အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အသေး စား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၁၊ ၂/၂၀၁၁နှင့် မြန်မာ့အသေးစား ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး လုပ်ငန်း ညွှန်ကြားချက်အမှတ် ၁/၂၀၁၁ တို့ဖြင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း အမျိုးအစားအလိုက် အပ်ငွေလက်ခံခြင်းမပြုသည့် အဖွဲ့အစည်း၊ အပ်ငွေလက်ခံသည့် အဖွဲ့အစည်းတို့ဖြင့် လုပ်ထုံးလုပ်နည်းအပိုဒ် ၂၅ အရ လျှောက်ထားနိုင်သည့် အဖွဲ့အစည်းအသီးသီးက ဥပဒေနှင့်အညီ လိုင်စင်ရ ယူ ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အချို့သောကုမ္ပဏီများသာ လုပ်ငန်းလိုင်စင်များဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မ တီ ညွှန်ကြားချက်အမှတ် ၁/၂၀၁၁ အပိုဒ် ၅၊ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲငယ် (၁)တွင် သတ်မှတ်အတိုးနှုန်းများဖြစ်သည့် ကျပ် ၁၀၀ လျှင် တစ်လ ၂ ကျပ်၊ ပြား ၅၀၊ တစ်နှစ်လျှင် ၃၀ ကျပ်နှုန်းထက်ပိုမိုသော အတိုးနှုန်းများသတ်မှတ်ထားသော်လည်း ပြည်သူလူထုကို ငွေတိုးပေးစားပြီး အသေးစားငွေရေးကြေးရေး လုပ်ငန်းလိုင်စင်ကို အကာအကွယ်ပြု အသုံးချဆောင်ရွက်နေပြီး လစဉ် အစီရင်ခံစာများကို လိမ်လည်၍ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အသေးစား ငွေရေးကြေးရေး လုပ်ငန်းလိုင်စင်များကို ငွေတိုးချေးစားခွင့်ရလိုင်စင်ကဲ့သို့ ပြည်သူများအပေါ် နည်းမျိုးစုံအသုံးချပြီး အတိုးနှုန်းများစွာဖြင့် ငွေတိုးပေးစားနေကြသော လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တို့အား မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပါမည်နည်း။
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းအပေါ်မည်သည့် အတိုင်းအတာထိ အထောက်အကူပြုဆောင် ရွက်နိုင်ပေးမည်နည်း။
တာဝန်ရှိသူများက လုပ်ငန်းလိုင်စင်အရ ကုပ္မဏီများကို သက်ဆိုင်ရာရုံးများမှ လစဉ်ပေးပို့သည့် အစီရင်ခံစာတွင် ပါရှိသည့်အတိုင်း စည်းမရှိစစ်ဆေးခြင်းနှင့် အခြားစစ်ဆေးမှုများကို (၁) နှစ်လျှင် အကြိမ်မည်မျှ စစ်ဆေးခဲ့သည်နှင့် မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်း ညွှန်ကြားချက်အမှတ် ၁/၂၀၁၁ နှင့်အညီ လိုင်စင်ရအဖွဲ့အစည်းအသီးသီးက တိကျစွာ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ မရှိခဲ့လျှင် မည်ကဲ့သို့ အရေးယူဆောင်ရွက်မှုများရှိခဲ့သည်နှင့် အရေးယူဆောင် ရွက်မှု စုစုပေါင်းမည်မျှ ရှိခဲ့သည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆင်းရဲမှုလျော့ချရေးကို ရည်မှန်းပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ပိုင် ခွင့်လိုင်စင်ကို ၃၀-၁၁-၂၀၁၁ ရက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃ ဖြစ် သည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေနှင့်အညီ ထုတ်ပေးခဲ့ပါကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရသူများသည် အသေး စား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ဆ) အရ သတ်မှတ် ထုတ်ပြန်ထားသော ချေးငွေအပေါ် ကောက်ခံသည့် ကျပ် ၁၀၀ လျှင် အတိုးနှုန်း တစ်လ ၂.၅ ကျပ်၊ တစ်နှစ် ၃၀ ကျပ်ထက်မပိုသော နှုန်းထားကိုသာ ရယူရမည်ဖြစ် ပါကြောင်း၊ ယင်းထက်ပိုသော အတိုးနှုန်းကို ရယူမည်ဆိုပါက အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ(င)အရ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ဖျက်သိမ်းခြင်း ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ဖျက်သိမ်းပြီးနောက် အသေးစား ငွေရေးကြေးရေးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ ငွေဒဏ်ဖြစ်စေ၊ ၅ နှစ်ထက်မ ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်လုံးဖြစ်စေ ချမှတ်အရေးယူ ဆောင်ရွက်သွားနိုင်ပါကြောင်း။
နေပြည်တော်ကောင်စီ၊ တိုင်ဒေသကြီးနှင့်ပြည်နယ် ၁၅ ခုရှိ မြန်မာအသေးစား ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးလုပ်ငန်းအဖွဲ့များမှ ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ၃၁ ဖွဲ့၊ ဖွဲ့စည်းပြီး သတ်မှတ်စည်းကမ်း များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ၈၇ ကြိမ်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်၂၈၃ ကြိမ် စစ်ဆေးနိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုပမာဏကြီးမားသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအား တိုင်းဒေသကြီး/ပြည်နယ်များတွင် တစ်ခုထက်ပို၍ ဆောင် ရွက်နေသဖြင့် စစ်ဆေးခံရမည့် အသေးစားငွေရေးကြေးရေးအဖွဲ့ခွဲ အရေအတွက်သည် စုစုပေါင်း ၃၂၆ ဖွဲ့ရှိပါကြောင်း၊ ထို့ကြောင့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ရုံးချုပ်နှင့် အဓိကကျသော ရုံးခွဲ များကို ရွေးချယ်စစ်ဆေးလျက် ရှိပါကြောင်း၊ စစ်ဆေးရာတွင် အတိုးနှုန်းပိုမိုခြင်းမရှိသော်လည်း အတိုးတွက်ချက်ရာတွင် ချေးငွေပမာဏအပေါ် ကျသင့်အတိုးကို ချေးငွေပြန်လည်ပေးဆပ် မှုကြောင့် လျော့နည်းသွားခြင်းကို ထည့်သွင်းစဉ်းစားမှုမပြုဘဲ ပုံသေတွက် ချက် ကောက်ခံနေခြင်းများကို စစ်ဆေးတွေ့ရှိရပါကြောင်း။
အတိုးတွက်ချက်ရာတွင် ချေးငွေပြန်လည်ပေးဆပ်မှုကြောင့် လျော့နည်းသွားသည့် ချေးငွေပမာဏအပေါ် မှန်ကန်စွာ တွက်ချက်ကောက်ခံမှုရှိ/မရှိကို စနစ်တကျ ကြပ်မတ်စစ်ဆေးရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း စစ်ဆေးရေး အဖွဲ့များကို ညွှန်ကြားချက် ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ ယခင်အတိုင်း ဆက်လက်ကောက်ခံခြင်းကို ထပ်မံစစ်ဆေးတွေ့ရပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၄၄၊ ပုဒ်မ ၅၇ တို့အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး လုပ်ငန်းညွှန်ကြားချက် အမှတ် ၁/၂၀၁၁ နှင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများတွင် ထိန်းသိမ်းထားရှိသည့် စာရင်းဇယားပုံစံများကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိကိုလည်း စစ်ဆေးပါကြောင်း၊ စာရင်းဇယားပုံစံ ကွဲပြားစေကာမူ သဘောအဘာဝချင်းတူပြီး စစ်ဆေးခံနိုင်သည့် စာရင်းဇယားများကို လက်ခံ စစ်ဆေးပြီး သတိပေးခြင်း၊ ပညာပေး ပြုပြင်ပြောင်းလဲလုပ်ဆောင်စေလျက်ရှိပြီး ယနေ့အချိန်အထိ ညွှန်ကြား ချက် ၁/၂၀၁၁ နှင့်ပတ်သက်၍ သီးခြားအရေးယူဆောင်ရွက်မှုများ မရှိသေးပါကြောင်း။
အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအပေါ် မည်သည့်အတိုင်းအတာထိ အထောက်အကူပြု ဆောင်ရွက်နိုင်ပေးမည်နှင့်စပ်လျဉ်း၍ လိုင်စင် ထုတ်ပေး ထား သော အဖွဲ့အစည်းအရေအတွက်၊ အသင်းသားအရေအတွက်၊ ထုတ်ချေးငွေ၊ လုပ်ငန်းဆောင်ရွက်သော နယ်မြေဒေသတို့ကို ကြည့်ခြင်းဖြင့် ခန့်မှန်းသိရှိနိုင်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းခဲ့သော ၃၀-၁၁-၂၀၁၁ ရက်နေ့မှစ၍ ယနေ့အထိ (၂) နှစ်ကျော်ကာလအတွင်း အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ၁၈၉ ဖွဲ့ကို ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ စုစုပေါင်းအသင်းသားဦးရေ ၈၀၂၂၅၈ ဦးနှင့် စုစုပေါင်း ထုတ်ချေးငွေကျပ် ၁၄၉၀၆၅.၄၇ သန်းရှိပြီး ၁၈၂ မြို့နယ်တွင် ချေးငွေလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထိုဆောင်ရွက်နိုင်မှုများကို ကြည့်ခြင်းအားဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းသည် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ဆင်းရဲမှုလျော့ချရေးကို အထောက်အကူပြုကြောင်းနှင့် ယခုထက်ပိုမိုပြီး စနစ်တကျရှိစေရန် သက်ဆိုင်ရာဌာနမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းထွန်းဦး (အမရပူရ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုဒုတိယ ဝန်ကြီးဖြေကြားသွားရာတွင် လုပ်ငန်းအားလုံးကို စစ်ဆေးနိုင်သည့် အခြေအနေမရှိသေး သည်ကို တွေ့မြင်ရပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဝန်ထမ်းအရေးအတွက် နည်းပါးခြင်းကြောင့် ဖြစ်သည့် အတွက် လိုအပ်သော ဝန်ထမ်းများကို တိုးချဲ့ဖွဲ့စည်းပြီး ထပ်မံစစ်ဆေးနိုင်မှုရှိ/မရှိ၊ ထိုသို့ စစ်ဆေးရာတွင် လည်း အတိုးနှုန်းမှန်ကန်မှု ရှိ/မရှိကိုသိရှိရန် သက်ဆိုင်သူများနှင့် အသင်းသားများအထိ တွေ့ဆုံမေးမြန်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
မိမိတို့အနေဖြင့် လုပ်ငန်းအားလုံးကို စစ်ဆေးနိုင်သည်အထိ လိုအပ်သောဝန်ထမ်းများကို တိုးချဲ့ဖွဲ့စည်း ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိဌာနဖွဲ့စည်းပုံသည် မြန်မာ့အသေး စား ငွေရေးကြေးရေးလုပ်ငန်းနှင့် ချေးငွေလုပ်ငန် (၂) ခုလုံးအတွက် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ အသေးစားချေးငွေလုပ်ငန်း အခြေခံဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းသို့ ဖွဲ့စည်းပုံပြင်ဆင်တင်ပြပြီး လိုအပ်သော ဝန်ထမ်းများကိုလည်း ပြည့်ဝစွာဖွဲ့စည်းရန်တပါတည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အတိုးနှုန်း တွက်ချက်စစ်ဆေးရန်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအသစ်ကျပြီးချိန်တွင် ထပ်မံဖြည့်တင်းထားသော ဝန်ထမ်းအင်အားများဖြင့် အတိုးနှုန်းများကိုပါ မှန်ကန်ခြင်းရှိ/မရှိ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
