပြောင်းပေး ရမည်ဖြစ်ပါကြောင်း၊

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုက တိုင်းဒေသကြီး/ပြည်နယ်များ ကို ရန်ပုံငွေလွှဲပြောင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍  ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၀ ခု အနက် ဝန်ကြီးဌာန ၁၄ ခုသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ကို ရန်ပုံငွေများ၊ လုပ်ငန်းများ လွှဲပြောင်း ပေးရန်မရှိသည်ကို သိရှိရပါကြောင်း၊ ကျန်ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များသို့ လုပ်ငန်းနှင့် ရန်ပုံငွေများကို ပထမ သုံးလအတွင်း လွှဲအပ်ပေးပြီးဖြစ်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဌာန၏ ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲမှုကြောင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ ရန်ပုံငွေ ပြန်လည် အပ်နှံပြီးမှ သာ ပြန်လည်တောင်းခံရန် ဆောင်ရွက်လျက် ရှိသည့်အတွက် လွှဲပြောင်းရန် ကျန်ရှိနေခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊  

ဌာနအဖွဲ့အစည်းများသည် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် တည်ဆောက်ရေးပစ္စည်း ဝယ်ယူ ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော်သမ္မတရုံးက ၅-၄-၂၀၁၃ ရက်စွဲပါ  ညွှန်ကြားချက် ၁/၂၀၁၃ နှင့်ထုတ်ပြန်ခဲ့သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်ကမ်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုဝန်ကြီးဌာန (၈)ခုသည် ပထမသုံးလအတွင်း တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာန ၂၂ ခုသည် တင်ဒါ ခေါ်ယူရန် ဆောင်ရွက်ဆဲဖြစ်သည်ကို  သိရှိရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်(၆)ခုသည်လည်း ပထမသုံးလ အတွင်း ခေါ် ယူပြီးစီးပြီ ဖြစ်သော်လည်း ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့သည် တင်ဒါ ခေါ်ယူဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် သြဂုတ်လ အတွင်းပြီးစီးအောင် တင်ဒါခေါ်ယူသွားရန် ညွှန်ကြားဆောင်ရွက်လျက်ရှိပါကြောင်း၊

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေးနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနတွင် ခရိုင်စီမံခန့်ခွဲရေး ကော်မတီနှင့် သက်ဆိုင် ရာမြို့နယ်အသီးသီးရှိ မြို့နယ်ဆောက်လုပ်ရေးကော်မတီများကို လုပ်ငန်းများ ပေးအပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းအချက်အလက်များ သိရှိလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေး မှူးရုံးများနှင့် ခရိုင်ပညာရေးမှူးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း၊

ကျန်းမာရေးဝန်ကြီးဌာနတွင် ဒေသများအလိုက် ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပြီး ကော်မတီများတွင် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ စည်ပင် သာယာရေးကော်မတီ၊ ကျေးလက်များမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပြီး တင်ဒါခေါ်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အချိန်မီပြီး စီးအောင်ဆောင်ရွက်ရန် သက်ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းအချက်အလက်များကို သိရှိလိုပါက တိုင်းဒေသကြီး/ပြည်နယ် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ ကျန်းမာရေး ဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာဦးစီးဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ လူကိုယ်တိုင် သို့မဟုတ် တယ်လီဖုန်း သို့မဟုတ် စာရေးသား၍ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်ကို သိရှိရပါကြောင်း၊  

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် လုပ်ငန်းဆိုင်ရာအချက်အလက်များကို အတွင်းရေးမှူး၊ ဝယ်ယူရေးလုပ်ငန်းကော်မတီနှင့် အတွင်းရေးမှူး၊ ဆောက်လုပ်ရေးလုပ်ငန်းကော်မတီကိုလည်းကောင်း၊ ဦးစီးဌာနရုံးချုပ်နှင့် ခရိုင်ဦးစီး ဌာနမှူး၊ နေပြည်တော် ကောင်စီများသို့လည်ကောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနရုံးများကိုသို့လည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ဒုတိယ ပါမောက္ခ ချုပ်(စီမံ)၊ ဌာနမှူး(စီမံ)နှင့် စီမံ ရေးရာဌာနသို့လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနတွင် လုပ်ငန်းအသေးစိတ် စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် တိုင်း ဒေသကြီး/ ပြည်နယ်ရုံးများသို့ ဖြန့်ဝေပြီးဖြစ်သည့်အတွက် မည်သူမဆိုမေးမြန်းစုံစမ်းနိုင်ပါကြောင်း၊ လုပ်ငန်းအသေးစိတ် စာရင်းများကို သက်ဆိုင်ရာကျေးရွာများအရောက် ဖြန့်ဝေပြီးစီးမှုကို ၂၄-၅-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊  လုပ်ငန်းအချက်အလက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်/ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများကို ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း၊

အခြားဝန်ကြီးဌာနများအနေဖြင့်လည်း တင်ဒါလုပ်ငန်းများအတွက် နိုင်ငံပိုင်သတင်းစာများမှ ကြော်ငြာ ခေါ်ယူခြင်း၊ ဝန်ကြီးဌာန Website တွင် ကြော်ငြာခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိလိုပါက ရုံးချုပ်ဌာနများသို့ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့ဖြစ်စေ၊ ဝန်ကြီး ဌာနများက ဖော်ပြထားသည့် တာဝန်ရှိသူအဆင့်ဆင့်သို့ ဖြစ်စေ စုံစမ်း မေးမြန်းနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။