(ဃ)-ငပလီကမ်းခြေဒေသနှင့် မြောက်ဦးမြို့သို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီး သွားများအတွက် လုံခြုံရေးရဲတပ် ဖွဲ့ဖွဲ့စည်းပေး ရန်နှင့်ရေပြင် သက်စောင့်သက်ကယ်လုပ်ငန်း များမည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၁)ရက်မြောက်နေ့ (၂၄.၇.၂၀၁၅)

မိမိတို့ ငပလီကမ်းခြေဒေသသည်  သာယာလှပသောကြောင့် တစ်ကမ္ဘာလုံးမှ နိုင်ငံခြားသားခရီးသည်များ လာရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ငပလီကမ်းခြေဒေသမှာရှိ လေယာဉ်ကွင်းသည်လည်း တစ်နှစ်ပတ်လုံး လာရောက်မှုများပြားလာသည့် အတွက်ကြောင့် ငပလီကမ်းခြေဒေသကို နိုင်ငံတော်မှ ဟိုတယ်ဇုန်အဖြစ် ကမ္ဘာလှည့်ခရီးသွားဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး မြို့အဖြစ်လည်း အဆင့်မြှင့်တင် ပေးထားပြီးဖြစ်ပါကြောင်း၊ ယခုလို ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများပြားလာသည့် အတွက်ကြောင့် ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံရေးကို စောင့်ရှောက်ပေးရန် လိုအပ်နေပါကြောင်း၊ မနှစ်က ကမ္ဘာလှည့်ခရီးသည် မတော်တဆထိခိုက်မှုနှင့် ပင်လယ်တွင်းရေနစ် သေဆုံးမမှုများဖြစ်ပွားခဲ့ပါကြောင်း၊ အခြားမှုခင်းများ ဖြစ်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ထားရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများကဲ့သို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး ခရီးသည်များကို စောင့်ရှောက်ပေးနိုင်ခြင်းနှင့် အသက်အန္တရာယ်လုံခြုံရေးအတွက် ရေပြင်သက်ကယ်လုပ်ငန်းများ၊ ရေပြင်သက်စောင့်တပ် ဖွဲ့ဝင်များကိုလည်း ထားပေးခြင်းရှိပါက ပိုမိုသင့်လျော်မည်ဟု ယူဆမိပါကြောင်း၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသနည်းတူ ရခိုင်ပြည်နယ်မြောက်ဘက်မှာရှိ မြောက်ဦးမြို့တွင်လည်း ရှေးဟောင်းဘုရားဆင်းတု ပုထိုးများရှိသည့်အတွက်ကြောင့် ကမ္ဘာလှည်‌့ခရီးသည်များလည်း တစ်နှစ်ပတ်လုံး လာရောက်လေ့လာနေကြပါကြောင်း၊ ထို့ကြောင့် မြောက်ဦးမြို့နယ်တွင် ကမ္ဘာလှည်‌့ခရီးသွားလုပ်ငန်း လုံခြုံရေး၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းပေးရန်အတွက်လည်း ဖွဲ့စည်းပေးနိုင်ခြင်းရှိ/မရှိ ဖွဲ့စည်းပေးနိုင်မည်ဆိုပါက မည်သည်‌့အချိန်တွင် ဖွဲ့စည်းပေးနိုင်ပါမည်နည်းနှင့် ကမ္ဘာလှည်‌့ခရီးသွားများအတွက် ရေပြင်သက်စောင့်၊ ရေပြင်သက်ကယ်လုပ်ငန်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်ပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး မြှင့်တင်ဆောင်ရွက် လျက်ရှိသည့်အတွက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တစ်နှစ်ထက် တစ်နှစ် တိုးတက်မြင့်မား လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ကို ၁၄-၂-၂၀၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုမှာ တပ်ဖွဲ့စုတစ်ခုစီနဲ့ ဖွဲ့စည်းရန်လျာထားခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်များ၏ ဝင်ရောက်မှုအခြေအနေပေါ်မူတည်ပြီးမှ ဒေသ ၂၁ ခု တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်များ ဖြန့်ခွဲ တာဝန် ချထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၌ တပ်ဖွဲ့စိတ် တစ်စိတ်ကို သံတွဲမြို့၊ ဂျိတ်တောနယ်မြေရဲစခန်းကို အခြေပြုပြီး ငပလီလမ်းဆုံ၊ မဇင်းလေဆိပ်နှင့် အမေဇင်းဟိုတယ်အနီးတွင် လည်းကောင်း၊ တပ်ဖွဲ့စိတ် တစ်စိတ် ကို မြောက်ဦးမြို့ရှေးဟောင်းသုတေသနရုံးတွင် အခြေပြုပြီး ရှေးဟောင်းပြတိုက်၊ ရှစ်သောင်းဘုရားနှင့် မြောက်ဦးဆိပ်ကမ်းတို့တွင်လည်းကောင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးဒေသသည် ရှေးဟောင်းစေတီပုထိုးနှင့် အနုပညာလက်ရာများ ပေါများသည့်အတွက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၏ လုံခြုံရေးလိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးရန်အတွက် ၁၇-၅-၁၅ ရက်နေ့တွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ် တစ်စိတ်ကို လုပ်ငန်းသုံးမော်တော် ဆိုင်ကယ်နှစ်စီးနှင့် တာဝန်ချထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ငပလီကမ်းခြေဒေသကို ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံရေးနှင့် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးရန်အတွက် ၁၈-၅-၂၀၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့စိတ် တစ်စိတ်ကို လုပ်ငန်းသုံး မော်တော်ဆိုင်ကယ် သုံးစီးဖြင့် တာဝန်ချထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ငပလီကမ်းခြေနှင့် မြောက်ဦးဒေသရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအတွက် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် လုံခြုံရေး၏ လိုအပ်ချက်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊

ထို့အပြင် ခရီးသွားဧည့်သည် လာရောက်မှု တိုးတက်များပြားလာသည်နှင့်အမျှ ခရီးသွားဧည့်သည်များ ဘေးကင်းလုံးခြုံစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဟိုတယ်များအလိုက် မိမိတို့ဟိုတယ်ရှေ့ သဲသောင်ပြင်တွင် လုံခြုံရေးဝန်ထမ်းများ ထားရှိစောင့်ကြည်‌့ခြင်း၊ Rubber Boat များ၊ Speed Boat များ အရံသင်‌့ထားရှိစေခြင်း၊ ရှေးဦးသူနာပြုသင်တန်း တက်ရောက်နေသည့် ဝန်ထမ်းများ ခန့်အပ်ထားရှိစေခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ငပလီကမ်း‌ခြေ နှင့် မြောက်ဦးဒေသသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည်‌့သည်များ လုံခြုံရေးနှင့် လိုအပ်သည်များ ကူညီစောင်‌့ရှောက် ပေးနိုင်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး တပ်ဖွဲ့ကိုဖွဲ့စည်း တာဝန်ပေးအပ် ထားရှိမည် ဖြစ်ပါကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် ရေပြင်သက်စောင်‌့၊ သက်ကယ်လုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဟိုတယ်နှင်‌့ ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။