(ခ)-ကသာခရိုင်ပြည်သူ့ဆးရုံကြီး၊ဝက်တူးကျေးရွာ တိုက်နယ်ဆေးရုံနှင့်ကျောက်ထုံးကြီးကျေးရွာတိုက် နယ်ဆေးရုံ များ၏ လိုအပ်ချက်များကို ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့(၂၇.၇.၂၀၁၆)

ဦးမြင့်ကြည် (ကသာ)နှစ် ၆၀ သက်တမ်း အိုမင်းလာပြီဖြစ်သော ကသာဆေးရုံသည် ခရိုင်ဆေးရုံဖြစ်သည့်အလျောက် ကသာမြို့နယ်တစ်ခုတည်းတွင်သာမက ဆက်စပ်ရာမြို့နယ်များဖြစ်သော အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်တွေအပြင် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်က ရွာကြီးရွာငယ် ၁၃ ရွာ၊ ၁၄ ရွာကပါ အခါအားလျော်စွာ တက်ရောက်ကုသ အားကိုးနေကြရသော ဆေးရုံဖြစ်ပါကြောင်း ယခုအချိန်သည် ပြည်သူ့ဆေးရုံများကို သာမန်ပြည်သူအများ ပိုအားထားလာသည်နှင့်အမျှ တက်ရောက်လူနာများလည်း အဆမတန် များပြားလာ၍ လက်ရှိကုသဆောင်များနှင့် မဆံ့မပြဲ ဖြစ်နေရပါကြောင်း၊ ထို့ကြောင့်  နေရာအခက်အခဲ ရှိလာ၍ ကသာဆေးရုံတွင် သားဖွားဆောင်နှင့် ကလေးဆောင်တို့ကို ပူးတွဲထားလိုက်ပြီး လက်တလော နေရာအဆင်ပြေရန် လက်ပူတိုက် ဖြေရှင်းထားရပါကြောင်း၊ ထို့အပြင် အရိုး၊ အကြောကုသဆောင်လည်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာဝန်များ အဆင်ပြေပြေ၊ ထိထိရောက်ရောက် ကုသပေးနိုင်ရန် ကုသရေးအဆောင်တစ်ဆောင် လိုအပ်နေပါကြောင်း၊ နောက်တစ်ခုက ကသာခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန် ၉ ဦး ခွင့်ပြုမိန့်ရထားပြီး ဖြစ်ပါကြောင်း၊ ထိုဆရာဝန်များ အပြည့်အစုံ တာဝန်ထမ်းဆောင်လာလျှင် နေအိမ်အတွက် ဗျာမများစေရန် (၄) ခန်းတွဲ (၂)ထပ်ဆောင် နှစ်ဆောင်လိုအပ်ဦးမည် ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ဝန်ထမ်းများခန့်ထားပေးရန် ဖြစ်ပါကြောင်း၊ ကသာဆေးရုံသည်  ယခင်က မေ့ဆေးဆရာဝန် ရှိခဲ့ဖူးသော်လည်း ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက ပြောင်းသွားရာ ယခုအချိန်အထိ နောက်ထပ်မေ့ဆေးဆရာဝန် တစ်ယောက်မှ ရောက်မလာပါကြောင်း၊ ထို့ကြောင့်  ယခုအချိန်တွင် အများဆုံး တွေ့နေရသော ဆိုင်ကယ်၊ ကားမတော်တဆဖြစ်ရပ်များနှင့် အခြား အရေးကြီး သေကောင်ပေါင်းလည်း အသည်းအသန်လူမမာများကို မေ့ဆေးဆရာဝန်သာရှိခဲ့ရင် ကသာတွင် စိတ်ချလက်ချ ကုသနိုင်မည်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် မိုင် ၂၀၀ ကျော်ကွာဝေးသော မန္တလေးကိုသာ လက်လွှဲကုသနေရသဖြင့် အခက်အခဲများ ဖြစ်နေကြရပါကြောင်း၊ ထို့ကြောင့် ကသာဆေးရုံတွင် မေ့ဆေးအထူးကုဆရာဝန်တစ်ဦး အမှန်တကယ် လိုအပ်နေပါကြောင်း၊ အလားတူ အရိုး၊ အကြောအထူးကုများလည်း မရှိသကဲ့သို့ ဤမေးခွန်းတင်သွင်းစဉ်က ရှိခဲ့သော သမားတော်လည်း ယခု မရှိတော့ပါကြောင်း။

ထို့အပြင် ကသာမြို့နယ်၊ ဝက်တူးကျေးရွာတိုက်နယ်ဆေးရုံကို ကုသရေးဦးစီးဌာနက ၁-၁-၂၀၁၆ ရက်စွဲနှင့် အသိအမှတ်ပြုဖွင့်လှစ်ခွင့်ပြုသော်လည်း ယခုအခါတာဝန်ခံဆရာဝန် ၁ ဦး၊ အနီဝတ် Trained Nurse ၁ ဦး၊ နေ့စားအထွေထွေလုပ်သား ၂ ဦး၊ နေ့စားအစောင့် ၁ ဦးသာ ရှိတော့သဖြင့် အထက်တန်းသူနာပြု အပါအဝင် အခြားဝန်ထမ်းများပါ လိုအပ်နေပါကြောင်း။

ထို့အပြင် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် တိုက်နယ်ဆေးရုံကို ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနက ၁-၁-၂၀၁၆ ရက်နေ့တွင် အသိအမှတ်ပြု ခွင့်ပြုပြီး ဖြစ်သော်လည်း ငွေပြတ်သွား၍ ပြီးစီးအောင် မဆောက်နိုင်သေးပါကြောင်း၊ မိမိ မေးခွန်းတင်သွင်း စဉ်က ထိုဆေးရုံပြီးစီးရန် ဖြည့်စွက်ရန်ပုံငွေမှ ကျပ်ငွေ ၄၅ သန်း ခွင့်ပြုပေးရန် လိုအပ်နေပါကြောင်း၊ လက်ရှိအချိန်တွင် ယင်းငွေပမာဏသည် ယခင်ကထက်ပိုပြီး လျော့နည်းကောင်း လျော့နည်း သွားနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ကသာခရိုင်ဆေးရုံကြီးတွင် ကုသရေးအဆောင်တစ်ဆောင် ဆောက်လုပ်ပေးခြင်း၊ (၂) အထူးကုဆရာဝန်များအတွက် (၄) ခန်း တွဲ (၂)ထပ်ဆောင် နှစ်ဆောင် ဆောက်လုပ်ပေးခြင်း၊ (၃) မေ့ဆေးအထူးကုဆရာဝန် တစ်ဦးနှင့် သမားတော်တစ်ဦး ခန့်ထားပေးခြင်း၊ (၄) ဝက်တူးတိုက်နယ်ဆေးရုံအတွက် လိုအပ်ဝန်ထမ်းများ ဖြည့်တင်းခန့်ထား ပေးခြင်း၊ (၅) ကျောက်ထုံးကြီးတိုက်နယ်ဆေးရုံအပြီးသတ်နိုင်ရန် လိုအပ်ငွေကို ဖြည့်စွက်ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ခြင်းတို့ရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မည်သည့်အချိန်တွင် စတင် ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကသာခရိုင်ပြည်သူ့ဆေးရုံတွင် (၂) ထပ်လူနာဆောင်ဆောက်လုပ်ခြင်း၊ အထူးကုဆရာဝန်များ နေထိုင်ရန် (၄) ခန်းတွဲ (၂) ထပ်ဆောင် နှစ်ဆောင်ဆောက်လုပ်လိုခြင်းနှင့် ကျောက်ထုံးကြီး ကျေးရွာ တိုက်နယ်ဆေးရုံကို ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ရာ ငွေရေးကြေးရေး အခက်အခဲကြောင့် အပြီးမသတ်နိုင်သေးသော ဆေးရုံဆောက်လုပ်နိုင်ရန်အတွက် တင်ပြထားပါ၍ ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ အဆိုပြု တင်ပြတောင်းခံပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွင့်ပြုပါက အမြန်ဆုံးဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနေထိုင်ရန်ကိစ္စ၊ ဝန်ထမ်းအင်အားရရှိရန်ကိစ္စမှာ ကျန်းမာရေးစနစ် တစ်ခုလုံး၏ အောင်မြင်မှုနှင့် ဆက်သွယ်လျက်ရှိနေသည်ဆိုသည်ကို မိမိအနေဖြင့် ပြောကြားလိုပါကြောင်း၊ ဤကိစ္စအဆင်ပြေပါက ဝေးလံခက်ခဲသော နေရာများသို့ ဝန်ထမ်းများ မသွားရောက်လိုသောအကြောင်းကို တစ်နည်းတစ်လမ်းအားဖြင့် ဖြေရှင်းခြင်းဖြင့် မြန်မာနိုင်ငံ ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှု ညီတူညီမျှပေးနိုင်မည့် Universal Health Coverage  ၏ ရည်မှန်းချက်ကို ပြည့်မီမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းအိမ်ယာကို အထူး ဦးစားပေးပြီး စဉ်းစားလျက်ရှိပါကြောင်း၊ ကုသရေးဦးစီးဌာနတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေ့ဆေး ဆရာဝန်အင်အားမှာ ပါမောက္ခဌာနမှူးမှအဆင့် အထူးကုလက်ထောက်ဆရာဝန်၏ ခွင့်ပြု ၃၂၁ ဦး၊ ခန့်ထား ၂၁၉ ဦးရှိပါကြောင်း၊ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများတွင် ခွဲစိတ်ခန်းများ စွမ်းရည်ပြည့်လည်ပတ်နိုင်ရေးအတွက် မေ့ဆေးဆရာဝန်များ ဖြည့်ဆည်းခန့်ထား ပေးခဲ့သော်လည်း လုံလောက်ခြင်းမရှိသေးပါကြောင်း၊ ဆေးပညာမဟာသိပ္ပံ မေ့ဆေးသစ်လွင် သင်တန်းများတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးရန်ဖြစ်ပါကြောင်း၊ မေ့ဆေးဆရာဝန်တစ်ဦး ခန့်ထားပေးရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် သစ်လွင် လက်ထောက်ဆရာဝန် (မေ့ဆေး) တစ်ဦးအား ခန့်ထားပေးမည် ဖြစ်ပါကြောင်း။

ယခုအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ပညာရှင်အမျိုးမျိုးလိုအပ်ချက်များကို သုံးသပ်လျက်ရှိပြီး တက္ကသိုလ်များသင်တန်းကျောင်းများမှ ထုတ်လုပ်နိုင်မည့်အ‌ခြေအနေနှင့် ချိန်နှိုင်းလျက်ရှိပါကြောင်း၊ Computer Right HRM System ကို လုပ်ခိုင်းထားပါကြောင်း၊ သို့မှသာ အချိန်နှင့်တစ်ပြေးညီ မည်သည့်နေရာတွင် ဆရာဝန်လိုသည်၊ မည်ကဲ့သို့သော ဆရာဝန် အမျိုးအစားလိုသည်ကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ထို System မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများ အမြဲတောင်းဆိုနေခြင်းဖြစ်ပါကြောင်း။

ကသာမြို့နယ် ဝက်တူးတိုက်နယ်ဆေးရုံတွင် သူနာပြုသစ်လွင်တစ်ဦးကို ၂၀၁၅-၂၀၁၆ က ခန့် ထားပေးခဲ့ရာ ၂၉-၆-၂၀၁၆ ရက်နေ့မှစ၍ အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ သို့သော်လည်း သူနာပြုအင်အားနည်းပါးနေသည်ကို တွေ့သည့်အတွက် မိမိတို့အနေဖြင့် ထပ်မံပြီး ဖြည့်တင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိဝန်ထမ်းခန့်ထားမှုအနေဖြင့်          လက်ထောက်ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးနှင့် နေ့စားသုံးဦး တာဝန်ထမ်းဆောင်လျက် ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ဝက်တူးတိုက်နယ်ဆေးရုံအတွက် ကျွမ်းကျင်ဝန်ထမ်း ဖွဲ့စည်းပုံမှာ ဆေးဘက်ကျွမ်းကျင်လေး၊ ဓာတ်မှန်တစ်ဦးလစ်လပ်ပြီး ဆေးဘက်ကျွမ်းကျင်(၄) တစ်ဦးလည်း လစ်လပ်လျက် ရှိသည်ကိုတွေ့ရပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်ဓာတ်မှန် တစ်နေရာ လိုအပ်မှုအတွက် ဝက်တူးဆေးရုံတွင် လောလောဆယ် ဓာတ်မှန်စက်နှင့် ဓာတ်မှန်အဆောက်အဦ မရှိသေးခြင်း၊ အထူးသဖြင့် အဆောက်အဦမရှိသေးခြင်း၊ လျှပ်စစ်မီးလည်း မရရှိသေးပါသဖြင့် ဝက်တူးတိုက်နယ်ဆေးရုံ၌ လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင် (၄) ဓာတ်မှန်ရာထူးနေရာကို ဖြည့်စွက်ခန့်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ ဆေးဘက်ကျွမ်းကျင် (၄) ဆေးစပ်တစ်နေရာလစ်လပ်မှုအတွက် ဆေးဘက်ကျွမ်းကျင် (၄) ဆေးစပ်ခေါ်ယူ ထားခြင်းမရှိသည့်အတွက် လောလောဆယ် ဖြည်‌့စွက်နိုင်စွမ်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။