(ဂ)-ညောင်ဦးမြို့နယ်၊ငါ့သယောက်မြို့ရှိဘုရားဝတ္တ ကမြေပေါ်တွင် ဆောက်ထားသောကျူးကျော်အိမ်များ အတွက် မြေနေရာ အစားပေးနိုင်၊မပေးနိုင်နှင့်မူလ ဝတ္တကမြေအနေအထားအတိုင်း ဖြစ်စေရန်ဖယ် ရှားပေးခြင်း ပြုနိုင်၊ မပြုနိုင်သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၈)ရက်မြောက်နေ့ (၁၉.၅.၂၀၁၅)

ဦးအောင်ကြိုင် (ညောင်ဦး)မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သယောက်မြို့ရှိ ပုဂံဗိုလ်ချိုကောင်းမှု ကျောက်စေတီ၏ ၁၃.၆ ဧကသည် ဝတ္တကမြေဖြစ်ကြောင်း၊ ဒေသခံပုဂ္ဂိုလ် (၄)ဦးနှင့် ဆက်စပ်ထန်းသိမ်းစောင့်ရှောက်လာခဲ့သော ဆရာတော်များ မှထောက်ခံစာ များနှင့်တကွတင်ပြလာပါသည်။ ဒေသခံသြဝါဒစရိယ ဆရာတော်များ၊ ဂေါပကအဖွဲ့ များ၊ ဒေသခံ ပုဂ္ဂိုလ်များက ကျူးကျော်အိမ်များတစ်စတစ်စတိုး၍ ဆောက်လုပ်လာကြ သည်ကို ဒေသခံပြည်သူများ မကျေမနပ်ဖြစ်နေကြပါကြောင်း၊ မေးမြန်းလိုသည်မှာ (၁) ဘုရားဝတ္တက မြေ‌ပေါ်တွင် လျှောက်ထားသော ကျူးကျော်အိမ်များအတွက် မြေနေရာအစားပေးနိုင်ခြင်း ရှိ/မရှိနှင့် (၂) ကျူးကျော် အိမ်များကို မူလဝတ္တက မြေအနေအထား အတိုင်းဖြစ်စေရန် ဖယ်ရှားပေးခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန(၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန(၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း မြေဧရိယာ(၁၃.၀၆)ဧကတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သယောက်မြို့ရှိ ပုဂံဗိုလ်ချို ကောင်းမှု ဝတ္တကမြေဖြစ်ပြီး ဧရိယာ(၁၃.၆)ဧက၊ ကွင်းအမှတ် (၁၄၇၅)၊ ထန်းတောငယ်ကွင်း ဖြစ်ပါကြောင်း၊ အဆိုပါမြေများသည် ငါ့သရောက်မြို့မဖွဲ့စည်းမီ ၂၀၀၃ ခုနှစ်တွင် ပြန်လည်တိုင်းတာသည့် စာရင်း မြေပုံများအရ မြေကွက်အမှတ်(၂၈)မှ ဧရိယာ(၂.၆၀)ဧကနှင့် မြေကွက်အမှတ်(၃၀)မှ မြေဧရိယာ (ဝ.၁၄) ဧကတို့မှာ စိုက်ပျိုးနိုင်သောမြေရိုင်းများ၊ မြေကွက် အမှတ်(၃၉)မှ ဧရိယာ(၁.၂၅) ဧကမှာ လမ်းမြေများ၊ မြေကွက်အမှတ်(၄၀)တွင် ဧရိယာ(၁.၈၉)ဧက၊ ‌မြေကွက် အမှတ်(၄၁)မှ ဧရိယာ (၂.၄၉)ဧကနှင့် မြေကွက်အမှတ်(၃၁)တွင် ဧရိယာ(၂.၅၀)ဧကတို့မှာ အခြားအဆောက် အဦမြေများ၊ မြေကွက်အမှတ်(၂၉) တွင် ဧရိယာ(ဝ.၁၄)ဧကမှာ မြစ်ချောင်းနှင့်ရေအောက်မြေ များဖြစ်ကြောင်း တွေ့ရှိ ရပါကြောင်း၊ စုစုပေါင်း မြေဧရိယာ(၁၁.၀၁)ဧကတွင် မြေရိုင်းနှင့် (OA)မြေများဖြစ်ပြီး ၎င်းမြေများမှာ အိမ်ခြေ(၂၁)လုံးနှင့် ဘုရားပွဲဇာတ်ရုံအဆောက်အဦ(၁)လုံးဆောက်လုပ်ထားပါကြောင်း၊ ဦးပိုင်အမှတ်(၃)၊ မြေကွက်အမှတ် (၃၂) မှ ဧရိယာ(၂.၀၅)ဧကတွင် ယာမြေများဖြစ်ပြီး ၎င်းမြေနေရာကို ဘုရားမြေနေရာအဖြစ် အသုံးပြုထားပါကြောင်း၊

အထက်ပါမြေဧရိယာ(၁၃.၀၆)ဧကသည် သာသနာပိုင်မြေအဖြစ် အမိန့်ချမှတ်ထားခြင်းမရှိသော်လည်း မြို့နယ်နိမိတ်သတ်မှတ်ရာတွင် မြို့နယ်ဧရိယာအတွင်းပါဝင်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ၎င်းမြေဧရိယာ (၁၃.၀၆) ဧကအတွင်း လွန်ခဲ့သောနှစ် (၅၀) ခန့်က အဆောက်အဦများ အခိုင်အမာဆောက်လုပ် နေထိုင်ခဲ့ပါသဖြင့် ဖယ်ရှားမည်ဆိုပါက အခက်အခဲများရှိနိုင်ပါကြောင်း စိစစ်တွေ့ရှိရပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။