ရွာရှည် - ဘုံကွင်းလမ်းသည် ရန်ကုန် - မန္တလေးလမ်းမကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တစ်ခုနှင့်တစ်ခု ဆက်စပ်ထားသည့် ခရိုင်ချင်းဆက်လမ်း အမှတ်(၂)ကို ဆက်သွယ်ထားသည့် ၅/၂ မိုင်ရှည်လျားသည့် အချက်အချာကျသည့်လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းမှ တိုက်ရိုက်အကျိုးပြုသည့် ရွာငါးရွာခန့်ရှိပြီး ၎င်းလမ်းမှတစ်ဆင့် အသုံးပြုနေသည့် သွယ်ဝိုက်အကျိုးပြုသည့် ရွာ ၁၁ ရွာနှင့် စုစုပေါင်း ၁၆ ရွာခန့်ရှိ လူပေါင်း ၁၅,၀၀၀ ဦးခန့်သည် မန္တလေးမြို့ကို သွားလိုသည့်အခါ ၊ ရန်ကုန်မြို့ကို သွားသည့်အခါ ခရိုင်တစ်ခုချင်းသို့ သွားလိုသည့်အခါ ကူးလူးဆက်ဆံသည့်အခါ အဓိကကျသည့်လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ၁၉၈၃-၁၉၈၄ခုနှစ်ခန့်၌ကိုယ်ထူကိုယ်ထဖြင့်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆-၁၉၉၇ ခုနှစ်တွင် စည်ပင်ရေးဌာနမှ သစ်သားတံတားများထိုးပြီး ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပါကြောင်း၊ စည်ပင်သာယာရေးဌာနမှတစ်ဆင့် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့လည်းကောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့လည်းကောင်းရောက်ခဲ့ပါကြောင်း၊
လမ်း၏သမိုင်းကို လေ့လာကြည့်မည်ဆိုပါကအလွန်ရှေးကျပြီး အလွန်အရေးပါသည့်လမ်းဖြစ်သော်လည်း ဝန်ကြီးဌာနတစ်ခုမှတစ်ခု၊ ဦးစီးဌာန တစ်ခုမှတစ်ခုအကူးအပြောင်းကြားတွင် အကြောင်းအမျိုးမျိုးကြောင့် ရာသီမရွေးသွားလာနိုင်သည့်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ကြန့်ကြာနေခဲ့ပါကြောင်း၊ ပြည်သူ့အစိုးရလက်ထက် ၂၀၁၉ - ၂၀၂၀ ခုနှစ် တိုင်းဒေသကြီးဘတ်ဂျက်တွင် ကတ္တရာလမ်းတစ်မိုင်စပြီးခင်းခဲ့ပြီးပါပြီကြောင်း၊ ထို့အပြင်ပျက်စီးနေသည့်၊ ဟောင်းနွမ်းနေသည့်တံတားများကို ပြင်ဆင်ရန်လမ်းအပိုင်းလိုက်၊အပိုင်းလိုက်ကတ္တရာလမ်းခင်းရန် ပြင်ဆင်နေသည်ဟု သိရသည့်အတွက် ပြည်သူ့ကိုယ်စားဝမ်းသာကျေးဇူးတင်မိပါကြောင်း၊ တိုင်းဒေသကြီး ဘတ်ဂျက်သည့် တိုင်းတစ်တိုင်းလုံးနှင့်၊ မိမိမြို့နယ်ရှိ တခြားလမ်းများ ကိုပါ ဖြန့်ကြက်ရသည့် သဘောရှိသည့်အတွက်ဖြစ်နိုင်မည်ဆိုပါက ယခုလမ်းကို ပိုမိုဆောလျင်စွာကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းဖြစ်စေရန် ပြည်ထောင်စုဘတ်ဂျက်မှ ခွင့်ပြုချထားပေးနိုင်ရန်ကို အနူးအညွတ်မေတ္တာရပ်ခံပါကြောင်း၊ လမ်းကို အဆင့်မြှင့်တင်မည်ဆိုပါက လိုအပ်သည့်လမ်းအကျယ်၊ လမ်းပခုံးသား၊ လမ်းအမာခံလည်း အဆင်သင့် ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြစ်သားမြို့နယ်၏ အရေးပါသည့်ရွာရှည် - ဘုံကွင်းလမ်းကို ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ဆောလျင်စွာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရွာရှည် - ဘုံကွင်း ကျေးရွာချင်းဆက် လမ်းအရှည် ၅/၂ မိုင်သည် လမ်းအဆင့်သတ်မှတ်ချက် Class(A) ဦးစားပေးအဆင့်(၁)လမ်းတွင် ပါဝင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ကျေးရွာပေါင်း ၁၅ ရွာ၊ အိမ်ခြေ ၁,၀၀၀ ကျော်၊ လူဦးရေ ၉,၉၀၀ ဦးကျော်ကို အကျိုးပြုသည့်လမ်း ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် လမ်းအရှည် တစ်မိုင်ကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် တစ်မိုင် ကတ္တရာလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးရန်လျာထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
