(ခ)-စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိသက္ကယ်ကျင်း -ဖောင်းပြင်-ဟုမ္မလင်းခန္တီးမဟာဗျူဟာအားကျောက် ခင်းလမ်းနှင့်အမာခံတံတားများ ဆောက်လုပ်ရေးနှင့် ပတ်သက်၍မည်သို့စီမံဆောင်ရွက်ထားသည်ကိုသိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၈)ရက်မြောက်နေ့ (၂၁.၇.၂၀၁၅)

အထက်ချင်းတွင်းဒေသ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၏ ကုန်စည်စီးဆင်းမှုသည် ချင်းတွင်းမြစ်ဖြစ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ မုံရွာ- သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး မဟာဗျူဟာလမ်းကြောင်းဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေသည် တစ်နှစ်ထက်တစ်နှစ် လျော့ပါးလာပြီး မုံရွာကနေ ပစ္စည်းတင်လိုက်သည့် ပစ္စည်းတစ်ခုကို ဆောင်းရာသီမှာ တင်မည်ဆိုပါက ၂၅ ရက်ကြာမှ ခန္တီးကိုရောက်ပါကြောင်း၊ နွေရာသီဆိုလျှင် ၃၅ ရက်ကြာမှ ခန္တီးကိုရောက်ပါကြောင်း၊ ထို့ကြောင့် အချိန်နှင့်တစ်ပြေးညီ တည်ဆောက်ရေး လုပ်ငန်းလုပ်သည့်အခါတွင် များစွာအခက်အခဲရှိနေခြင်းကို တွေ့ရပါကြောင်း၊ မုံရွာ- သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး မဟာဗျူဟာလမ်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် အပိုင်းလိုက် ပြုပြင်နေသည်ကို လည်းတွေ့ရှိရသည့်အတွက်ကြောင့် ပြည်သူ လူထုကိုယ်စား ကျေးဇူးတင်အပ်ပါကြောင်း၊ ၎င်းလမ်းကို အမာခံကျောက်ခင်းလမ်း၊ အမာခံတံတားများ အပြီးအစီးမည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အဖြေ

မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းများသည် မိုင်ပေါင်း ၃၃၀ ရှည်သည့် လမ်းတစ်ခုဖြစ်ပါကြောင်း၊ ၎င်းလမ်းကို လက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှနေပြီး စီမံခန့်ခွဲသည့်လမ်းအဖြစ် မိမိတို့သတ်မှတ် တာဝန်ပေးထားခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်း၏ အခြေအနေကိုပြန်ကြည့်လျှင် ၃၁-၃-၂၀၁၅ ရက်နေ့အထိ အခြေအနေမှာ ကွန်ကရစ်လမ်းက ၁ မိုင်နှင့် ၅ ဖာလုံရှိပါကြောင်း၊ ကတ္တရာလမ်းက ၅ မိုင်နှင့် ၁ ဖာလုံရှိပါကြောင်း၊ အမာခံလမ်းက ၂၅၂ မိုင်ရှိပါကြောင်း၊ မြေလမ်းက ၇၁ မိုင်နှင့် ၂ ဖာလုံဖြစ်သည့်အတွက် စုစုပေါင်းမိုင် ၃၃၀ ရှည်လျားသောလမ်းကြီးဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်သန်းပေါင်း ၂၉၆၀ နှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး လမ်းတာဘောင်တင်ခြင်းနှင့် ချဲ့ခြင်း၊ လျှောစောက်နိမ့်ချခြင်း ၅၆ မိုင်နှင့် ၄ ဖာလုံကျော် ရှိပါကြောင်း၊ ကျောက်ရောမြေခင်းခြင်း ၄၁ မိုင်နှင့် ၄ ဖာလုံဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်း ၂ မိုင် ၂ ဖာလုံ တို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ၎င်းလမ်းကြီးပေါ်ရှိ ယာယီတံတားများကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၁၇ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၅၂၀ သန်း စုစုပေါင်း ကျပ်သန်းပေါင်း ၄၅၃၇ သန်းနှင့် သံကူကွန်ကရစ်တံတားများ ၅၀ ပေအောက်တံတား အစင်း ၄၀၊ ပေ ၅၀ နှင့် ၁၀၀ ကြား တံတားသုံးစင်း၊ ပေ ၁၈၀ အထက်တံတား ခြောက်စင်း စုစုပေါင်း တံတား ၄၉ စင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ပြန်ကြည့်မည်ဆိုလျှင် ပေ ၁၈၀ နှင့် အထက်တံတား ခြောက်စင်းဖြစ်သည့် ဖုန်းတုန်းချောင်းတံတား ၄၀၀ ပေ အတွက် ရန်ပုံငွေသန်း ၆၄၀၊ ကိုးတန်ချောင်းတံတား ပေ ၃၀၀ အတွက် ရန်ပုံငွေသန်း ၅၄၀၊ တံတား အမှတ်(၆/၁၄၁) ၃၀၀ ပေအရှည်အတွက် ရန်ပုံငွေ ၄၈၀ သန်း၊ ခြင်္သေ့ချောင်းတံတား ၂၈၀ ပေအတွက် ရန်ပုံငွေ ၉၉ သန်း၊ နန်ထိန်ကွင်းတံတား ပေ ၂၈၀ အတွက် ရန်ပုံငွေ ၃၇၈ သန်း၊ နန်းမီးလင်းတံတားအတွက် ပေ ၂၀၀ အရှည်ကို ရန်ပုံငွေ ၃၃၅ သန်း စုစုပေါင်းရန်ပုံငွေ ကျပ် ၂၄၇၂ သန်းနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၅၀ ပေ အောက်သစ်သား ကြမ်းခင်းတံတား တည်ဆောက်ခြင်းလုပ်ငန်း ၃၁ စင်း၊ ကွန်ကရစ်ရေကျော်တစ်စင်း တည်ဆောက်ခြင်းနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ခြင်း သုံးစင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းကို မြေလမ်းမှ ကျောက်လမ်း၊ ကျောက်လမ်းမှ ကတ္တရာလမ်းအဆင့် ဆောင်ရွက်ခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ရန်ပုံငွေနှင့် နှစ်ရှည်စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လမ်းပေါ်မှာရှိသည့် သစ်သားတံတားများကိုလည်း နှစ်စဉ်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး ကွန်ကရစ်တံတားများအဖြစ် ဆက်လက်တည်ဆောက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မြေလမ်းအဖြစ်ကျန်ရှိနေသည့် ၇၁ မိုင်ကျော်ကို ဒီနှစ်တွင် ၄၁ မိုင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျန်ရှိ မိုင် ၃၀ ကျော်ကိုလာမည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည်ဆိုလျှင် ထိုလမ်းကို ရာသီမရွေး သွားလာနိုင်သည့် လမ်းအဖြစ် တည်ဆောက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။