မေးခွန်းကိုမေးမြန်းရခြင်း အကြောင်းမှာတနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီး ကျေးရွာအုပ်စု အညင်းကျေးရွာ နှင့် ကျွဲခရံကျေးရွာ အုပ်စု ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်ထား သည့် ပေ ၁,၇၀၀ ရှိတံတား တစ်စင်းအား တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၃၀-၆-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၇၅၄/၃၁၃တံတား(၃-၄)အဖရ/၂၀၁၅ အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ရန်ပုံငွေတွင် လျာထားမည် ဖြစ် ကြောင်းကို အကြောင်းကြားစာရရှိခဲ့ပါကြောင်း၊ ၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့၏ ၂၂-၇-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၄၄၈/၆/၁၃-၅၀၇ လွှတ်တော်(တနင်္သာရီ) အရ လည်းကောင်း၊ ၎င်းကျွန်းစုသို့ဆက်သွယ်မည့် တံတားနှစ်စင်းတည်ဆောက်ခွင့်ပြုရန် တင်ပြသည့် ကိစ္စတွင် အညင်းကျေးရွာနှင့်ဘုရားထွက် ကျေးရွာသို့ဆက်သွယ်မည့် တံတားပေ ၁,၇၀၀ အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၄,၂၅၀ သန်းနှင့် လည်းကောင်း၊ မြိတ်မြို့နယ်၊ မဲဘမ်းကျေးရွာနှင့် ကျွန်းစုမြို့ မောင်းလှော်ကျေးရွာသို့ဆက်သွယ်ထားသောတံတား ပေ ၁,၈၀၀ အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၄,၅၀၀ သန်းနှင့် စုစုပေါင်းကုန်ကျငွေ ကျပ် ၈,၇၅၀ သန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတွင် လျာထားမည်ဖြစ်ကြောင်းကို မိတ္တူစာဖြင့် ရရှိခဲ့ပါကြောင်း၊ သို့ရာတွင် တံတား တည်ဆောက်မှုအကောင်အထည်ဖော်လုပ်ငန်း ဆောင်ရွက်ခြင်း ကို မတွေ့ရှိရသဖြင့် မဲဘမ်းကျေးရွာ နှင့် မောင်းလှော်တံတားကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကမေးခွန်းမေးမြန်းရာ တာဝန်ပေးအပ်ခဲ့ပြီး ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးနေကြောင်း တွေ့ရှိရပါကြောင်း၊ သို့ပါ၍ အညင်းကျေးရွာနှင့် ဘုရားထွက် ကျေးရွာ သို့ ဆက်သွယ်မည့်တံတားပေ ၁,၇၀၀ အား ယနေ့တိုင် မည်သို့မျှအရေးယူဆောင်ရွက်ထားခြင်း မရှိသေးပါသဖြင့် အဆိုပါတံတားအားမည်သည့်အချိန်ကာလတွင်စတင်တည်ဆောက်သွားမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ညောင်ဘီကျေးရွာအုပ်စု၊ အညင်းကျေးရွာနှင့် ကျွဲခရံကျေးရွာအုပ်စု၊ ဘုရားထွက်ကျေးရွာ တို့ကိုဆက်သွယ်မည့် ကျေးရွာချင်းဆက် တံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပေါ်တွင်ရှိသောတံတားဖြစ်ပါကြောင်း၊ အဆိုပါတံတားကိုတည်ဆောက်ပြီးစီးသွားလျှင် ကျေးရွာ ပေါင်း ၂၉ ရွာ၊ အိမ်ခြေပေါင်း ၃,၃၀၀ ကျော်နှင့် လူဦးရေပေါင်း ၂၀,၀၀၀ ကို အကျိုးပြုမည့် တံတား ဖြစ်ပါကြောင်း၊ သို့သော် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင်မပါရှိသည့် အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်းကာလများတွင် ရန်ပုံငွေထည့်သွင်းလျာထားပြီးရန်ပုံငွေရရှိမှုအပေါ် မူတည် ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
