(င)-ရပ်ကွက်/ကျေးရွာအုပ်စုနေ ပြည်သူလူထုများက အုပ်ချုပ်ရေးမှူးကို တိုက်ရိုက် ရွေးချယ် နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ ပုဒ်မ ၆ အရ ရပ်မိရပ်ဖငါးဦးကို ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ ကြီးကြပ်ရေးအဖွဲ့က ရပ်ကွက်/ကျေးရွာ အတွင်းရှိ ဆယ်အိမ်အစုအဖွဲ့၊ ရာအိမ်အစု အဖွဲ့များကိုဖွဲ့စည်းခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)အရ ဆယ်အိမ်စု အတွင်းနေထိုင်သူများက ပုဒ်မ ၅ ပါ အရည်အချင်းများနှင့်ပြည့်စုံသူကို ဆယ်အိမ်မှူးအဖြစ် ရွေးချယ်ခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ဂ)အရ ရာအိမ်စု အတွင်းမှာ ရာအိမ်မှူးရွေးချယ်ခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(င) ပုဒ်မခွဲငယ် (၁)အရ ရွေးချယ်ခံရသည့် ရာအိမ်မှူးတစ်ဦးထက်ပိုပါက ယင်းပုဂ္ဂိုလ်များအား အုပ်ချုပ်ရေးမှူးလောင်းအဖြစ် အမည်စာရင်းပြုစုခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(စ)အရ အုပ်ချုပ်ရေးမှူးလောင်းများ ထဲမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးခြင်း ဟူ၍ လုပ်ငန်းစဉ်အဆင့်အဆင့်ပြဋ္ဌာန်းထားရှိပါကြောင်း၊
လက်ရှိတည်ဆဲဥပဒေအရ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို အခြေခံပြီးစတင်ရွေးချယ်ခဲ့သည့်အတွက် ကိုယ့်လူပါရေး၊ သူ့လူမပါရေးတို့ကို ဦးတည်ပြီး အကွက်ချ ဆောင်ရွက်မှုများရှိနေပါကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စဉ်ကတည်းက အုပ်စုအလိုက် ပြိုင်ဆိုင်မှုများရှိသည့်အတွက် အငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်မှုများ စသည့်ပြဿနာများ ဖြစ်ပေါ်ခဲ့သည့်အပြင် ဆယ်အိမ် အစုအဖွဲ့နှင့် ရာအိမ်အစုအဖွဲ့ ဖွဲ့စည်းရာတွင်လည်းပညာပြမှု၊ မရိုးဖြောင့်မှုများရှိခဲ့ပါကြောင်း၊ ယင်းသို့ နည်းအမျိုးမျိုးသောမသမာမှုများရှိနေခြင်းကြောင့် အရည်အချင်းရှိသည့် အုပ်ချုပ်ရေးမှူး ဖြစ်ထိုက်သူများ ဘေးဖယ်ဖြုတ်ချထားခြင်းခံခဲ့ရပါကြောင်း၊ ကိုယ်ဖြစ်လိုသည့် အုပ်ချုပ်ရေးမှူးဖြစ် မလာသည့်အချိန်တွင်လည်း အချို့သောဆယ်အိမ်မှူး၊ ရာအိမ်မှူးများကိုဆက်သွယ်၍မရဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကို တွေ့မြင်ရပါကြောင်း၊တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃၄ ပုဒ်မခွဲ(က)နှင့်(ခ)အရ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများသည် အုပ်ချုပ်ရေးမှူးအား လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာကိစ္စများအတွက် အကြံပေးခြင်း၊ အထောက် အကူပြုခြင်း တို့ကိုဆောင်ရွက်ရန် တာဝန်ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခဲ့ရာတွင်လည်း မရိုးဖြောင့်မှုများကြောင့် ခြောက်လကျော်ကြာသည်အထိ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွ မအောင်မြင်ဖြစ်ခဲ့ရပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် ရပ်ကွက်/ကျေးရွာအကျိုး သယ်ပိုးဆောင်ရွက်ရာတွင် ပြည်သူကို မျက်နှာမူပြီး ဂုဏ်သိက္ခာနှင့်အရည်အချင်းပြည့်စုံသော အုပ်ချုပ်ရေးမှူးကောင်းပေါ်ထွက်လာရေးအတွက်လည်းကောင်း၊မလိုလားအပ်သောပဋိပက္ခများလျော့နည်းပပျောက်စေရန်အတွက်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးယန္တရားကို အုပ်ချုပ်ရေးမှူးနှင့်အတူ စေတနာထားအထောက်အကူပြု ဆောင်ရွက်ပေးမည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပေါ်ထွက်လာစေရေးအတွက် လည်းကောင်း အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို အခြေခံထားရွေးချယ်ခြင်းကြောင့် အထက်တင်ပြပါ မရိုးဖြောင့်မှုများ၊ မသမာမှုများမဖြစ်ပေါ်စေရန် အတွက်လည်းကောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ရန်လိုအပ်နေပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၅ နှင့်ညီညွတ်သောသူကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ လွတ်လပ်စွာလျှို့ ဝှက်မဲပေးရွေးချယ်ခြင်းလုပ်ငန်းစဉ်အား ရှေ့တန်းတင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ စတုတ္ထအကြိမ်ပြင်ဆင်သည့်အခါ ထည့်သွင်း စဉ်းစားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ၂၄-၂-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၈-၃၀၂၀၁၂ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၇)ဖြင့်လည်းကောင်း၊ ၂၀-၁-၂၀၁၆ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃)ဖြင့် လည်းကောင်း၊ ၂-၁၂-၂၀၁၆ ရက်နေ့မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၄၁)ဖြင့် လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်စပ်လျဉ်းပြီး ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)တွင် ဆယ်အိမ်စုအသီးသီးတွင် နေထိုင်ကြသည့် အိမ်ထောင်စုကိုယ်စားလှယ်တို့အားစုစည်း၍ မိမိနေထိုင်ရာဆယ်အိမ်စုအတွင်းနေထိုင်သူများအနက်မှ ပုဒ်မ ၅ ပါအရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးကို အများဆန္ဒနှင့်အညီ ဆယ်အိမ်မှူးအဖြစ် ရွေးချယ်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ဂ)တွင် ရာအိမ်စုအသီးသီးမှာရွေးချယ်ခံရသော ဆယ်အိမ်မှူးများအနက်မှ ရာအိမ်မှူးတစ်ဦးကို သက်ဆိုင်ရာ ရာအိမ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များက အများဆန္ဒနှင့်အညီ ရွေးချယ်ရမည်ဟုလည်းကောင်း၊ ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(င)တွင် ရွေးချယ်ခံရသော ရာအိမ်မှူးတစ်ဦး ထက်ပိုပါက ယင်းပုဂ္ဂိုလ်အား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးလောင်းများအဖြစ် အမည်စာရင်းပြုစုရမည်ဟုလည်းကောင်း၊ ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(စ)တွင် ပြုစုထားသော အမည်စာရင်းပါပုဂ္ဂိုလ်များအနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များက သတ်မှတ်ထားသောနေ့ရက်တွင် လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်စေရမည်ဟုလည်းကောင်း အသီးသီးပြဋ္ဌာန်းထားရှိပါကြောင်း၊အဆိုပါဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
အဆိုပါပြဋ္ဌာန်းချက်များအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းသည် ဆယ်အိမ်မှူးများကိုရွေးချယ်ပြီး ၎င်းတို့အနက်မှ တစ်ဦးကို ရာအိမ်မှူးအဖြစ်လည်းကောင်း၊ ၎င်း ရာအိမ်မှူးများအနက်မှတစ်ဦးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုနေ ပြည်သူများ၏ သဘောဆန္ဒဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များကို ရွေးချယ်ရခြင်းဖြစ်သည့်အပြင် သက်ဆိုင်ရာဆယ်အိမ်စုအလိုက် အိမ်ထောင်ဦးစီး၊ အသက် ၁၈ နှစ်ပြည့်ပြီးသော အိမ်ထောင်စု ကိုယ်စားလှယ်တိုင်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်စွာဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားပြီးဖြစ်၍ ယခင်ရွေးချယ်မှုစနစ်သည် ထိရောက်သောစီမံခန့်ခွဲမှုပုံစံဖြင့် ဆောင်ရွက်သည့်စနစ်ဖြစ်ကာ ဒေသခံပြည်သူများ၏ဆန္ဒနှင့်အညီ လွတ်လပ်စွာရွေးချယ်ခွင့်ရရှိပြီးဖြစ်၍ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုရှိသည်ဟု သုံးသပ်ရရှိပါကြောင်း၊ ထို့အပြင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးတို့အား ဥပဒေနှင့် အညီရွေးချယ်ခန့်အပ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၄ ပုဒ်မခွဲ(က)ပါ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား လုံခြုံရေးနှင့်အုပ်ချုပ် ရေးဆိုင်ရာကိစ္စရပ်များအတွက် အကြံပေးခြင်း၊ အထောက်အကူပြုခြင်း၊ ဥပဒေအခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် ဥပဒေ
အခန်း(၆)ပါ လုပ်ငန်းအခြေခံမူများကို လိုက်နာဆောင်ရွက်ရန်အားနည်းကြောင်း၊ ပျက်ကွက်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးက စိစစ်တွေ့ရှိလျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ အပိုဒ် ၄၂ နှင့်အညီ မြို့နယ် အုပ်ချုပ်ရေးမှူးထံတင်ပြ၍ အဆိုပါ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများအား နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှရပ်စဲခြင်းများ ဆောင်ရွက်ပြီးလစ်လပ်သည့်နေရာအတွက် ကြီးကြပ်ရေးအဖွဲ့မှ ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ခန့် ထားခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို မရွေးချယ်မီ ပြည်သူလူထုမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ရွေးချယ်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက အောက်ပါ အချက်များ ကြုံတွေ့လာနိုင်ပါကြောင်း၊ (က) အဆိုပြုရွေးချယ်မှုစနစ်အရ အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်း တင်သွင်းသူများစွာရှိလာနိုင်သဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ရမည့်ကာလရှည်ကြာလာနိုင်ခြင်း၊ ကိုယ်စားလှယ်လောင်းများ များပြားလာခြင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများပြားလာခြင်း၊ မဲလက်မှတ်များ၊ မဲရုံများ၊ မဲရုံမှူးများ၊ မဲလက်မှတ်ထုတ်ပေးသူများနှင့် မဲလက်မှတ်စစ်ဆေးသူများကို သတ်မှတ်ရွေးချယ်ရမည်ဖြစ်ခြင်းတို့ကြောင့်လုပ်ငန်းစဉ်များပြားခြင်း၊ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို တာဝန်ယူဆောင်ရွက်ရမည့် လူအင်အားနှင့်ရွေးချယ်ရမည့်လုပ်ငန်းစဉ်ပမာဏ မျှတမှုမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်း၊ (ခ) အဆိုပြုရွေးချယ်မှုစနစ်အရ ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို ပီပြင်စွာအကောင်အထည်ဖော်ရာတွင် ရွေးကောက်ပွဲကြီးကျင်းပသကဲ့သို့ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် မလိုလားအပ်သည့် ကုန်ကျစရိတ်များလည်း တိုးမြင့်လာနိုင်ပါကြောင်း၊ (ဂ) အဆိုပြုရွေးချယ်မှု စနစ်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်သည့် လုပ်ငန်းစဉ်ပြီးစီးမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးရွေးချယ်မည်ဆိုလျှင် ပြည်သူလူထုစိတ်ဝင်စားမှုအားနည်းပြီး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ပြီးပြတ်မှုမရှိဘဲ အခက်အခဲများလည်းဖြစ်ပေါ်လာနိုင်ခြင်း၊ (ဃ) အဆိုပြုရွေးချယ်မှုစနစ်အရ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ရာတွင် ရွေးချယ်ပြီးသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ဝင်ရောက်စွက်ဖက်မှု၊ မလျော်ဩဇာသုံးမှု စသော အဂတိမကင်းသည့်လုပ်ဆောင်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကိုမရွေးချယ်မီ ပြည်သူလူထုမှ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ရွေးချယ်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက တင်ပြပါ အချက်များ ကြုံတွေ့နိုင်သည့်အပြင် အခြားသောအခက်အခဲများလည်း ကြုံတွေ့နိုင်ပါသဖြင့် မူလဥပဒေ အတိုင်းသာ ဆက်လက်ကျင့်သုံးဆောင်ရွက်သင့်ပါကြောင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန် လောလောဆယ်အစီအစဉ်မရှိ သေးပါကြောင်းပြန်လည်ဖြေကြားပါသည်။
