(ဃ)-မာန်အောင်မြို့နယ်တွင် မွေးမြူရေး၊ ရေလုပ် ငန်းဘဏ်ခွဲ သို့မဟုတ် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဘဏ်ခွဲနှင့် အခြားပုဂ္ဂလိက ဘဏ်ခွဲ တစ်ခုခုဖွင့်လှစ် ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၇)ရက်မြောက်နေ့ (၃.၆.၂၀၁၅)

ဦးအောင်စိန် (မာန်အောင်)မာန်အောင်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုသာ ရှိသည့်အတွက် လစာငွေများ၊ ဘဏ်စုငွေများ၊ ပင်စင်များအပြင် တင်ဒါစနစ်ဖြင့် တည်ဆောက်နေသော ကုမ္ပဏီများမှာ လမ်း၊ တံတား၊ လေယာဉ်ကွင်း၊ ကျောင်းများအပြင် မြို့တော်ခန်းမ၊ လှည်းကူးဆိပ်ကမ်းတံတားနှင့် ဌာနဆိုင်ရာအဆောက်အဦးများပါ ဆောက်လုပ်နေကြရာ ဘဏ်ခွဲတစ်ခုတည်းနှင့် မနိုင်မနင်းဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မာန်အောင်မြို့တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်ခွဲ သို့မဟုတ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဘဏ်ခွဲ သို့မဟုတ် အခြားပုဂ္ဂလိကဘဏ်တစ်ခုခု ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် လီမီတက်ကို နေပြည်တော်တွင် ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲတစ်ခု၊ ရန်ကုန်မြို့တွင် ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်တွင် ဘဏ်ခွဲတစ်ခု၊ မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးဘဏ်ခွဲတစ်ခုတို့ကို ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့များတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသောကြောင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်သည် လတ်တလောတွင် မာန်အောင်မြို့၌ ဘဏ်ခွဲဖွင့်လှစ်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ မြို့နယ်ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ထားရှိပြီး ချေးငွေလုပ်ငန်း၊ စုဆောင်းမှု အပ်ငွေလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်အဆက်ဆက် မာန်အောင်မြို့နယ်တွင် ချေးငွေလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မိုးချေးငွေအဖြစ် ကျေးရွာအုပ်စု ၃၈ အုပ်စုမှ တောင်သူလယ်သမားပေါင်း ၆၂၉၃ ဦးကို ချေးငွေကျပ် ၂၃၈၀ သန်းနှင့် ၂၀၁၄ ဆောင်းချေးငွေအဖြစ် ကျေးရွာအုပ်စု ၃၁ အုပ်စုမှ တောင်သူလယ်သမားပေါင်း ၃၁၉၅ ဦးကို ချေးငွေကျပ် ၂၃၀.၀၂ သန်း ထုတ်ချေးပြီးဖြစ်ပါကြောင်း၊ လယ်သမားများ၏ ငွေစုဆောင်းအပ်နှံရေးလုပ်ငန်းမှာလည်း ငွေစုဆောင်းသူ ၁၁၈၇၇ ဦး၏ စုဆောင်းအပ်နှံငွေပေါင်း ကျပ်  ၂၈.၈၆ သန်းရှိပြီး ငွေသွင်း/ငွေထုတ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းလုပ်ငန်းကိုသာ အဓိကထားဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဖွင့်လှစ်ဆောင်ရွက်ထားပြီး ဖြစ်သည့် ဘဏ်ခွဲတစ်ခုနှင့်ပင် လုံလောက်မှုရှိပါကြောင်း။

မြန်မာနိုင်ငံဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို မေးမြန်းသည့်အခါ ပုဂ္ဂလိကဘဏ်များအနက်မှ သမဝါယမဘဏ်လီမီတက်က မာန်အောင်မြို့နယ်တွင် ဘဏ်ခွဲသစ်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကမ္ဘာ့ရတနာဘဏ်လီမီတက်သည်လည်း အခြားဘဏ်များ ဖွင့်လှစ်ထားခြင်း မရှိပါက ဘဏ်ခွဲဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်း၊ မြန်မာ့အသေးစားငွေရေးကြေးရေးဘဏ်လီမီတက်သည် ယခုဖွင့်လှစ်ရန် အစီအစဉ်မရှိသေးသော်လည်း နောင်တွင်ဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်း၊ ကမ္ဘောဇဘဏ်လီမီတက်သည် ၂၁၀၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲကြီးအသစ်တစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ကျန်ပုဂ္ဂလိကဘဏ်များသည် လတ်တလောအချိန်တွင် ဘဏ်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားထားပါကြောင်း၊ ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များ မြို့ကြီးပြကြီးများတွင် ဘဏ်ခွဲများ စုပြုံဖွင့်လှစ်ခြင်းမပြုလုပ်ဘဲ ကျေးလက်ပြည်သူများနှင့် နီးစပ်သည့် မြို့ငယ်များ၊ ဝေးလံသည့် နယ်စပ်ဒေသမြို့များ စသည်တို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်ဆောင်ရွက်ကြရန်  အစဉ်တစိုက် တိုက်တွန်းအားပေးလျက်ရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ဘဏ်ခွဲဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အစီအစဉ်ရှိကြောင်း ဖြေကြားထားသည့် ပုဂ္ဂလိကဘဏ်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဗဟိုဘဏ်အနေဖြင့် တိုက်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။