အမျိုးသမီးများအား ခွဲခြားထားမှု လုံးဝပပျောက်ရေး ဆီလွှာစာချုပ် ကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် သက်ဝင်ခဲ့ပါကြောင်း၊ နိုင်ငံပေါင်း ၁၈၇ နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံသည် ၂၂-၇-၁၉၉၇ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဆီလွှာစာချုပ်ဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါကြောင်း၊ သို့သော် ဆီလွှာစာချုပ်သည် ကမ္ဘာ့ အမျိုးသမီးတို့ကို ထိရောက်စွာကာကွယ်မှုမပြုနိုင်သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပုဒ်မ ၁၃၂၅ အရ အမျိုးသမီးများ၏ အိမ်တွင်းအကြမ်းဖက်မှုကို ကာကွယ်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ရပါကြောင်း၊ ဤဥပဒေအရ သက်ဆိုင်ရာရဲဝန်ထမ်း၊ တရားရေးဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်းကူညီကြပြီး ကမ္ဘာ့နိုင်ငံများ၏ ၆၀ % ကျော်က ထောက်ခံခဲ့ပါကြောင်း၊ အမျိုးသမီးများ ကာကွယ်စောင့် ရှောက်သည့်ဥပဒေကို အာရှတွင် ၁၈ နိုင်ငံ၊ အာဖရိကတွင် ၉ နိုင်ငံ၊ ဥရောပတွင် ၁၄ နိုင်ငံနှင့် အမေရိကတိုက်တွင် နိုင်ငံပေါင်း ၂၀ ကျော်တို့က ပြဋ္ဌာန်းထားရှိသည့်ကို သိရှိရပါကြောင်း၊ မိမိတို့ို့မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း ၁၇ နှစ်ကျော်က ဆီလွှာအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သော်လည်း ယနေ့ အချိန်အထိ အမျိုးသမီးများ၏ တန်းတူညီမျှမှုအခွင့်အရေး၊ ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်ပြီး ထိရောက်သောဆောင်ရွက်ချက်များကို မတွေ့ရှိရသည့်အပြင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုနှင့် လူကုန်ကူးခံရမှုများလည်း နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရန်အတွက် ဥပဒေကြမ်းကို နိုင်ငံတကာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံကိန်းအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေသည်ကို သိရပါကြောင်း၊ နိုင်ငံတကာစံချိန်မီဥပဒေတစ်ရပ်အဖြစ် အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးများအားလုံး သိရှိနိုင်ရန်အတွက် ထုတ်ပြန်ကြေညာပေးနိုင်ရန်အတွက်လည်းကောင်း၊ မည်သည့်အချိန်တွင် ဥပဒေတစ်ရပ်အဖြစ်ပေါ်ပေါက် လာမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ မိသားစုအတွင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း၊ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပတွင်ဖြစ်စေ မည်သူမဆို တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အုပ်စုဖွဲ့၍ အမျိုးသမီးတစ်ဦး သို့မဟုတ် အမျိုးသမီးများ၏ အကြမ်းဖက်ခံရရန် အန္တရာယ်ဖြစ်လွယ်ခြင်းကိုအကြောင်းပြုလျက် ရုပ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ ဂုဏ်သိက္ခာပိုင်း၊ အကျိုးစီးပွားဆိုင်ရာတို့ကို ထိခိုက်နစ်နာအောင်ပြုလုပ်သည့် ဥပဒေနှင့် မညီ သောလုပ်ရပ်များကို ဆိုလိုခြင်းဖြစ်ပါကြောင်း။ နိုင်ငံတော် အနေဖြင့်အမျိုးသမီးများ၏ မူလအခွင့်အရေးနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ များ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများဖြင့် အကာအကွယ်ပေးစောင့်ရှောက်လျက်ရှိပါကြောင်း။
အမျိုးသမီးများ၏ မူလအခွင့်အရေးနှင့်ပတ်သက်၍ ခွဲခြားမှုမရှိစေရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ တွင်လည်းကောင်း၊ တူညီသော အလုပ်အတွက် အခွင့်အရေးနှင့် လစာတို့ကို အမျိုးသားများနှင့် တန်းတူခံစားခွင့်အား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၀ တွင်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် ကာယိန္ဒြေနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုမပြုနိုင်ရန်အတွက် ပြစ်မှုဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတို့အတွက်ကို ပြစ်မှုအမျိုးအစားအလိုက် အကာအကွယ် ပေးထားပါကြောင်း၊ အနိမ့်ဆုံးပြစ်မှုဖြစ်သည့် မိန်းမကာယိန္ဒြေကိုစော်ကားရန် ရည်ရွယ်သောစကားနှင့် ကိုယ်အမူအရာတို့ဖြင့် ကျူးလွန်ပါ က ထောင်ဒဏ် ၁ နှစ်အထိချမှတ်နိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ်များဖြစ်သည့် မုဒိမ်းမှု၊ အတင်းအဓမ္မထိမ်းမြားပေးစားရန် သွေးဆောင်ခိုးယူမှု၊ ၁၈ နှစ်အောက်မိန်းမကို ပြည့်တန်ဆာအဖြစ် ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း၊ လက်ခံခြင်းတို့ ပြုလုပ်မှုတို့အပြင် လူကုန်ကူးမှုကို ကျူးလွန်ပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။
ထို့အပြင် မိန်းမတစ်ဦးအပေါ် မုဒိမ်းကျင်းရန် အကြံအစည်၊ ကာမရာဂစိတ်ကို ဓမ္မတာအတိုင်းမဟုတ်ဘဲ ရောင့်ရဲအောင် ပြုလုပ်ရန်အကြံအစည်၊ လူကိုခိုးယူရန်အကြံအစည်၊ သွေးဆောင်ခေါ်ယူရန် အကြံအစည်၊ လက်ရောက်မှုကျူးလွန်ပါက လူကိုခိုးယူရန် အကြံအစည်၊ သွေးဆောင်ခေါ်ယူရန် အကြံတို့ဖြင့် လက်ရောက်မှု ကျူးလွန်ပါက ထိုသူကို သေသည်အထိ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၀ တွင်လည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးရေးရာကိစ္စရပ်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် United Nations Convention on the Elimination of All Forms of Discrimination Against Women (UNCEDAW) ကို ၁၉၉၇ ခုနှစ်တွင် သဘောတူလက်မှတ် ရေးထိုးထားပြီးဖြစ်သည့်အပြင် လူမှုစီးပွားရေးအခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးဆိုးစွဲအယူအဆ သို့မဟုတ် ပဋိပက္ခများကြောင့် မတရားစော်ကားခံရမှုများမှ ကာကွယ် စောင့်ရှောက်နိုင်ရန် လိင်မှုဆိုင်ရာနှင့် ကျား/မရေးရာ အခြေခံအကြမ်းဖက်မှုများအား တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ချက်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် ကျား/မ တန်းတူညီမျှမှုကွန်ရက်မှ ကိုယ်စားလှယ်များ၊ United Nations Gender Theme Group (UNGTG) မှ ကိုယ်စားလှယ်များ ပါဝင်သည့် ဦးဆောင်ကော်မတီ၊ ဥပဒေကြမ်းရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် နည်းပညာဆိုင်ရာအကြံပေးကော်မတီများကို ဖွဲ့စည်းပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီး ကာကွယ်ရေး ဥပဒေကြမ်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ ယနေ့အထိ အစည်းအဝေး (၆)ကြိမ် ကျင်းပပြုလုပ်၍ အခန်း(၉)အထိ ရေးဆွဲဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီးများ၏ မူလအခွင့်အရေးနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပေဒ၊ တည်ဆဲ ဥပေဒများဖြင့် ကာကွယ်ပေးထားပြီးဖြစ်သော်လည်း လူမှုစီးပွားရေးအခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးရိုးစွဲ အယူအဆများ သို့မဟုတ် ပဋိပက္ခများကြောင့် မတရားစော်ကားခံရမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရန် လိင်မှု ဆိုင်ရာ ကျား/မရေးရာ အခြေခံအကြမ်းဖက်မှုများ တားဆီးကာကွယ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေကြမ်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကော်မတီများ ဖွဲ့စည်းရေးဆွဲဆောင်ရွက်ကာ လွှတ်တော်သို့ တင်ပြရန် စီမံဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
