(ဂ)-ရှမ်းပြည်နယ်မြောက်ပိုင်းမယ်ဟန်၊မိုင်းရယ်ကျေး သီလမ်းအပိုင်းရှိ တံတားအမှတ် (၂/၇၁)ခိုလောင်း တံတား၏ တည်ဆောက်ရေးစီမံကိန်းကာလမည် မျှဖြစ်သည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၅.၃.၂၀၁၄)

ဦးစိုင်းသီဟကျော် (မိုင်းရယ်)မိမိအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကို အဓိက ဆက်သွယ်ပေးထားသော လမ်းမတစ်ခုဖြစ်သည့် မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်း အပိုင်းရှိ တံတားအခြေအနေများကို တင်ပြမေးမြန်း သွားမည်ဖြစ်ပါကြောင်း၊  အဆိုပါ လမ်းအပိုင်းတွင် အဓိကတံတားသုံးစင်းရှိပြီး  နမ္မတံတားနှင့် နားလီတံတားကို ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ခွင့်ပြုလျာထားမှာဖြစ်ပါကြောင်းနှင့် ခိုလောင်းတံတား သည် လက်ရှိတည်ဆောက်နေဆဲဖြစ်သည်ကို သိရှိရပါကြောင်း၊

အဆိုပါလမ်းအပိုင်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကို အဓိက ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တောင်ပိုင်းရှိ တောင်ကြီးကို သွားမည်ဆိုပါက လမ်းတံတားများ မကောင်းသည့် အတွက် မန္တလေးတိုင်း ဒေသကြီးမှတစ်ဆင့် ကွေ့ပတ်သွားခဲ့ရပါကြောင်း၊  ယခုလမ်းအပိုင်းများကို အဆင့်မြှင့် တင်ပြီး ပြည်ထောင်စုအဆင့်လမ်းအဖြစ် သတ်မှတ်ထားသော်လည်း တံတားများအခြေနေမှာ  ပြီးစီးခြင်းမရှိသေး သည်ကို ပြည်သူများမှ တင်ပြလာပါကြောင်း၊ ထို့ကြောင့် မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်းရှိ တံတား အမှတ်(၂/၇၁) ခိုလောင်း တံတားသည် တည်ဆောက်ရေးစီမံကိန်းကာလဖြစ်၍ အပြီးတည်ဆောက်ရန် လျာထား သည့် ကာလနှင့် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးတင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် (တောင်ပိုင်း) နယ်စပ်ရှိ မယ်ဟန်-မိုင်းရယ်-ကျေးသီး လမ်းပေါ်ရှိ တံတားအမှတ် (၂/၇၁) ခိုလောင်းတံတားသည် မိုင်းရယ်ဘက်ကမ်းတွင် ၃၀ ပေ ခန်းဖွင့်တစ်ခန်း၊ ကျေးသီးဘက်ကမ်းမှာ ၆၀ ပေခန်းဖွင့်တစ်ခန်းနှင့် ရေလယ် တွင် C.H သံပေါင် ၁၂၄ ပေ ခန်းဖွင့်တစ်ခန်း စုစုပေါင်း ၂၁၄ ပေရှည်နှင့် ယာဉ်သွား လမ်းအကျယ် ၂၄ ပေရှိတံတား တစ်စီး ဖြစ်ပြီး စီမံကိန်းတန်ဖိုးသည် ကျပ် ၆၄၀ သန်းနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မူလရန်ပုံငွေကျပ် ၁၀၀ သန်းဖြင့် စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မူလရန် ပုံငွေကျပ် သန်း ၂၀၀ ရရှိထား၍ စုပေါင်း ကျပ်သန်း ၃၀၀နှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ အထောက်အကူပြု လုပ်ငန်းများ၊ C.H သံပေါင်သယ်ယူခြင်း၊ တံတားလုပ်ငန်းများ၊ အုတ်မြစ်လုပ်ငန်းများ၊ ပိုင်ထိပ်အုပ် (Cap) လုပ်ငန်းများ၊ ကမ်းကပ်ခုံလုပ်ငန်း များ ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ တံတားတစ်စင်းလုံး၏ ၆၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း။

ကျန်ရှိနေသောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေကျပ် ၃၄၀ သန်း ထပ်မံလိုအပ်မည်ဖြစ်ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မူလရန်ပုံငွေမှာ ကျပ်သန်း ၂၀၀ တင်ပြထားပြီး ကျန်လုပ်ငန်းများအား ဖြည့်စွက်ရန်ပုံငွေ ထပ်မံတင်ပြ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။