(က)-မိုင်းရယ်မြို့နယ်၊မန်ပုံကျေးရွာအုပ်စုအတွင်း ရှိနောင်ယကျေးရွာအနီးငွေရည်ပုလဲကုမ္ပဏီလီမိ တက်မှ ကျောက်မီးသွေးများ တူးဖော်လျက်ရှိရာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းအတွက် သက်ဆိုင်ရာမှ မည်သို့ဖြေရှင်း ဆောင်ရွက်ပေး မည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၆.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sai thiha kyawမိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စုအတွင်းရှိ နောင်ယ၊ နောင်ပု၊ ဖာတန်ကျေးရွာများမှ ရွာသူ/ရွာသား များအနေဖြင့် နောင်ယကျေးရွာအနီး ငွေရည်ပုလဲကုမ္ပဏီလီမိတက်မှ ကျောက်မီးသွေး တူးဖော်နေခြင်းနှင့် စပ်လျဉ်းပြီး ဒေသတွင်းကျေးရွာသူ/ရွာသားများက ထိန်းသိမ်းထားရှိသော သစ်တောများ ပျက်စီးဆုံးရှုံးခြင်း၊ ကျေးရွာပိုင် ထင်းတောများကို ခုတ်ယူခွင့် တားမြစ်ခံရခြင်း၊ မိုးရာသီတွင် စွန့်ပစ်မြေစာများ မိုးရေနှင့်အတူ လျှိုမြောင်ချောင်းမြောင်းတို့နှင့် စီးဝင်ပြီး ချောင်းပိတ်၊ မြောင်း ပိတ်ဖြစ်ပေါ်စေနိုင်ခြင်း၊ ကျောက်မီးသွေးမှ ထွက်ရှိသည့် ဓာတုဓာတ်များ လယ်ယာမြေပြင်သို့ စီးဝင်ခြင်းနှင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးစေ နိုင်ခြင်းစသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် နောင်ယကျေးရွာအနီးငွေရည်ပုလဲ ကုမ္ပဏီ လီမိတက်မှ လုပ်ကိုင်လျက်ရှိသော ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းအား ချက်ချင်းရပ်ဆိုင်း ပေးပါ ရန်နှင့် ကျေးရွာမှ ထိန်းသိမ်းထားရှိသည့် သစ်တောများ ထိခိုက်ဆုံးရှုံးခြင်း၊ စွန့်ပစ်မြေစာများကြောင့် ချောင်း၊ မြောင်း၊ လယ်ယာများ ပျက်စီးခြင်းများအတွက် ထိုက်သင့်သည့် လျော်ကြေးများပေး အပ်၍ ကျောက်မီးသွေးတူးဖော်နေခြင်းအား ရပ်ဆိုင်းပေးပါရန်  ၁၅-၂-၂၀၁၆ ရက်စွဲပါစာဖြင့် ဒေသခံ ကျေးရွာမှ တောင်သူ ၇၈ ဦးတို့က လက်မှတ်ရေးထိုးပြီး ဓာတ်ပုံမှတ်တမ်းများနှင့်အတူ လွှတ်တော်တွင် တင်ပြဖြေရှင်းဆောင်ရွက်ပေးပါရန် တင်ပြလာပါကြောင်း၊ ထို့ကြောင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးရွာအုပ်စု နောင်ယကျေးရွာအနီးမှ ငွေရည်ပုလဲကုမ္ပဏီလီမိတက်မှ ကျောက်မီးသွေးများ တူးဖော်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီကျောက် မီးသွေးတူးဖော်ထုတ်လုပ်ခွင့်ပြုပေးနိုင်ပါ သလား၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ္တုတူးဖော်ထုတ်လုပ်ခွင့်ပြုပေးသည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာပြည်သူလူထု တောင်သူများနှင့် မည်ကဲ့သို့ သဘောတူညီချက် ရယူထားပါသနည်း၊  သက်ဆိုင်ရာ ဒေသခံတောင်သူများက ငွေရည်ပုလဲကုမ္ပဏီလီမိတက်မှ လုပ်ကိုင်လျက်ရှိသော နောင်ယကျေးရွာအနီး ကျောက်မီးသွေးတူးဖော်နေခြင်းအား ချက်ချင်းရပ် ဆိုင်းပေးပါရန်နှင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်း အတွက် ထိုက်သင့်သောလျော်ကြေးများ ပြန်လည်ပေးအပ်ပါရန် တင်ပြတိုင်ကြားစာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winငွေရည်ပုလဲ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၈-၁၁-၂၀၁၁ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ် မနသ-၈၁၈/၂၀၁၁ဖြင့် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချို မြို့နယ်၊ လုံးရုံးကျေးရွာအုပ်စု၊ လောက်ဖန်းဒေသတွင် တစ်နေ့လျှင် တန် ၃၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်ပြီး CROWN တံဆိပ်ပါ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေရည်ပုလဲ သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်ဘိလပ်မြေစက်ရုံ၏ အဓိက လောင်စာ အဖြစ်သုံးစွဲရမည့် ကျောက်မီးသွေး (စက်မှုတွင်းထွက်ကုန်ကြမ်း) လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ရှမ်းပြည်နယ်၊ မိုင်းရယ် မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ နောင်ယဒေသရှိ လုပ်ကွက်(၁) မြေဧရိယာ ၂၁၉.၀၁ ဧက၊ လုပ်ကွက်(၂) မြေဧရိယာ ၁၈၀.၇၈ ဧက၊ လုပ်ကွက်(၃) မြေဧရိယာ ၁၉၅.၂၅ ဧက၊ လုပ်ကွက်(၄) မြေဧရိယာ ၁၇၀.၄၅ ဧက၊ လုပ်ကွက်(၅)မြေဧရိယာ ၁၄၇.၇၃ ဧက၊ စုစုပေါင်းမြေဧရိယာ ၉၁၃.၂၂ ဧက ကျယ်ဝန်းသည့် လုပ်ကွက်(၅)ကွက်ကို ကျောက်မီးသွေး စမ်းသပ်တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် အမှတ်(၁) သတ္တုတွင်းဌာနကို ၂၀-၆-၂၀၁၄ ရက်စွဲပါစာဖြင့် အဆိုပြုတင်ပြလျှောက်ထားခဲ့ပါကြောင်း၊

ထိုသို့ တင်ပြလျှောက်ထားမှုအပေါ် ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနလုပ်ငန်းများက ဆောင်ရွက်နေသည့် လုပ်ငန်းလုပ်ကွက်များနှင့် လွတ်ကင်းမှုရှိ/မရှိစိစစ်ခဲ့ရာတွင် လွတ်ကင်းမှု မရှိခြင်းကြောင့် ဝန်ကြီးရုံး၏ ၁၄-၈-၂၀၁၄ ရက်စွဲပါစာနှင်‌့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို သဘောထား မှတ်ချက်တောင်းခံခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၃၀-၁-၂၀၁၅ ရက်စွဲပါစာဖြင့် ကုမ္ပဏီအဆိုပြု တင်ပြလွှာ လုပ်ကွက်(၅)ကွက်မှ လုပ်ကွက်(၁) မြေဧရိယာ ၂၁၉ ဧကကိုသာ မြေစာရင်းပုံစံ(၁၀၅) ရေးကူးပြီးဖြစ်ခြင်းကြောင့် ကန့်ကွက်ရန်မရှိကြောင်းကို သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါကြောင်း၊ ထပ်မံ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၂-၅-၂၀၁၅ ရက်စွဲ ပါစာဖြင့် ကုမ္ပဏီအဆိုပြု တင်ပြ လျှောက်လွှာလုပ်ကွက် (၅)ကွက်အနက် လုပ်ကွက်(၃)ကွက် မြေဧရိယာအားဖြင့် ၁၉၅.၂၅ ဧကအပေါ် ၁၆၈.၂၅ ဧကသာ မြေစာရင်းပုံစံ(၁၀၅) ရေးကူးပြီးဖြစ်သည့် အတွက်ကြောင့်မို့လို့ ကန့်ကွက်ရန် မရှိကြောင်းကို သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါကြောင်း၊

 ငွေရည်ပုလဲသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ ၁၉-၃-၂၀၁၅ ရက်စွဲပါစာဖြင့် လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောထားမှတ်ချက်၊ လားရှိုးခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ မိုင်းရယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ စိစစ်ထောက်ခံချက်များ၊ ခိုဆိုင်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူလူထု ၁၅ ဦး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ မိုင်းရယ်မြို့နယ်ခွဲ မြေစာရင်းဦးစီးဌာန၏ သဘောထား မှတ် ချက်နှင့် မြေစာရင်းပုံစံ(၁၀၅) တို့နှင့်အတူ ကျောက်မီးသွေး စမ်းသပ်တိုင်းတာလိုကြောင်း ဆောင်ရွက် ခွင့်ပြုပါရန် တင်ပြလာခဲ့ပါကြောင်း၊

          ထို့ပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ကန့်ကွက်ရန် မရှိကြောင်း သဘောထားမှတ်ချက်များ စုံလင်စွာရရှိပြီးဖြစ်သည့်အတွက် လုပ်ကွက်(၁)နှင့် လုပ်ကွက်(၃) တွင် ကျောက်မီးသွေး စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေရည်ပုလဲသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ကို စမ်းသပ်တိုင်းတာခွင့်ပြုမိန့်အမှတ်(၀၇၅/၂၀၁၅)နှင့် (၁၄၂/၂၀၁၅)တို့ဖြင့် တစ်နှစ် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊

ငွေရည်ပုလဲသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ စမ်းသပ်တိုင်းတာခွင့် ခွင့်ပြုမိန့်ရရှိပြီးသည့် လုပ်ကွက်(၁)မြေဧရိယာ ၂၁၉ ဧကလုပ်ကွက်အား ထုတ်လုပ်မှုကူးပြောင်းရန် အကြီးစားထုတ်လုပ်မှု လုပ်ငန်းအဆိုပြုလွှာနှင့်အတူ (သ-၃)အဆင့်  ကျောက်မီးသွေးတန်ချိန် ၃၂၄၄၉၈.၈၁ မက်ထရစ်တန် တွက်ချက်ထားသည့် ကျောက်မီးသွေးစမ်းသပ်တိုင်းတာရေး အစီရင်ခံစာကို တင်ပြလာခဲ့ပြီး အစီရင်ခံစာပါ ကျောက်မီးသွေးမက်ထရစ်တန်ချိန်ကို ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၏ ကျွမ်းကျင်မှုကော်မတီက အတည်ပြုပြီးဖြစ်ပါကြောင်း၊

ငွေရည်ပုလဲသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်မှ လုပ်ကွက်(၁)မြေဧရိယာ ၂၁၉ ဧက လုပ်ကွက် ကို လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ကျောက်မီးသွေးအကြီးစားထုတ်လုပ်မှုလုပ်ငန်း အတွက် အဓိကလိုအပ်သော EIA, SIA, HIA, Mine Closure Plan စီမံချက်များနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်မည့် စီမံချက် Environmental Management Plan (EMP) အစီရင်ခံစာ များအား ရေးသားပြုစုတင်ပြခဲ့ရာ အစီရင်ခံစာပါ အချက်အလက်များစစ်ဆေးခြင်း၊ လုပ်ကွက်အား မြေပုံ၊ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း၊ ဓာတ်သတ္တုဖြစ်ထွန်းမှု အလားအလာစစ်ဆေးခြင်းလုပ်ငန်းများကို ဝန်ကြီး ဌာန ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ၈-၂-၂၀၁၆ ရက်နေ့နှင့် ၉-၂-၂၀၁၆ ရက်နေ့များတွင် ကွင်းဆင်း စစ်ဆေးပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စနစ်နှင့် ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ နောင်ယကျေးရွာဒေသရှိ ဒေသခံတောင်သူ များ တင်ပြတိုင်ကြားချက်နှင့် ပတ်သက်ပြီး အဆိုပါဒေသတွင် ငွေရည်ပုလဲသတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက်သို့ ဓာတ်သတ္တုစမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့်ထုတ်ပေးပြီး ကျောက်မီးသွေး လုပ်ကွက်အမှတ်(၁) မြေဧရိယာ ၂၁၉ ဧက လုပ်ကွက်ကို ထုတ်လုပ်မှုကူးပြောင်းပြီး ဓာတ်သတ္တု အကြီးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်ထုတ်ပေးရသည့်ကိစ္စကို ၉-၃-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၁၀/၂၀၁၆)ကြိမ်မြောက် အစည်းအဝေးက သဘောတူဆုံးဖြတ် ချက်အရ ရပ်ဆိုင်းထားပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေနဲ့ ဓာတ်သတ္တုစမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့်၊ ဓာတ်သတ္တု အကြီးစား/အသေးစားတူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်များ တင်ပြလျှောက်ထားလာသည့် ပြည်တွင်း/ ပြည်ပမှ လုပ်ငန်းရှင်များပိုင်ကုမ္ပဏီများ၏ လုပ်ကွက်လျှောက်ထားမှုအား စိစစ်လက်ခံပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ သဘောထားမှတ်ချက်နှင့် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့် များတောင်းခံခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ပြည်သူလူထု၏ သဘောတူထောက်ခံခွင့်ပြုမှသာလျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ဓာတ်သတ္တု စမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့်၊ ဓာတ်သတ္တုအကြီးစား/အသေးစား ထုတ်လုပ်ရန် ခွင့်ပြုမိန့်များ ထုတ် ပေးပြီး လုပ်ကိုင်ခွင့်များချထားပေးလျက်ရှိကြောင်းပြန်လည်ဖြေကြားပါသည်။

ဦးစိုင်းသီဟကျော် (မိုင်းရယ် မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၂၆-၄-၂၀၁၆ ရက်နေ့တွင်   နောင်ယ၊ နောင်ပူး၊ ဖာတန်ကျေးရွာမှ လူထုနှင့် နောင်ပူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက် တွေ့ဆုံခဲ့ပြီ တိုင်ကြားလာသည့် ကျေးရွာလူထု ၇၈ ဦးမှ ၆၈ ဦး တက်ရောက်ခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ကျေးရွာ ပြည်သူလူထုများအနေဖြင့် ငွေရည်ပုလဲ ကုမ္ပဏီလီမိတက်က  လုပ်ကိုင်လျက်ရှိသော ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းပေးရန် သာ တောင်းဆိုခဲ့ပါကြောင်း၊ ခိုဆိုင်းကျေးရွာအုပ်စုအတွင်း ငွေရည်ပုလဲကုမ္ပဏီလီမိတက်က တူးဖော်နေ သည်ကို ကွင်းဆင်းကြည့်ရာတွင် နောင်ယ ကျေးရွာအနီး လုပ်ကိုင်နေသော လုပ်ကွက်တစ်ကွက်နှင့် စံတော်ကျေးရွာအနီး လုပ်ကိုင်နေသော လုပ်ကွက်တစ်ကွက်ရှိပါရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့အနက် နောင်ယကျေးရွာအနီးက လုပ်ကွက်ကို ကန့်ကွက်ခြင်းဖြစ်ဖြစ်ပါကြောင်းနှင့် စံတော် ကျေးရွာရှိ လုပ်ကွက်ကတော့ ကန့်ကွက်ရန်မရှိသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် နောင်ယကျေးရွာ အနီး ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်နေခြင်းအား လုံးဝရပ်ဆိုင်းပေးရန်ကိစ္စကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

မိမိတို့ သတ္တုတွင်းဌာနကို မေးမြန်းထားသည့် အချက်သည် နောင်ယကျေးရွာအနီးရှိ လုပ်ကွက် တစ်ကွက်သာဖြစ်ပါကြောင်းနှင့် မိမိ ယခု ဖြေကြားသည့် အကြောင်းအရာသည်   ၉-၃-၂၀၁၆ ရက်နေ့တွင် စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ လုံးဝပိတ်ထားသည့် လုပ်ကွက်တစ်ကွက် တစ်ကွက် ရှိပါကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်က တင်ပြလာသည့် အကွက်ကိုလည်း ပြန်လည်စိစစ် တင်ပြပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။