မိမိတို့မြို့နယ်သည် မိတ္ထီလာနှင့်မြင်းခြံလမ်း အလယ်တွင်တည်ရှိပြီး အဓိက မြင်းခြံနှင့် ချင်းတောင်ဘက်မှ ကုန်ပစ္စည်းများစီးဆင်းရာ စက်ရုံအလုပ်ရုံကြီးများလည်း ရှိသည့်အတွက် မြင်းခြံဘက်မှ စီးဆင်းရာဒေသလည်း ဖြစ်ပါကြောင်း၊ ယခု ရေချိုချောင်းအပေါ်တွင် သင်ပုန်းဆည်ဆိုတာ ရှိပါကြောင်း၊ ၎င်း ဆည်မှ ဝမ်းတွင်း၊ နွားထိုးကြီး စသည့်နေရာများရှိ ဆည်များကို ရေဖြည့်ပေးသည့် နေရာကနေ ဖြတ်ချောင်းလည်းဖြစ်ပါကြောင်း၊ ရေ အမြဲတမ်း ၁၂ လလုံးရှိပြီး အမြဲတမ်း ၂၄ နာရီရေစီးသည့် နေရာလည်းဖြစ်ပါကြောင်း၊ ယခုချောင်းအနေနှင့် ရှေးယခင် အခါတုန်းက သဲချောင်းဖြစ်ပြီး ကားများနစ်တာ၊ အမြဲတမ်း ကားများပါရှိသွားခြင်းဖြစ်ပါကြောင်း၊ အဲဒီနောက် ရေကျော်ပြုလုပ်ပေးသည့်အတွက် သက်သာခဲ့ပါကြောင်း၊ သို့သော်လည်း မိုးရာသီကျရောက်သည့် အခါတွင် ဟိုဘက်ဒီဘက် ကမ်းလုံးပြည့် ကားရပ်ဆိုင်းပြီး ၂ ရက်၊ ၃ ရက် ဆိုင်းစောင့်စားရသည့် အခြေအနေမျိုးလည်း ကြုံခဲ့ရဖူးပါကြောင်း၊ ထို့ကြောင့် ဒီချောင်းနှင့်ပတ်သက်၍ တံတားထိုးပေးရန် အစီအစဉ်ရှိမရှိနှင့် တံတားထိုးသည့် နေရာတွင်လည်း နိုင်ငံတော်အနေနှင့် ဘဏ္ဍာငွေသက်သာအောင် တံတားအနိမ့်အမျိုးအစားထိုးပေးရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။
မလှိုင်မြို့နယ်အတွင်း မိတ္ထီလာ- မြင်းခြံလမ်းပေါ်တွင် မလှိုင်မြို့နယ်အပိုင်းမှာ ရေချိုချောင်းရှိ၍ အဆိုပါချောင်းသည် မိုးရာသီတွင် ရေကြီးမှုများရှိပြီး ခရီးသွားလာမှု ရပ်ဆိုင်းရခြင်းများ အမြဲဖြစ်လေ့ရှိပါသဖြင့် သွားလာရေးအခက်အခဲအမြဲတွေ့ရှိရပါကြောင်း၊ သို့ပါ၍ ပေ ၄၀၀ ခန့်အရှည်ရှိ အဆိုပါချောင်းဖြတ် ကွန်ကရစ်တံတား အနိမ့်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မလှိုင်မြို့နယ် မိတ္ထီလာ- မြင်းခြံလမ်းပေါ်မှာရှိတဲ့ ရေချိုချောင်းဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ထွန်းညိုလူကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် B. O. T လမ်းပေါ်တွင် တည်ရှိခြင်းဖြစ်ပါကြောင်း၊ ရေချိုချောင်း၏အထက် ၃ မိုင်ခန့်တွင် သင်ပုန်းချောင်း ရေလှောင်တမံရှိသည့်အတွက် တစ်နှစ်ပတ်လုံး ရေစီးဆင်းသည့်ချောင်းဖြစ်ပါကြောင်း၊ နွေရာသီရေနည်းချိန်တွင် လက်ရှိရေကျော်အဟောင်းပေါ်မှ ၆ လက်မမှ ၁ ပေခန့်အထိ ရေစီးဆင်းလေ့ရှိပြီး မိုးရာသီရေများ၍ ဆည်လွှတ်သည့် အချိန်တွင် ရေကျော်ပေါ်ရှိ ၂ ပေခန့် စီးဆင်းလေ့ရှိခြင်းဖြစ်ပါကြောင်း၊ ၎င်းရေချိုချောင်းရေကျော်ကို အရှည်ပေ ၄၀၀ ခန့်ကို တံတားဆောက်လုပ်ရန်အတွက် ပမာဏကွင်းဆင်းတိုင်းတာမှုများ ၂၀၁၅ ခုနှစ် ဧပြီလအတွင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းပတ်သက်ပြီး ဧရိယာကြီးတစ်ခုလုံးမှာ မလှိုင်မြို့နယ်၏ ဧရိယာဖြစ်ပါကြောင်း၊ မြင်းခြံ- မိတ္ထီလာလမ်းဖြစ်ပါကြောင်း၊ ၎င်းနေရာမှာ ရေချိုချောင်းရေကျော်ရှိသည့် နေရာဖြစ်ပါကြောင်း၊ မိမိတို့ ကွင်းဆင်းတိုင်းတာသည့် အခါတွင်ရရှိသည့် အဖြေမှာ ရေနိမ့်တံတား(Low water Bridge) ဖြစ်ပါကြောင်း၊ ဒါလေးကို ကျွန်တော်တို့ ထိုးလိုက်ဖို့ဖြစ်ပါတယ်။ ဒီလိုထိုးလိုက်တဲ့အခါမှာ လိုအပ်ချက်ကတော့ ပေ ၃၄၀ တည်ဆောက်ရမှာဖြစ်ပါတယ်။
မိမိတို့ ရေကျော်နေရာကို တံတားတည်ဆောက်ရန် လမ်းအူကြောင်းအနေဖြင့် မူလလမ်းကြောင်းမှာ အကောင်းဆုံးဖြစ်ပါကြောင်း၊ ချဉ်းကပ်လမ်းအနေအထားအရလည်း ယာဉ်များပိုမိုသွားလာမှု အဆင်ပြေခြင်း ဖြစ်သည့်အတွက် မူလလမ်းကြောင်းကိုသာ ဆောင်ရွက်ရဖြစ်ပါကြောင်း၊ တံတားကြီးတည်ဆောက်သည့် နေရာတွင် ကုန်ကျစရိတ် အင်မတန်သက်သာပြီး ဒေသနှင့်ကိုက်ညီသော ရေနိမ့်တံတား အမျိုးအစား(Low water Bridge)ကို တည်ဆောက်နိုင်ပါကြောင်း၊ ရေနိမ့်တံတားတည်ဆောက်ခြင်းသည် ရေနည်းချိန်တွင် ရေနိမ့်တံတားအောက်မှ စီးဆင်းသွားနိုင်ပြီး ရေများသည့် အချိန်မှာ ရေနိမ့်တံတား၏အပေါ်မှ အလွယ်တကူဖြတ်သန်းစီးဆင်းနိုင်ခြင်း ဖြစ်ပါ ကြောင်း၊ ယခုအခါတွင် မူလရေကျော်၏မျက်နှာပြင်များ ပျက်စီးနေပါကြောင်း၊ ပျက်စီးနေသည့် ကွန်ကရစ် မျက်နှာပြင်များကို အမြဲတမ်းတံတားမတည်ဆောက်မီ ယာဉ်နှင့်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အရှည်ပေ ၂၈၀ ရှိသည့် ၆ လက်မ ထုကွန်ကရစ် တစ်လွှာထပ်ပိုးခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့အတွက်ကြောင့် ရေချိုချောင်းဖြတ် သံကူကွန်ကရစ်ရေနိမ့်တံတား အရှည် ၃၄၀ ပေတည်ဆောက်ရန်အတွက် အမျိုးသားစီမံကိန်း၏ ဒုတိယကာလတို ငါးနှစ်မှ ပထမနှစ် ဖြစ်သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ထည့်သွင်းတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
