၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဘဏ္ဍာငွေဖြင့် မိမိတို့တောင်ဥက္ကလာပမြို့နယ်ကို ကျောင်းဆောင် ၁၄ ဆောင် ဆောက်လုပ်ခွင့်ရရှိခဲ့ပါကြောင်း၊ အဆိုပါကျောင်းဆောင်များနှင့် အမှတ်(၄) အထက်တန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ၁၉၀ ပေ ၃၀ RC နှစ်ထပ်ကျောင်းဆောင်၏ Foundation တည်ဆောက်မှုကို မြို့နယ်အရည်အသွေးစစ်ဆေးရေး ကုမ္ပဏီမှ ၁၃-၁၂-၂၀၁၄ ရက်နေ့တွင် စစ်ဆေးသည့်အခါတွင် Foundation မှာ Ground Beam မပါရှိခြင်း၊ Foundation လိုင်းများမှ ၁၈ လက်မ အုတ်ကျိုးများစီရမည့်အစား သဲအိတ်များစီပြီး ဆောင်ရွက်ထားခြင်းများ တွေ့ရှိရပါကြောင်း၊ ဆောက်လုပ်သည့် မြေနေရာတွင် ကန်စွန်းခင်းမြေပျော့ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲမှုမရှိပဲ ပြိုပျက်သွားမည်ဟု သုံးသပ်ရပါကြောင်း၊ မေးခွန်း(၁) ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဆောက်လုပ်သည့် ကျောင်းဆောင်များအား ကန်ထရိုက်ရရှိသည့် ကုမ္ပဏီများမှ ဆောက်လုပ်ရာတွင် ဆောက်လုပ်သည့် ကျောင်းဆောင်များ၏ အရည်အသွေးကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ မည်ကဲ့သို့ကြပ်မတ် စစ်ဆေးပြီး၊ မည်ကဲ့သို့တာဝန်ယူမည်ကို သိလိုပါကြောင်း၊ မေးခွန်း(၂) အသစ်ဆောက်လုပ်သည့် ကျောင်း ဆောင်များ၏သက်တမ်းကို မည်မျှသတ်မှတ်သည်ကိုလည်းသိလိုပါကြောင်း၊ မေးခွန်း(၃) အရည်အသွေး မပြည့်မီသော Foundation မှပြုလုပ်သည့် ကုမ္ပဏီများကို Black List သွင်းခြင်း၊ သက်တမ်းပြန်လည် အပ်နှံစေခြင်း စသည့်အရေးယူခြင်းမျိုး ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်းအတွင်း ၁၉၀ x ၃၀ ပေ၊ RC နှစ်ထပ်ကျောင်းဆောင်နှင့်ပတ်သက်၍ အဆိုပါကျောင်း ဆောက်လုပ်လျက်ရှိသည့် နေရာကို အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် မိဘဆရာအသင်းမှ မြေနေရာရရှိမှု အခြေအနေပေါ်မူတည်၍ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် မြေပျော့ဖြစ်သည့်အတွက် မြေထိန်းနံရံပြုလုပ်နိုင်ရန် သဲအိတ်ခင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
အဆိုပါကျောင်းဆောက်လုပ်နေမှုကို ၂၀-၁၂-၂၀၁၄ ရက်နေ့တွင် အခြေခံပညာဦးစီးဌာနမှ အင်ဂျင်နီယာအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။ ၁-၁-၂၀၁၅ ရက်နေ့တွင် ထပ်မံသွားရောက် စစ်ဆေးခဲ့ပြီး သဲအိတ်များကို ဖယ်ရှားရန်၊ ၁၈ လက်မအုတ်ရိုးပြန်စီရန်၊ Ground Beam ပြန်ထည့်ရန် မှာကြားခဲ့ပြီး ၁၄-၁-၂၀၁၅ ရက်နေ့မှစတင်၍ လုပ်ငန်းများပြန်လည်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ပါကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်သည့် ကုမ္ပဏီများကို လုပ်ငန်းအပ်နှံရာတွင် လုပ်ငန်းတန်ဖိုး၊ အသေးစိတ် Drawing၊ သတ်မှတ်စံချိန် စံညွှန်းများ ထည့်သွင်း၍ စာချုပ်ချုပ်ဆိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ ငွေထုတ်ယူသည့် အရစ်တိုင်း အဆောက်အဦ အရည်အသွေးပြည့်မီရေးကို လုပ်ငန်းအမျိုးအစားအလိုက် အရည်အသွေး စစ်ဆေးရေးအဖွဲ့များဖြင့် Drawing ပါပုံစံနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက် ပါကြောင်း၊ အုတ်ညှပ်ကျောင်းဆောင်များအတွက် အရည်အသွေးစစ်ဆေးရာတွင် စစ်ဆေးရမည့်အချက် အလက်အသေးစိတ်ပုံစံများ Check List ပေးပို့ထားပြီး မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်၊ ကျောင်းအုပ်ကြီးတို့မှ စစ်ဆေးပါသည်။ RCC ကျောင်းဆောင်များအတွက် အရည်အသွေးစစ်ဆေးရာတွင် စစ်ဆေးရမည့်အချက်အလက် အသေးစိတ်ပုံစံများကို ပေးပို့ထားပြီး ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးတော်ဆောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လက်ထောက် မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အင်ဂျင်နီယာတို့မှ အဆင့်လိုက်စစ်ဆေးပြီး ကြီးကြပ်မှု၊ တာဝန်ယူမှုများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းဆောင်များအား ဖျက်သိမ်း၍ အသစ်ဆောက်လုပ်လိုပါကြောင်း တင်ပြလာသည့် ကျောင်းများ၏သက်တမ်းကို သစ်သားဆောင် ၁၀ နှစ်၊ အုတ်ညှပ်ဆောင် ၂၀ နှစ် နှင့် RCC ကျောင်းဆောင် ၅၀ နှစ်သက်မှတ်ပါကြောင်း၊ စံချိန်စံညွှန်းမပြည့်မီသော ပစ္စည်းများဖြင့်တည်ဆောက်ခြင်း၊ တင်ပြထားသော အရည်အတွက်ထက်လျော့၍ တည်ဆောက်ခြင်းများအား ဆောက်လုပ်သည့် ကုမ္ပဏီများမှ ပြန်လည်အစားထိုးပြင်ဆင်ပေးရန်၊ လုပ်ငန်းလက်ခံသူမှ တာဝန်ယူခြင်း၊ စာချုပ်စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းမဆောင်ရွက်နိုင်ခြင်းနှင့် စာချုပ်စည်းကမ်း ဖောက်ဖျက်ပါက အခြားသင့်တော်သူများ လုပ်ငန်းအပ်နှံသူက အစားထိုး လုပ်ကိုင်စေခြင်း၊ နာမည်ပျက်စာရင်းထည့်သွင်းကြေညာခြင်း၊ ဥပဒေအရတရားစွဲဆိုခြင်းများကို ခံယူရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးမပြည့်မီသော Foundation များပြုလုပ်သည့် ကုမ္ပဏီများအား Black List စာရင်းသွင်းခြင်း၊ လုပ်ငန်းကို ပြန်လည်အပ်နှံစေခြင်းစသည့် အရေးယူမှုများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
